77

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၄)

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၄) ~~~~
အရောင်းအဝယ်လုပ်ရာတွင် ဘင်ဂျမင်၏နည်းသည် မည်သို့အသုံးကျသည်ကို ကြည့်ကြရအောင်၊ အောက်ပါ သာဓကနှစ်ခုကို ဖတ်လိုက်စမ်းပါ။ နယူးယော့မြို့ လစ်ဗာတီလမ်း တိုက်အမှတ် ၁၁၄ နေ မစ္စတာ  အက်ဖဂျေမဟော်နီ ဆိုသူသည် ရေနံလုပ်ငန်းအတွက် ကိရိယာတစ်မျိုးကို ရောင်းစားသူဖြစ်လေသည်။ တစ်နေ့တွင် လောင်းအိုင်လန်အရပ်ရှိ ရေနံကုန်သည်ကြီးတစ်ဦးထံမှ အမှာစာတစ်ခုကိုရ၏။ ထိုအမှာစာအတိုင်း နမူနာများကို ပြသပြီးနောက် သဘောကျသဖြင့် ထိုကိရိယာများကို တပ်ဆင်၍ပင် အတော်အတန် ပြီးလေပြီ။ သို့ရာတွင် ဝမ်းနည်းဖွယ်ရာ ကိစ္စတစ်ရပ်သည် ရုတ်တရက် ပေါ်ပေါက်လာလေသည်။ ဖြစ်ရပုံမှာ ဤသို့တည်း။

အဆိုပါ ရေနံကုန်သည်ကြီးသည် မိမိမှာထားသော ကိရိယာများအကြောင်းနှင့် စပ်လျဉ်း၍ မိတ်ဆွေများနှင့် တိုင်ပင်ကြည့်ရာ ‘ဒီဟာက တိုနေတယ်၊ ဟိုဟာကြီးက သိပ်ရှည်နေပြီ၊ ဒါတွေ ဝယ်တာ သိပ်မှားတာပဲ’ အစရှိသဖြင့် ထိုမိတ်ဆွေများက ဝိုင်း၍ အပြစ်ပြောကြ၏။ မိတ်ဆွေများ၏ ပြောပြချက်အရ ထိုရေနံကုန်သည်ကြီးသည် စိတ်တိုလာပြီးလျှင် မှာထားတဲ့ကုန်တွေ မလိုချင်တော့ဘူးဟူ၍ မစ္စတာမဟော်နီထံသို့ စကားပြောကြေးနှင့်ဖြင့် ပြောကြား၏။ နောက်ထပ် ဘာဖြစ်ကြသည်ကို မစ္စတာမဟော်နီသည် အောက်ပါအတိုင်း ပြောပြ၏။

ကျွန်ုပ်၏ ပစ္စည်းများကို အသေအချာ ထပ်မံစစ်ဆေးကြည့်ပြီး ဖြစ်၍ ကျွန်ုပ်တို့ဘက်က ဘယ်နည်းနှင့်မျှ မမှားဘဲ ထိုရေနံကုန်သည်ကြီးနှင့် သူ၏ မိတ်ဆွေများသာလျှင် မှားသည့်အကြောင်းကို ကျွန်ုပ်သည် တပ်အပ်သေချာစွာသိ၏။ သို့ရာတွင် ကျွန်ုပ်သိသည့်အတိုင်းပင် ပြောပြလိုက်လျှင် အတော်ဆိုးသွားလိမ့်မည်ဟု ကျွန်ုပ်တွေးမိ၏။ ထို့ကြောင့် ထိုကုန်သည်ကြီးရှိရာ လောင်းအိုင်လန်သို့ ကျွန်ုပ်ကိုယ်တိုင် လိုက်သွား၏။ သူ၏ အလုပ်ခန်းထဲသို့ ကျွန်ုပ် ဝင်မိသည်နှင့် တစ်ပြိုင်နက် သူသည် ထိုင်ရာမှ ခုန်၍ထပြီးလျှင် ကျွန်ုပ်ဆီသို့ စကားသွက်သွက်ပြောလျက် လျှောက်လာ၏။ ဒေါသကြီးလွန်းသဖြင့် သူ စကားပြောနေစဉ် သူ၏ လက်သီးကြီးသည် ကျွန်ုပ်၏ မျက်နှာရှေ့တွင် ဝဲလျက်ရှိပေ၏။

‘ကျွန်ုပ်နှင့်တကွ ကျွန်ုပ်တို့ ပစ္စည်းများကို ရစရာမရှိအောင် ပြောပြီးနောက် ‘အဲဒီဟာတွေအတွက် ခင်ဗျား ဘယ့်နှယ်လုပ်မလဲ’ ဟု ဒေါသနှင့် ကျွန်ုပ်အား မေး၏။ ‘ကျွန်ုပ် လေအေးအေးဖြင့် ‘ဒါတော့ ဦးသဘောကျသလိုသာ အမိန့်ရှိပါ၊ အမိန့်အတိုင်းလုပ်ရန် အသင့်ပါပဲ၊ ဦးက ဝယ်သူပါ၊ ဒီတော့ ဝယ်သူကြိုက်တာကို ရရမှာပေါ့၊ သို့ပေမယ့် ဒီလိုဆိုရင် တစ်ယောက်ယောက်က တာဝန်ခံရလိမ့်မယ် ဦး၊ ဦးတို့ဟာ မှန်တယ်ထင်ရင် ဦးတို့ရဲ့ နမူနာကို ပေးပါ၊ ပထမက ဦးမှာတဲ့အတိုင်း လုပ်ထားလိုက်လို့ ဒေါ်လာနှစ်ထောင်လောက် ကုန်သွားပေမယ့်လည်း ကိစ္စမရှိပါဘူး ဖျက်ပစ်လိုက်တာပေါ့၊ ဦးသဘောကျကိုသာ ရမယ်ဆိုရင် ငွေနှစ်ထောင်လောက် ဆုံးလို့ မနှမြောပါဘူး၊ သို့ပေမယ့် တစ်ခုတော့ သတိပေးချင်တယ် ဦးရဲ့၊ ဦးအလိုရှိတဲ့အတိုင်း ကျွန်ုပ်တို့ ဆောက်ပေးရမယ်ဆိုရင် ကောင်းမကောင်းကို ဦးတာဝန်ယူရလိမ့်မယ်။ ကျွန်တော်တို့ ယခုအတိုင်း မှန်တယ်လို့ထင်ပြီး စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ရမယ်ဆိုရင် ကျွန်တော်တို့ တာဝန်ယူမယ်’

ထိုအချိန်သို့ ရောက်သောအခါ ရေနံကုန်သည်ကြီးသည် စိတ်အတော်ပြောင်းသွားသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ‘ကောင်းပြီ ဆက်လုပ်တော့၊ သို့ပေမယ့် မောင် ပြောတဲ့အတိုင်း မဟုတ်ရင်တော့ ဘုရားကိုသာ တနေပေတော့’ ဟု ကျွန်ုပ်ကို ပြောလိုက်၏။ ကျွန်ုပ်ပြောသည့်အတိုင်း မှန်သဖြင့် ယခုနှစ်အတွက် ဒီလိုအလုပ်မျိုး နောက်နှစ်ခုထပ်၍ အမှာစာ ရခဲ့ပြီးလေပြီ။

‘ထိုကုန်သည်ကြီးသည် သူ၏လက်သီးကြီးကို ကျွန်ုပ်၏ မျက်နှာနားတွင်ဝဲ၍ ကိုယ့်အလုပ်ကို ကိုယ်နားမလည်သူဟု ကျွန်ုပ်အား စော်ကားနေစဉ် သူ့ကိုပြန်၍ မငြင်းမိအောင် ကျွန်ုပ်၏စိတ်ကို အတော်ကြီး ချုပ်တည်းထားရလေသည်၊ စိတ်ကို အတော်ချုပ်တည်းရသည်မှာ မှန်၏။ သို့ရာတွင် ထိုသို့ချုပ်တည်းထားသည့်အတွက် ကျွန်ုပ်၏ကိစ္စမှာ ထမြောက်အောင်မြင်ခဲ့လေသည်၊ အကယ်၍သာ သူမှားသည် ကျွန်ုပ်သာ မှန်သည် အစရှိသဖြင့် သူနှင့်ပြန်၍ ငြင်းချက်ထုတ်နေလျှင် ရုံးရောက်ရခြင်း၊ စိတ်မကောင်းဖြစ်ရခြင်း၊ ငွေကုန်ရခြင်း၊ ထို့ပြင် ဖောက်သည်ကောင်းတစ်ယောက် ဆုံးရှုံးရခြင်း စသော အပြစ်များ ပေါ်ပေါက်လာကောင်း လာပေလိမ့်မည်၊ အစစ်ပဲ၊ လူတစ်ယောက်အား မှားသည်ဟု စွပ်စွဲခြင်းသည် အကျိုးမရှိဟူ၍ ကျွန်ုပ်သည် စွဲစွဲမြဲမြဲကြီး ယုံကြည်၏’ ဟု မစ္စတာမဟော်နီသည် ပြောပြဖူးလေသည်။

ဒုတိယ သက်သေသာဓကတစ်ခုကို ကြည့်ကြဦးစို့။ ဤသက်သေ သာဓကများသည် ထောင်သောင်းမကသော လူများ နေ့စဉ်နှင့်အမျှ တွေ့ကြုံရလျက်ရှိသော အဖြစ်အပျက်မျိုးပင် ဖြစ်ကြောင်းကို သတိရပါစေ။ အာဗီကရိုလီသည် နယူးယောက်မြို့ရှိ ဂါဒနာ ဒဗလျူတေးလား သစ်ဆိုင်မှ သစ်ရောင်းသမားတစ်ဦးဖြစ်လေသည်။ အလွန် အပြောရခက်သော သစ်သားစစ်ဆေးသည့် အရာရှိများကို နှစ်ပေါင်းများစွာတိုင်အောင် မှားသည်ဟု စွပ်စွဲခဲ့ဖူးသည်ဟူ၍ ကရိုလီသည် ဝန်ခံခဲ့၏။ ဤသို့ စွပ်စွဲခြင်း ငြင်းခုံကြရာတွင် ကရိုလီသာလျှင် အနိုင်ရခဲ့၏။ သို့ရာတွင် သစ်ကိုမူကား မရောင်းရချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာရှိများသည် ဘေ့စဘောကစားပွဲ ဒိုင်လူကြီးများနှင့် တူသည်။ သူတို့တစ်ခါ ဆုံးဖြတ်ချက်ချပြီးနောက် နောက်ထပ်၍ မပြင်တော့ချေဟု ကရိုလီကိုယ်တိုင် ပြောပြ၏။

သူငြင်းခုံ၍ နိုင်သမျှ သူ့သစ်ဆိုင်သည် ဒေါ်လာထောင်ပေါင်းများစွာ ရှုံးနေသည်ကို ကရိုလီသည် ကောင်းစွာ သိလေသည်။ ထို့ကြောင့် ကျွန်ုပ်ထံတွင် ပေါင်းသင်းဆက်ဆံနည်းကို လာရောက်သင်ကြားနေစဉ် သူ၏ ကိုယ်နှုတ်အမူအရာများကို ပြုပြင်ရန် သန္နိဋ္ဌာန်ချလိုက်၏။ ထိုအခါ ဘာဖြစ်သွားသလဲ။ အောက်ပါအတ္ထုပ္ပတ္တိသည် ကရိုလီကိုယ်တိုင် ကျွန်ုပ်၏ တပည့်များကို ပြန်၍ပြောသော စကားများမှ ဖြစ်လေသည်။ ‘တစ်မနက်ခင်းတွင် ကျွန်ုပ်၏ အလုပ်ခန်းအတွင်းရှိ စကားပြောကြေးနန်း၏ ခေါင်းလောင်းသံသည် မြည်လျက်ရှိ၏။ ကျွန်ုပ်ထံသို့ စကားပြောသောသူမှာ အလွန်စိတ်တိုနေဟန် လက္ခဏာရှိလေသည်။ ကျွန်ုပ်တို့ ပို့လိုက်သော ကားတစ်စီးစာသစ်များအနက် လေးပုံတစ်ပုံလောက်ကိုသာ အောက်သို့ချပြီးမှ ထိုသူ၏ သစ်စစ်ဆေးရေးအရာရှိက သစ်များသည် စံချိန်ထက် ၅၅ ရာခိုင်နှုန်းခန့် အောက်ကျနေသည်ဟု အစီရင်ခံသောကြောင့် ကားထဲတွင်ကျန်သော သစ်များ ဆက်လက်မချတော့ဘဲ ချပြီးသား သစ်များကိုပင် ပြန်ယူသွားရန် စကားပြောကြေးနန်းဖြင့် ပြောခြင်းဖြစ်လေသည်။

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည်

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts