ရင်သားတွဲကျစေသော နေ့စဉ်ပြုလုပ်မိနေသည့် အပြုအမူများ
ကျွန်မတို့ဟာ အသက်ကြီးလာတာနဲ့အမျှ ရင်သား တွေတွဲကျလာတာကို သတိထားမိကြမှာပါ။ ရင်သား တစ်သျှူးတွေက ခန္ဓာကိုယ်ရဲ့ တခြားတစ်သျှူးတွေထက် အိုမင်းနှုန်း နှစ်အနည်းငယ် မြန်ဆန်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အိုမင်းမှုဖြစ်စဉ်ကို မပြုပြင်နိုင်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရင်သားတွဲကျတာမျိုး မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါ့အပြင် သင့်ရင်သားကို တွဲကျမှုဖြစ်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်တတ်တဲ့ အမှားတွေကိုလည်း ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဟန်အနေအထား မမှန်ကန်ခြင်း
ထိုင်တာ ဒါမှမဟုတ် မတ်တပ်ရပ်တဲ့ အနေအထားမမှန်ကန်တာကြောင့် သင့်ခါးပေါ်မှာ သက်ရောက်မှုရှိနိုင်သလို သင့်ရင်သားပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။ မမှန်ကန်တဲ့ အနေအထားနဲ့ အချိန်အကြာကြီးရှိနေတာကြောင့် သင့်ရဲ့ ရင်သားတွေကလည်း သဘာဝမဟုတ်တဲ့ အနေအထားမှာ အကြာကြီးရှိနေရတဲ့အတွက် ရင်သားတွဲကျရတာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက ခန္ဓာကိုယ်တွင်းက ကော်လာဂျင်ပမာဏတွေ လျော့ကျသွားနိုင်ပါတယ်။ ကော်လာဂျင်လျော့သွားတဲ့အတွက် အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားလည်း ကျဆင်းသွားတာကြောင့် ရင်သားတွဲကျရတာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းမပြုလုပ်တာ ဒါမှမဟုတ် လေ့ကျင့်ခန်းအလွန်အကျွံ ပြုလုပ်တာလိုမျိုး နှစ်မျိုးစလုံးက ရင်သားတွဲကျနိုင်ပါတယ်။ သင်ဟာ လေ့ကျင့်ခန်းအလွန်အကျွံ ပြုလုပ်တော့မယ်ဆိုရင် သင့်ရင်သားကို အရှေ့ရောအနောက်ပါ သေချာ ထောက်ပံ့ပေးနိုင်တဲ့ အားကစားဘရာစီယာကို ဝတ်ဆင်ထားသင့်ပါတယ်။
ကိုယ်အလေးချိန် တက်လိုက်ကျလိုက်ဖြစ်ခြင်း
သားမြတ်တစ်သျှူးကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ အစားအစာစားဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်အလေးချိန်တက်လိုက်ကျလိုက်ဖြစ်တာက သားမြတ်တစ်ရှူးကို ဆွဲဆန့်သလို ဖြစ်သွားတာမို့ ရင်သားတွဲကျသွားနိုင်ပါတယ်။
မိမိရင်သားနှင့် အနေတော်မဟုတ်သော ဘရာစီယာ ဝတ်ဆင်ခြင်း
မိမိရင်သားနဲ့ အနေတော်မဟုတ်တဲ့ ဘရာစီယာဝတ်ထားရင်လည်း ရင်သားက တည်ငြိမ်မှုမျရှိဘဲ လှုပ်ရှားနေတာကြောင့် ရင်သားတွဲကျနိုင်ပါတယ်။ ရင်သားမတွဲကျအောင် မိမိရင်သားနဲ့ ကွက်တိဖြစ်နေမယ့် ဘရာစီယာမျိုးကို ရွေးချယ်သင့်ပါတယ်။
နေရောင်ကာလိမ်းဆေး အသုံးမပြုခြင်း
ဟားမြတ်ဟာ နေရောင်ခြည်ကလာတဲ့ ဒုက္ခပေးတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို အလွယ်တကူစုပ်ယူနိုင်တဲ့အပြင် နေလောင်ဒဏ်ရာရရှိဖို့လည်း မြန်ဆန်ပါတယ်။ ဒီလိုဖြစ်တာကြောင့် အရေပြားက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာပြီး ရင်သားတွဲကျနိုင်ပါတယ်။ သားမြတ်အတွင်းမှာ အရေးအကြောင်းတွေ မပေါ်အောင်ကာကွယ်ဖို့အတွက် နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိအောင် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
အရက်အလွန်အကျွံသောက်ခြင်း
အရက်အလွန်အကျွံသောက်တာက သင့်ကျန်းမာရေးကို ဆိုးရွားစေနိုင်သလို အရေပြားကိုလည်း ပျက်စီးစေနိုင်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အား ပျက်စီးသွားတဲ့အတွက် ရင်သားတွဲကျတဲ့အပြင် အရေပြားမှာ မလိုအပ်တဲ့အရေးကြောင်းတွေ အလွယ်တကူ ပေါ်ပေါက်လာနိုင်ပါတယ်။
- အထက်ပါ အပြုအမူတွေကို ဆင်ခြင်လိုကတာကြောင့် သင့်သားမြတ်က တင်းတင်းရင်းရင်းနဲ့ လှလှပပ ရှိနေမှာပါ။
ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။