လက်ဆောင်(The Gift)

တစ်နေ့မှာ ဘတ်စ်ကားတစ်စီးပေါ်မှာ အဘိုးအိုတစ်ယောက် လိုက်ပါစီးနင်းလာပါတယ်။ သူ့လက်ထဲမှာ အလွန်လှတဲ့ ပန်းပွင့်လေးတွေပါတဲ့ ပန်းစည်းတစ်ခု ကိုင်ထားပါတယ်။ ဘေးနားကထိုင်ခုံမှာထိုင်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့လက်ထဲက ပန်းလေးတွေကို လှလွန်းလို့ မကြာခဏ လှမ်းလှမ်းကြည့်နေတယ်။ အဘိုးအိုလည်း သူ့ ခရီးဆုံးမှတ်တိုင် ရောက်ပြီမို့ ဘတ်စ်ကားပေါ်က ဆင်းဖို့ သူ့ထိုင်ခုံက ထလိုက်ပါတယ်။

ကားပေါ်ကမဆင်းခင်မှာ သူ့ရဲ့ပန်းစည်းလေးကို မိန်းမပျိုရဲ့ ပေါင်ပေါ်ကို အသာအယာ ချပေးလိုက်ပြီ ခုလို စကားပြောလိုက်ပါတယ်။ “မင်း ဒီပန်းလေးတွေကို သိပ်သဘောကျနေတယ်ဆိုတာ ငါသတိထားမိတယ်ကွာ။ ငါ့မိန်းမလည်း ဒီပန်းလေးတွေကို မင်းကိုပဲ ယူစေချင်မှာပါ။ ငါ မင်းကိုပေးခဲ့ပြီလို့ ငါ့မိန်းမကို ပြောပြလိုက်ပါမယ်”တဲ့။

အဲဒီလိုပြောပြီးတာနဲ့ အဘိုးအိုဟာ ကားပေါ်က ဆင်းလိုက်ပြီးကားမှတ်တိုင်အနီးမှာရှိတဲ့ သင်္ချိုင်းအိုလေးဆီကို တုန်တုန်ချိချိနဲ့ တစ်လှမ်းချင်း လျှောက်သွားပါတော့တယ်။ ဒါလေးကို ဖတ်လိုက်ရပြီး သင် ဘယ်လိုများခံစားရသလဲ။ ဘာအတွေးဝင်လာပါသလဲ။ ကြေကွဲဝမ်းနည်းသလို မခံစားရဘူးလား။ နောက်ပြီးတော့ အခုလိုအတွေးလေးတွေ ပေါ်မလာဘူးလား။

ပထမတော့ သေဆုံးသွားတဲ့မိန်းမရဲ့ သင်္ချိုင်းဂူကို တကူးတကလာနေတဲ့ အဘိုးအိုကို မသနားမိဘူးလား။ နောက်တော့ သူ့မိန်းမအတွက် ယူလာတဲ့ ပန်းစည်းလေးကို မိန်းမပျိုလေးကို ပေးလိုက်လို့ ဒေါသဖြစ်မသွားဘူးလား။ သူ့မိန်းမဟာ သေသွားပြီမို့ ဒီပန်းလေးတွေကို ထိတွေ့မခံစားနိုင်တော့လို့ အဘိုးအိုက မိန်းမပျိုလေးကို ပေးလိုက်တာလား။ သူ့မိန်းမဟာ သူ့အတွက်ယူလာတဲ့ ပန်းစည်းလေးကို တခြား မိန်းကလေးတစ်ယောက်ကို ပေးလိုက်တဲ့ အဘိုးအိုကို နောင်တမလွန်ဘဝကနေ ခွင့်လွှတ်နိုင်ပါ့မလား။ အဘိုးအိုဟာ ပန်းပွင့်လေးတွေကို သင်္ချိုင်းအုတ်ဂူပေါ်မှာ နွမ်းခြောက်မသွားစေချင်လို့ ပန်းလေးတွေရဲ့ အလှအပကို ခံစားတန်ဖိုးထားတတ်တဲ့ မိန်းမပျိုလေးကို ပေးလိုက်တာလား။

တွေးရင် တွေးသလောက်ရတဲ့ စာမျိုးလေးပါ။ ဒီလိုစာမျိုးကို ရသစာပေလို့ခေါ်ကြပါတယ်။ ရသစာပေဆိုတာ ဖတ်ပြီးတာနဲ့ ဦးနှောက်ထဲ ရောက်သွားတယ်။ ဦးနှောက်ကနေ နှလုံးသားထဲ ရောက်သွားပြီး ခံစားတတ်တယ်။ ခံစားပြီးရင်လည်း စဉ်းစားစရာ အတွေးလေးတွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးတတ်တယ်။ ဒါကြောင့် ရသစာပေကို နှလုံးသားရဲ့ အာဟာရလို့ တင်စားခေါ်တတ်ကြပါတယ်။ နှလုံးသားသိမ်မွေ့နူးညံ့လာစေဖို့နဲ့ ခွန်အားရှိဖို့ ရသစာပေတွေဖတ်ရင်း များများတွေးပေးကြဖို့ လိုပါတယ်။

မှတ်ချက်။ Chicken Soup for the Soul စာအုပ်မှ “The Gift” ဆိုတဲ့ ဆောင်းပါးလေးကို မှီငြမ်းထားတာပါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts