ရွှေကြောကြီးနဲ့ သုံးပေအကွာ

ရွှေကြောကြီးနဲ့ သုံးပေအကွာ

၁၉၃၀ နှစ်လောက်က အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ ရွှေထွက်တယ်ဆိုလို့ အမေရိကန်လူ တော်တော်များများဟာ အဲဒီကို အပြေးအလွှားသွားပြီး ရွှေသွားတူးကြတယ်။ မေရီလန်းပြည်နယ်ရဲ့ မြို့တစ်မြို့က လူတစ်ယောက်ကလည်း သူ့မဖြစ်စလောက် လစာလေးနဲ့ လုပ်နေရတဲ့အလုပ်ကထွက်ပြီး အဲ့ဒီ ရွှေထွက်တဲ့နေရာကို သွားတယ်။ သူ့မှာစုထားတဲ့ ‌ငွေလေးအနည်းငယ်နဲ့ ဂေါ်ပြားတစ်လက်လည်း ပါသွားတယ်။

အဲဒီရောက်တော့ လူတွေအများကြီးဟာ ရွှေတွေတူးနေကြတာ တွေ့ရတယ်။ ပိုက်ဆံတတ်နိုင်သူတွေကတော့ မြေကြီးတူးစက်နဲ့ တူးကြတယ်။ ပိုက်ဆံ မတတ်နိုင်သူတွေကတော့ ပေါက်တူး၊ ဂေါ်ပြားကိုင်ပြီး လူအားနဲ့ ရွှေတူးနေကြတယ်။

သူလဲ အဲဒီလူတွေနဲ့ မလှမ်းမကမ်းမှာ သူ့ဂေါ်ပြားနဲ့ ရွှေစတင်တူးပါတယ်။ နေကလည်း ပူပြင်းလွန်းတော့ မြေကြီးကိုတူးလိုက် သူဆောက်ထားတဲ့ ယာယီရွက်ထည်တဲလေးထဲမှာ နားလိုက်နဲ့ နေ့စဉ်ရက်ဆက် လုပ်နေတယ်။ တစ်ပတ်ကြာသွားတယ်။ ရွှေနဲ့တူတာဆိုလို့ အမှုန့်လေးတောင် မတွေ့ပါဘူး။ သူဟာ ဇွဲမလျှော့ဘဲ အဲဒီနေရာမှာပဲဆက်တူးတယ်။ ဘာမှ မတွေ့ပါဘူး။ သူ ဇွဲမလျှော့ပါဘူး။ ဒါနဲ့ သုံးပတ်မြောက်နေ့မှာ ရွှေမှုံလေးတွေ စတွေ့တယ်။

ဝမ်းသာအားရဆက်တူးလိုက်တာ လက်သီးဆုပ်လောက်ရှိတဲ့ ရွှေအရိုင်းတုံး အနည်းငယ် တွေ့ရတယ်။ သူသိလိုက်ပြီ။ မြေအောက်မှာ ရွှေကြောကြီးရှိနေပြီဆိုတာ။ သူတူးထားတဲ့တွင်းကို ဘေးလူတွေမသိအောင် အသာအယာမြေကြီးနဲ့ ပြန်ဖို့လိုက်ပါတယ်။ ပြီးတော့ သူပဲသိနိုင်တဲ့ အမှတ်အသားတွေ မြေကြီးပေါ်မှာ မှတ်သားခဲ့ပြီး သူ့ရဲ့ မေရီလန်းပြည်နယ်က မြို့လေးကို ပြန်လာခဲ့ပါတယ်။

သူ့မြို့ရောက်တော့ သူ့မှာပါလာတဲ့ ရွှေအရိုင်းတုံးတွေကိုပြပြီး သူ့သူငယ်ချင်းတွေကို အစုရှယ်ယာဝင်ဖို့ ပြောပါတယ်။ သူရွှေတွေရရင် အစုရှယ်ယာရဲ့ အချိုးကျပေးမယ်ပေါ့။ သူငယ်ချင်းတွေကလည်း ရွှေတုံးတွေကိုမြင်ရဖို့ ငွေရဖို့သေချာတာမို့ ပိုက်ဆံတွေ ထည့်ဝင်ကြတယ်။ သူလည်း ပိုက်ဆံအလုံအလောက်ရလို့ မြေကြီးတူးစက်တစ်စီး ဝယ်တယ်။ အဲဒီစက်ကြီးကို မီးရထားနဲ့တင်ပြီး သူရွှေတူးခဲ့တဲ့နေရာကို ပြန်သွားတယ်။

ပြန်ရောက်ပြီး နောက်တစ်ရက် မနက်စောစောမှာပဲ သူမှတ်ထားခဲ့တဲ့နေရာမှာ မြေကြီးတူးစက်နဲ့ စတင်တူးပါတော့တယ်။ မြေကြီး တစ်ပေအနက်တူးလိုက်တိုင်း သူ့ရင်မှာ တဒိန်းဒိန်းခုန်နေတယ်။ စိတ်လှုပ်ရှားလို့ပေါ့။ ဒါနဲ့ ၁၀ ပေအနက် ရောက်သွားပြီ။ သူထင်ထားတဲ့ ရွှေကြောကြီးဟာ ပျောက်ချင်းမလှ ပျောက်နေပါတော့တယ်။ နောက်တစ်ရက်မှာ စက်နဲ့ဆက်တူးပါတယ်။ ၁၅ ပေအနက်ရောက်သွားပြီ။ ရွှေကြောနဲ့တူတာ ဘာမှမတွေ့ရပါဘူး။

အဲဒီမှာ သူစိတ်ဓာတ်ကျသွားပြီ။ သူ့နေရာ အမှတ်အသားလုပ်ခဲ့တာ လွဲနေပြီမို့ ဆက်တူးလည်း ရွှေကြောကြီးတွေ့ရမှာတော့ မဟုတ်ဘူးဆိုပြီး တူးတဲ့အလုပ်ကို ရပ်လိုက်ပါတယ်။ နောက်တစ်ရက်မှာ သံထည်ပစ္စည်း အဟောင်းတွေဝယ်တဲ့ Tom ဆိုတဲ့လူကို သူ့မြေကြီးတူးစက်ကို မတန်တဆဈေးနဲ့ လျှော့ရောင်းပြီး သူ့မြို့ကို ပြန်သွားပါတော့တယ်။

နောက်တစ်နေ့မှာ Tom ဟာ ဘူမိဗေဒပညာရှင်တစ်ယောက်ကို ခေါ်လာပြီး အဲဒီ တူးထားတဲ့နေရာကို ခေါ်ပြပါတယ်။ ဘူမိဗေဒပညာရှင်ဟာ မြေကြောကို လေ့လာတွက်ချက်ပြီး အရင်လူ တူးထားတဲ့တွင်းနဲ့ သုံးပေအကွာမှာ တူးဖို့အကြံပေးပါတယ်။ Tom ကလည်း ပညာရှင်ပေးတဲ့ အကြံအတိုင်း တူပါတယ်။ ဆယ်ပေအနက်လည်း ရောက်ရော ရွှေကြောကြီးကို တွေ့လိုက်ရပါပြီ။ ရွှေကြောကြီးဟာ ကြီးမားလွန်းလို့ နောက်ထပ်စက်တွေငှားပြီး ဆက်တူးရပါတယ်။ ရွှေတန်ချိန်ပေါင်းများစွာ တွေ့ရပြီး Tom တစ်ယောက်လည်း အရမ်းချမ်းသာသွားတယ်။

ဒီအတွေ့အကြုံကနေ ကျွန်တော်တို့ ဘာသင်ခန်းစာယူလို့ရသလဲဆိုရင်

၁။ ပန်းတိုင်မရောက်ခင် ဇွဲမလျှော့ဖို့ ၂။ ကျွမ်းကျင်ပညာရှင်ရဲ့ အကြံဉာဏ်ကိုရယူဖို့။

ဗန်းမော်သိန်း‌ဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts