လူစားခြင်း (အပိုင်း - ၁)

လူစားခြင်း (အပိုင်း – ၁)

လူစားခြင်း (အပိုင်း – ၁)

“တစ်ခါဖြင့် ခက်ကြပြီ ကိုသာအောင်ရေ့၊ ကျွန်မတို့သားအမိတစ်တွေမှာ သူမှမရှိလျှင် အကျိုးကြီး နည်းကရောပေါ့၊ ကြည့်လုပ်ပေးပါဦး” ဟု မျက်ရည်စက်လက်နှင့် မိဖော့က ဆယ်အိမ်မှူးကို ပြောလိုက်၏။

“ခက်ထာပဲ မိဖော့ရယ်၊ ငါလဲ ဆယ်အိမ်မှူးတို့၊ ရာအိမ်မှူးတို့ဆိုတာ မလွှဲသာလို့ ဝင်လုပ်ရတာပါဟယ်၊ ငါ ဘာမျှမသိပါဘူး၊ ပုလိပ်တွေနဲ့ ဂျပန်တွေ ရွာဝင်လာပြီး မင်းတို့ဆီက ချွေးတပ်အတွက် လူအစိတ် ပေးရမယ်ဆိုပြီး ငါ့ခေါ်သွားလို့ လိုက်လာတာပဲ။ မင်းတို့ကို ငါက သတိပေးဖို့ရာမှာ နင့်လင်ကိုက ပုလိပ်တွေရှိရာ ပြေးတာကိုးဟဲ့”

“သူလဲ ကျွန်မက ဆွဲထားပါရဲ့၊ ဂျပန်လို့ ကြားတာနဲ့ သွေးရူးသွေးတန်း ဖြစ်သွားတာပဲ၊ အဲဒါ ကြည့်လုပ်ပါဦး”

“နေဦးဟဲ့၊ သူတို့နဲ့အတူ ဗမာစကားပြန်တစ်ယောက် ပါလာတယ်။ အရင်ကတော့ နင်တို့ ကွင်းထဲမှာ သခင် ဥက္ကဋ္ဌဆိုလား၊ ဘာဆိုလားပဲ”

မိဖော့က ဖြိုးတုပ်များ ဖြစ်နေမလားဟု တွေး၍ ပူမိ၏။ သို့သော် ကိုသာအောင် ညွှန်ရာသို့ပင် သွားရချေမည်။ ဖြိုးတုပ်ပင် ဖြစ်စေကာမူ ခြေသလုံး ဖက်သင့်က ဖက်မည်။

ချွေးတပ်မှ ဂျပန်မှာ ထိုအချိန်အခါတွင် ကျေးရွာစာသင်ကျောင်းကို ဗိုလ်တဲ ပြုလုပ်ကာ၊ အဖော် ဂျပန်တစ်ယောက်နှင့် တည်းခိုနေသည်။ သူတို့နှစ်ဦးအား ဆေးပေးမီးယူ ခြေသည်းလက်သည်း လုပ်နေရသူမှာ ဖြိုးတုပ်ပင် ဖြစ်သည်။

မိဖော့လည်း ဖြိုးတုပ်ကို မြင်သော် မျက်နှာချို သွေးရလေသည်။ ဖြိုးတုပ်က အကြံအောင်သော မျက်နှာထားဖြင့် “ဘာကိစ္စ လာသတုံးဗျ” ဟု ပြုံးပြုံးကြီး ဆီးမေးသည်။ မိဖော့က “ကိုဖြိုးတုပ်ကယ်၊ ပြီးခဲ့တာတွေ ဘယ်လိုမှ မအောက်မေ့ပါနှင့်နော်။ ကျွန်မတို့ သားအမိတစ်တွေကို ကယ်ပါ၊ ရှင်လဲ ဗမာပဲရှင်၊ ကျွန်မတို့ကို ကယ်သင့်ပါတယ်” ဟု အသနားခံ၏။

ဖြိုးတုပ်က သူ ကြည့်လုပ်ပါမည်ဟု ပြောသည်။ ဗိုလ်ကြီး မာ့စတားက သဘောကောင်းပါသည်။ ငဘ၌ သားသမီးများ ရှိလျှင် သားသမီးများက ကိုယ်တိုင်လာ၍ ကျွန်တော် ကျွန်မတို့အဖေ တစ်ယောက်တည်းကိုသာ မှီခိုရပါသည်ဟု သနားလောက်အောင် ပြောလျှင် လွတ်နိုင်ပါသည်။

မိဖော့က သည်အကြံသည် အကြံကောင်းဖြစ်သည်ဟု ယုံကြည်လိုက်သည်။ သည်လိုဆိုလျှင် မိနီကို ခေါ်လာလျှင် မကောင်းပေဘူးလား။

ဖြိုးတုပ်က အချိုရှာတုန်း ထန်းလျက်အိုးထဲ မှောက်လျက်လဲသည့် အမူအရာကို မိဖော့ မရိပ်မိရအောင် မျိုသိပ်လျက် “ကောင်းသားပဲ” ဟု ဆို၏။

“ဗိုလ်ကြီးမာ့စတားက ညနေ ငါးနာရီလောက်ဆိုရင် ထမင်းစားတယ်။ အဲဒီတော့ ခြောက်နာရီ၊ ခုနစ်နာရီ၊ မှောင်လောက်မှ လာတာပေါ့”

မိဖော့လည်း အိမ်သို့ပြန်၍၊ မိနီကို အကျိုးအကြောင်း ပြော၏။ ညနေ မမှောင့်တမှောင်တွင် နို့စို့ကလေးကို ခါးထစ်ခွင်တွင် ချီကာ မိနီနှင့်အတူ သားအမိနှစ်ယောက် ဖြိုးတုပ်ထံ လာလေသည်။ ဖြိုးတုပ်က သူတို့သားအမိကို ကျောင်းအောက်၌ အစောင့်ခိုင်းထားသည်။ သူကမူကား ဂျပန်တွေနှင့် စကားပြောနေသည်။ မိဖော့က စောင့်ရတာ ခြေသလုံးတောင့်လှပြီဟု ညည်း၏။ မိနီက “အမေရယ်၊ ဒီလောက်မှောင်မှ ဟန်ပါ့မလား။ ကျွန်မဖြင့် ရင်ထဲက ဖိုနေတာပဲ” ဟု မဦးမချွတ် ပြော၏။

မိဖော့က သည်တော့မှ တွေးမိသည်။ အချိန်မရှိတုန်းမှာ ဂျပန်ဆီရောက်လို့ ဂျပန်က သမီးကို ဆွဲထားလျှင် ဘယ့်နှယ်နေမလဲ။ သြော်….လယ်သမား သားသမီးဆိုတော့ အနှိပ်စက် တယ်ခံရပါကလား။ သည်လောက်လဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူးလေ။ ငါ အရာရှိသားပဲ။ ကိုငဘ လွတ်ဖို့က အင်မတန် အရေးကြီးတယ်။ အဖမ်းခံရတုန်းက သူ့မျက်နှာကလေးက သေလို့၊ ကင်းဂတ်ထဲမှာ ချုပ်ထားတာ မြင်ရပြန်တော့လဲ မျက်နှာငယ်ကလေးနဲ့။ ဟယ်….နတ်ကောင်းနတ်မြတ်တွေ အရှိသေးသားပဲ။

“အမေရယ်၊ ကျွန်မတော့ သိပ် စိတ်လေးတာပဲ” ဟူသော မိနီ၏ စကားသည် မိဖော့၏ နှလုံးသားတို့ကို ဆွဲ၍ ဆောင့်လိုက်၏။

“ဒီလောက်တောင် ဖြစ်လှတယ်၊ သမီး ထ-ထ….သွားမယ်” ဟု မိဖော့က ကောက်ကာ ငင်ကာ ပြောလိုက်၏။

သားအမိနှစ်ယောက် ထလိုက်၏။ လှေကားမှ ကျွိကျွိ မြည်သံကြားပြီး ဘွားခနဲ လူတစ်ယောက် ပေါ်လာသည်။ မိဖော့တို့သားအမိ တစ္ဆေအခြောက်ခံရသလို ခေါင်းနားပမ်း ကြီးသွားသည်။ လူကိုသေချာစွာ ကြည့်သော် ဖြိုးတုပ် ဖြစ်နေသည်။ သူ့ပါးစပ်က ဆာကေနံ့ လှိုင်နေသည်။

မိဖော့က သမီးကလေးလက်ကို တုတ်ဆွဲပြီး ကျောင်းအောက်က ထွက်ပြေးမည် ပြု၏။

“ဟဲ့-ဒါ ဘာလုပ်တာလဲ ဟင်၊ နင် ဒီလိုလုပ်ရင် ဂျပန်တွေ စိတ်ဆိုးလို့ တစ်မျိုးလုံး သေကုန်လိမ့်မယ်၊ လာ-မိနီ၊ နင့်အမေ အောက်က စောင့်နေလိမ့်မယ်။ ခဏကြာရင် ပြန်ရမှာပဲ၊ အခု ဂျပန်ကြီးက နင့်အဖေအကြောင်း စစ်ကြည့်မလို့တဲ့” ဟု ဖြိုးတုပ်က ပြောပြောဆိုဆိုနှင့် မိနီကို လက်ဆွဲကာ ကျောင်းပေါ် တက်သွားလေ၏။

မိဖော့ကား ကျောင်းအောက်တွင် အမှောင်ကို အဖော်ပြုကာ ကျန်ခဲ့လေ၏။

တန်ဆောင်မုန်း၊ နတ်တော်၊ ကောက်လှော် စားသော ရာသီတွင် ကောင်းကင်ပြင်၌ မိုးရိပ် တိမ်ရိပ် နှင်းရိပ်ကလေးတွေက မကင်းသေး။ လ,ကလည်း ကွယ်ဖို့ သုံးရက်မျှပဲ လိုတော့သည်ထင့်။ ရွာတန်းရှည်ကြီးမှလည်း ခေတ်ပျက်ကြီးတွင် ရေနံဆီ ဝင်အောင် မထွန်းရသေးသောကြောင့် အလင်းရောင် တစ်ချက်မျှ မထွက်။

ထို့ကြောင့် လောကဓာတ်တစ်ခွင်လုံးမှာ အမိုက်အတိသာလျှင် ဖြစ်ဘိ၏။

အချိန်သည် ပက်ကျိကဲ့သို့ တရွေ့ရွေ့ တွားသွားနေသည်။ ကျောင်းပေါ်မှ ပုလင်းသံ ဖန်ခွက်သံများ ကြားရ၏။ တစ်ချက် တစ်ချက် ကြမ်းကြားမှ အလင်းရောင်တစ်ခု အမျှင်တန်းပြီး အောက်သို့ ထိုးစိုက်ကျလာ၏။ သို့သော် အမိုက်ကို မတိုးနိုင်သဖြင့် ဖြုတ်ဆို ရုပ်သိမ်းလိုက်၏။ မိဖော့စိတ်ထဲ၌ မှန်အိမ်ကို အခန်းတစ်ခုထဲသို့ ဆွဲသွင်းလိုက်ပြီ ဟု ထင်၏။ ဖိနပ်သံများ ထိုအခန်းဆီသို့ လျှောက်သွားသည်ကို ကြားရ၏။ ကြမ်းပြင်ပေါ်ကို ရှပ်ရှပ် ရှပ်ရှပ်နှင့် ဆုတ်ဆိုင်းဆိုင်း လျှောက်သံဖြစ်၏။ ဂျပန်စကား ပြောသံလိုလို တိုးချည်တစ်ခါ ကျယ်ချည်တစ်လှည့်။ သို့သော် စကားလေးလုံး မကွဲ။

အမှောင်ထုသည် ပို၍ ကြီးမားလာ၏။ ဆိတ်ငြိမ်ခြင်းလည်း အမှောင်ကို လည်ပင်းဖက်ကာ အဖော်လုပ်၍ ပါလာ၏ စကားသံများ စဲသွားလေပြီ။ အခန်းမှ လူတစ်ယောက် ထွက်လာသော ခြေသံကြားရ၏။

သင်းတို့ ငါ့သမီးကလေးကို ဘာများ လုပ်နေပါလိမ့်မလဲ။ မိဖော့ စိတ်ထဲ ရိုးတိုးရွတ ဖြစ်လာ၏။ လှေကားမှ ခြေသံမကြားအောင် တက်ကြည့်၏။ ဟိုက် ကိုယ်ကျိုးနဲရချည့်။ လှေကားဝက တံခါးကလဲ ဂလန့် ထိုးထားပါကလား။ မိဖော့က တစ်ဖန် လှေကားမှ ခပ်သုတ်သုတ်ဆင်းပြီး အသံကြားရာ အခန်းအောက်မှ နေ၍ နားစွင့်ပြန်၏။

ကျိုးကျိုးကျွိကျွိ မြည်သံလိုလို၊ ဗရုန်း ဗရင်းနှင့် ရုန်းသံ, ကန်သံ, ကျောက်သံလိုလို မသဲမကွဲက မိဖော့၏ စိတ်ကို မခံချိ မခံသာ ကလိလိုက်သည်။ အသံဗလံတို့မှာ ခေတ္တ အနားယူကြပြန်၏။

ညှစ်သံကလေး တစ်ခု ဟီး-ဟီး ပေါ်ထွက်လာပြန်သည်။

ငိုသံလား၊ ရှိုက်သံလား။ မိနီငိုရင် ဒီလို ငိုတတ်တာပဲ။ အမယ်လေးတော်၊ တကတဲ၊ တအိအိနဲ့ အသံကတော့ မိနီ အသံပါပဲ။

“ငါ့သမီးကလေးကတော့ လူဖြစ်ရှုံးပါပြီ” ဟု စိတ်ထဲက ကျိတ်၍ အော်လိုက်ပြီး၊ ခေါင်းပေါ်မှ ပုဝါကို အသာယူ၍ မျက်ရည်သုတ်၏။ ခါးထစ်ခွထားသော ကလေးက အဲ့-အဲ့ နှင့် မြည်၍ လှုပ်လိုက်သဖြင့် သူ့အသံမထွက်အောင် ကျွတ်-ကျွတ်၊ ကျွတ်ကျွတ်နှင့် ညည်းကာ ကလေးကို ချော့သိပ်၏။ ထိုအတွင်း ဖိနပ်သံတဂေါက်ဂေါက်နှင့် နုံးချည့်ပြီး ဒရွတ်ဆွဲလာသော အသံတစ်ခု အခန်းဆီမှ လှေကားပေါက်ဆီသို့ ရောက်လာ၏။ ဂျပန်နှစ်ယောက် စကားပြောနေကြသည်ကို ကြားရသည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

# လူစားခြင်း (အပိုင်း – ၁)

Related Posts