အတုမခိုးကြပါစေနဲ့

လိမ်တာကို ကလေးတွေ အတုမခိုးကြပါစေနဲ့

တစ်နေ့ ကျောင်းပိတ်ရက်တစ်ရက်မှာ လူတစ်ယောက်ဟာ သူ့သားလေးနှစ်ယောက်ကို ကလေးကစားကွင်းတစ်ခုကို ခေါ်သွားပါတယ်။ ဂိတ်အဝင်လက်မှတ်ရောင်းတဲ့ နေရာရောက်တော့ သူက လက်မှတ်ရောင်းသမားကို ဝင်ကြေးဘယ်လောက်လဲလို့ မေးပါတယ်။

လက်မှတ်ရောင်းသူက “လူကြီးတစ်ယောက် တစ်ထောင်နဲ့ ကလေး ၆နှစ် အထက်ဆိုရင် ငါးရာကျပါတယ် ဆရာ။ ၆နှစ် အောက်ကိုတော့ အလကားပေးဝင်ပါတယ် ဆရာ။ ဒါနဲ့ဆရာ ကလေးတွေက အသက်ဘယ်လောက်ရှိပြီလဲ” လို့ပြောတယ်။

ကလေးတွေအဖေက “အကြီးကောင်က ၇နှစ်၊ အငယ်က ၄နှစ် ပါ။ ဒီတော့ ကျွန်တော်နဲ့ ကျွန်တော့်သားကြီးအတွက် လက်မှတ်ဖိုး တစ်ထောင့်ငါးရာကျမှာပေါ့။ ရော့ ဒီမှာငွေတစ်ထောင့်ငါးရာနော်” ဆိုပြီး ပိုက်ဆံပေးလိုက်ပါတယ်။ ပြီးတော့ ကလေးတွေရဲ့ လက်ကိုဆွဲပြီး ကစားကွင်းအတွင်းဝင်ဖို့ ပြင်လိုက်တယ်။

လက်မှတ်ရောင်းသူက သူ့ကိုလက်နဲ့တားလိုက်ပြီး “ဆရာကလည်း‌ တော်တော်ရိုးတာပဲနော်။ ၆ နှစ်နဲ့ ၇ နှစ်ဆိုတာ အတူတူလိုပါပဲ။ ဆရာ့ သားအကြီးကို ၆ နှစ်လို့ပြောလိုက်တော့ ဆရာငွေငါးရာ ပေးစရာမလိုတော့ဘူးပေါ့။ ဘယ်သူသိတာမှတ်လို့” လို့ ပြောလိုက်တယ်။

ကလေးတွေအဖေက “ဘယ်သူမှမသိပေမယ့် ကျုပ်ကလေးတွေသိတယ်ဗျ”လို့ ပြောပြီး ကစားကွင်းထဲကို ကလေးတွေလက်ဆွဲပြီး ဝင်သွားပါတော့တယ်။

လူကြီးလိမ်တာကို ကလေးတွေအတုမခိုးတတ်ကြပါစေနဲ့။

မှတ်ချက်။ Chicken soup for the soul စာအုပ်ထဲက ဆောင်းပါးလေးတစ်ပုဒ်ပါ။ ကြိုက်လွန်းလို့ မှီငြမ်းလိုက်တာပါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts