လတ်လတ်ဆတ်ဆတ်ငါး

ဂျပန်တွေက လတ်ဆတ်တဲ့ငါးမှ ကြိုက်တယ်။
ပင်လယ်သမုဒ္ဒရာ ဝန်းရံနေတဲ့ ဂျပန်နိုင်ငံမှာ လတ်ဆတ်တဲ့ငါးကို ဝယ်ယူစားသုံးတာများတော့ ဂျပန်တွေအတွက် လတ်ဆတ်တဲ့ငါးကို အလုံအလောက်မရဘူး ဖြစ်နေတယ်။ ဒီတော့ ငါးဖမ်းသင်္ဘောကြီးကြီးတွေ တည်ဆောက်ပြီး  ကမ်းဝေးပင်လယ်ထဲအထိသွားကာ ငါးဖမ်းရပါတယ်။ ငါးရဖို့ ပင်လယ်ထဲ ဝေးဝေးသွားလေ၊ ပြန်လာဖို့ အချိန်ကြာလေ ငါးတွေက မလတ်ဆတ်လေပဲ။ မလတ်ဆတ်ရင် မရောင်းရဘူး။
ငါးဖမ်းကုမ္ပဏီတွေက အအေးခန်းပါတဲ့ သင်္ဘောတွေ တည်ဆောက်တယ်။ ဖမ်းမိတဲ့ငါးတွေကို အေးခဲပစ်လိုက်တာပေါ့။ အအေးခန်းတွေပါလို့ ပင်လယ်ထဲကို ဝေးဝေးသွားနိုင်တယ်။ အချိန်ကြာကြာနေနိုင်တယ်။ ပြဿနာက ရေခဲရိုက်ငါးတွေကို စားသုံးသူက လတ်လတ်ဆတ်ဆတ်ငါးလောက် မကြိုက်တော့ ရောင်းရတာ ဈေးလျော့တယ်။
ငါးဖမ်းသင်္ဘောပေါ်မှာပဲ အအေးခန်းတွေအစား ငါးလှောင်ရေကန်အကြီးကြီးတွေ တည်ဆောက်တယ်။ ပင်လယ်ထဲကငါးတွေ ဖမ်းလို့ရရင် ငါးလှောင်ရေကန်ထဲမှာ အရှင်အတိုင်းထည့်တယ်။ ဈေးကွက်ရောက်တဲ့အထိ ငါးက အရှင်အတိုင်းပဲ။ ဒါပေမဲ့ ကုမ္ပဏီကရောင်းတဲ့ ငါးအရှင်က ပင်လယ်ကမ်းနားမှာ တံငါသည်က လက်လီဖမ်းရောင်းတဲ့ ငါးလိုစားရတာ မချိုပါဘူးလို့ စားသုံးသူက ပြဿနာလုပ်ပြန်ရော။ စီးပွားရေးလုပ်တဲ့ ငါးဖမ်းကုမ္ပဏီက အဖြေရှာရတယ်။
ပင်လယ်ထဲမှာ ငါးကိုဖမ်းပြီး ငါးလှောင်ရေကန်ထဲ ထည့်တယ်။ ထည့်စမှာ ငါးတွေက နည်းနည်းပါးပါး ဟိုဟိုဒီဒီ ကူးခတ်သေးတယ်။ အချိန်နည်းနည်းကြာလာတော့ ရေလှောင်ကန်နံရံမှာ မှီပြီးမှေးနေတယ်။ အချိန်တန်လို့ ငါးစားကျွေးရင် စားတယ်။ ပြီးရင် ဆက်မှေးနေတယ်။ ကြာတော့ ငါးငပျင်းတွေက အဆီတက်ချင်လည်း တက်နေမှာပေါ့။ ဈေးကွက်မှာ ရောင်းပန်းတော့ မလှဘူး။
ငါးဖမ်းကုမ္ပဏီတွေက ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှာကြတယ်။ အဖြေလည်း တွေ့ပါတယ်။ ပင်လယ်ကမ်းဝေးကို ငါးဖမ်းသင်္ဘောကြီးတွေ ထွက်ချိန်မှာ ငါးလှောင်ရေကန်တွေလည်း ထားမြဲထားပါတယ်။ ပြီးတော့ ငါးလှောင်ရေကန်ထဲမှ ငါးမန်းပေါက်ကလေးတွေ တစ်ကောင်စီ ထည့်ထားလိုက်တယ်။
ဖမ်းမိတဲ့ငါးတွေ အရှင်အတိုင်း ငါးလှောင်ရေကန်ထဲ ထည့်လိုက်တဲ့အခါ အဆင်သင့်ရှိနေတဲ့ ငါးမန်းက သူ့အစာအဖြစ် စားဖို့ဖမ်းတယ်။ ပြေးနိုင်မှလွတ်တာမို့ ငါးတွေ ငါးမန်းနဲ့ အမြဲတမ်း ပြေးတန်းလိုက်တန်း ကစားနေရတာပေါ့။ ငါးမန်းစာဖြစ်သွားတဲ့ ငါးလည်း အနည်းအကျဉ်းတော့ရှိတယ်။ ဒါပေမဲ့ ငါးတိုင်းဟာ ငါးမန်းစာမဖြစ်ရအောင် မနားမနေကူးခတ်ပြေးလွှားနေရတာမို့ ပင်လယ်ပြင်က ယခုမှ ဖမ်းလာတဲ့ ငါးတွေလိုပဲ လတ်ဆတ်နေတယ်။
ဒီအကြောင်းအရာကို အင်တာနက်မှာ တစ်ယောက်ယောက်က ရေးပြီး တင်ထားတာ ဖတ်ရတာပါ။ လုပ်ရပ်က သဘာဝကျတာ မကျတာထက် ပေးချင်တဲ့     Message ကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ရေးပြီးတင်ထားတဲ့သူက ဘယ်လိုမှတ်ချက်ပေးသလဲဆိုတော့ ငါးတွေဟာ ငါးမန်းရဲ့ အန္တရာယ်ကို ရှောင်တိမ်းရလို့ ငါးငဖျင်းတွေမဖြစ်ဘဲ အရည်အသွေးမြင့် တန်ဖိုးတက်လာတယ်။

ကျွန်တော်တို့ လူတွေလည်း ရှင်သန်ပြီး တန်ဖိုးမြင့်လာဖို့ ငါးမန်းလို စိန်ခေါ်ချက်တွေကို ရဲရဲရင်ဆိုင်ရမယ်။ စိန်ခေါ်ချက်တွေနဲ့ ကံကောင်းတယ်မှတ်ပါတဲ့။

ကျော်ရင်မြင့်ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts