ဘာအရေးကြီးဆုံးလဲ

ဘာအရေးကြီးဆုံးလဲ ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ပုံချင်း မတူဘူး။
 လူတစ်ယောက်က သူ့အတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားတာက နောက်တစ်ယောက်အတွက် ဘာမှမဟုတ်တဲ့ သာမန်ကိစ္စဖြစ်ရင်ဖြစ်တာပဲ။  သူက အရေးကြီးတယ်ထင်ပြီး တမြတ်တနို  လုပ်နေတာတစ်ခုကို ကိုယ်ကပေါ့ပေါ့တန်တန် ဖြစ်အောင်တော့ သွားမလုပ်သင့်ဘူး။ (ရန်များတယ်။) ဒါပေမဲ့ ကိုယ်က အရေးကြီးတယ် သတ်မှတ်ထားတာကို အခြားသူတွေက လိုက်အရေးမကြီးတဲ့အခါတော့ ခံစားမနေလေနဲ့။ ကိုယ်ခံစားရတာ သူတို့ သိချင်မှတောင် သိမယ်။ တကယ်တော့ ကိုယ့်ကိစ္စက သူတို့အတွက် အရေးမပါတတ်တာ လက်ခံထားလိုက်ပါ။ လူ့သဘာဝက် ကိုယ့်ကိစ္စမှ အရေးကြီးတယ်ထင်တာ။ ကိုယ်က ကိုယ့်ကိစ္စတစ်ခုကို မိုးလောက်ကြီး အလေးအနက်ထားချိန်မှာ အခြားသူအတွက် ဒီကိစ္စက နှမ်းစေ့လောက်တောင် အရေးမပါတာ ဖြစ်ချင်ဖြစ်နေမှာပဲ။
အရေးကြီးတာက ကိုယ်ကိုယ်တိုင်က ကိုယ့်အတွက် ဘာအရေးကြီးဆုံးလဲဆိုတာ ကိုယ်တိုင်သိဖို့ပါပဲ။ သိပ်အရေးမပါတဲ့ ကိစ္စတစ်ခု၊ ပစ္စည်းတစ်ခုကို ကိုယ်က ရေးကြီးခွင်ကျယ် လုပ်နေမိရင် ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တာပဲ။
အရေးကြီးဆုံးကတော့ အရေးမပါတာတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဝန်ထုပ်ဝန်ပိုးတွေ ကိုယ့်ဘဝခရီးမှာ သယ်ဆောင်မနေမိဖို့ပါ။
တကယ် စေ့စေ့ပေါက်ပေါက် ပြန်စိစစ်ကြည့်လိုက်ရင် ဘယ်ဟာမှတော့ သေရေးရှင်ရေး အရေးကြီးလှတာ မဟုတ်ပါဘူး။ ဒီနေ့ အရေးကြီးလှချည်ရဲ့ ထင်နေတဲ့ကိစ္စက နောက်တစ်နှစ်နေလို့ ပြန်ကြည့်တော့ ဘာမှမဟုတ်ပြန်ဘူး။
အရေးမကြီးတာတွေကို အာရုံများနေရင်၊ တကယ်အရေးကြီတာကို လွတ်သွားတတ်ပါတယ်။ တကယ်အရေးကြီးတာက ဝိတ်လျှော့တတ်ဖို့ပဲ လိုတယ်။
ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts