မျက်စိအတွက် သင်ပြုလုပ်တတ်သည့် အဆိုးရွားဆုံးအမှားနှင့် မျက်စိအမြင်အာရုံ ပျက်စီးစေနိုင်သော သင်၏ နေ့စဉ် အပြုအမူများ

မျက်စိအတွက် သင်ပြုလုပ်တတ်သည့် အဆိုးရွားဆုံးအမှားနှင့် မျက်စိအမြင်အာရုံ ပျက်စီးစေနိုင်သော သင်၏ နေ့စဉ် အပြုအမူများ

မျက်စိအတွက် သင်ပြုလုပ်တတ်သည့် အဆိုးရွားဆုံးအမှားနှင့် မျက်စိအမြင်အာရုံ ပျက်စီးစေနိုင်သော သင်၏ နေ့စဉ် အပြုအမူများ

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက အသစ်ထုတ်ဖော်ချက်အရ နှစ်စဉ် အမေရိကန်လူမျိုး တစ်သန်းနီးပါးခန့်ဟာ မျက်ကြည်လွှာ ရောင်ရမ်းတာနဲ့ မျက်ကပ်မှန်ကြောင့် ဖြစ်တဲ့မျက်စိတွင်း ရောဂါပိုးဝင်တာကြောင့် ဆရာဝန်ကို ပြသလေ့ရှိတယ်လို့ သိရပါတယ်။ တချို့ အခြေအနေဆိုးရွားတာကြောင့် မျက်စိကွယ်သွားတဲ့အထိတောင် ဖြစ်တယ်လို့ဆိုပါတယ်။

သင်ရဲ့ မျက်ကပ်မှန်ကို သေချာသန့်ရှင်းရေးမလုပ်ခဲ့ရင် ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှို၊ အမီးဘားနဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ မျက်ကပ်မှန်ပေါ်မှာ ပေါက်ဖွားမှုများပြားလာမှာ ဖြစ်ပါတယ်။ တခါတလေမှာ ဘက်တီးရီးယားတွေက ရေနဲ့ ရောစပ်သွားပြီး Biofilm ဖြစ်သွားတဲ့အတွက မျက်ကပ်မှန်ကို ပိုးသန့်စင်ဖို့ အလွန်ခက်ခဲသွားနိုင်ပါတယ်။ ဒီပိုးမွှားတွေကတစ်ဆင့် မျက်စိထဲကို ရောဂါပိုး ဝင်ရောက်သွားနိုင်ပါတယ်။ မျက်ကပ်မှန်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရအောင် အောက်ပါတို့ကို ပြုလုပ်သင့်တယ်လို့ မျက်စိဆရာဝန်တွေက အကြံဉာဏ်ပေးထားကြပါတယ်။

  • ညွှန်ကြားချက်အတိုင်း မျက်ကပ်မှန်အသစ်မလဲခြင်း
    လူအများစုက နေ့စဉ်လဲလှယ်တပ်ဆင်ရမယ့် မျက်ကပ်မှန်ကို နှစ်ရက်ခန့် ဆက်တိုက်တပ်ထားကြပြီး နှစ်ပတ်ခန့် အသုံးပြုနိုင်တဲ့မျက်ကပ်မှန်ကို သုံးပတ်တိုင်အောင် အသုံးပြုလေ့ရှိတဲ့အတွက် ရောဂါပိုးကို ဖိတ်ခေါ်သလို ဖြစ်နေကြပါတယ်။ ဒါကြောင့် မျက်ကပ်မှန်ဘူးပါ ညွှန်ကြားချက်အတိုင်း လဲလှယ်တပ်ဆင်သင့်ပါတယ်။
  • နေ့စဉ် မျက်ကပ်မှန်ထည့်သည့်ဘူးကို သန့်ရှင်းရေးမလုပ်ခြင်း၊ သုံးလ တစ်ကြိမ်ဘူးသစ် မလဲခြင်း
  • သွားလေရာ ရိုးရိုးမျက်မှန်တစ်လက်ကို အမြဲသယ်ဆောင်မသွားခြင်း
    အကယ်၍ မျက်ကပ်မှန်တပ်နေစဉ်အတွင်း မျက်စိယားယံတာ၊ မျက်ရည်ကျတာ၊ မျက်စိနီရဲတာ၊ မျက်စိနာတာမျိုးဖြစ်ခဲ့ရင် မျက်ကပ်မှန်ချွတ်ပြီး ရိုးရိုးမျက်မှန်တပ်ပါ။ အဲဒီမျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်နဲ့ သေချာဆေးကြောပြီး မျက်ကပ်မှန်ဘူးထဲမှာ ဆေးရည်နဲ့အတူ စိမ်ထားပါ။ မျက်ကပ်မှန်ကို သေချာဂရုစိုက်တာကြောင့် ရောဂါပိုးဝင်ရောက်နိုင်ခြေ လျော့ကျသွားနိုင်ပါတယ်။ မျက်ကြည်လွှာရောင်ရမ်းတဲ့လက္ခဏာတွေဖြစ်တဲ့ မျက်စိယားယံတာ၊ မျက်ရည်ကျတာ၊ မျက်စိနီရဲတာနဲ့ မျက်စိနာကျင်တာတွေ ဖြစ်ခဲ့ရင် မျက်ကပ်မှန်ကို ချက်ချင်းချွတ်ပါ။ နာကျင်တာ မပျောက်ကင်းခဲ့ရင် မျက်စိဆရာဝန်နဲ့ ပြသပေးပါ။

မျက်စိအမြင်အာရုံ ပျက်စီးစေနိုင်သော နေ့စဉ် အပြုအမူများ
အာရုံငါးပါးထဲမှာ မျက်စိအမြင်အာရုံကလည်း တစ်ပါးအပါအဝင်ပါ။ အမြင်အာရုံကောင်းမွန်ဖို့ သင့်မျက်လုံးတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မျက်စိကို ကြည့်ပြီးတော့လည်း ကျန်းမာရေး ဘယ်လောက်ကောင်းမကောင်း ဆိုတာကို သိရှိနိုင်ပါတယ်။ သင့်မျက်စိအမြင်အာရုံက လက်ရှိမှာ ကောင်းမွန်နေပေမယ့် သင့်ရဲ့ အပြူအမူ၊ မျိုးရိုးဗီဇနဲ့ အသက်အရွယ်ကြောင့် အမြင်ဝေဝါးသွားနိုင်ပါတယ်။ သင်က မျက်လုံးတွေကို သေသေချာချာဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့ရင် ရေရှည်မှာ မျက်စိအမြင်အာရုံ ဆိုးရွားသွားနိုင်ပါတယ်။ သင်နေ့စဉ် ပြုမူမိနေတဲ့ အောက်ပါအမူအကျင့်တွေကြောင့် အမြင်အာရုံပျက်စီးနိုင်ပါတယ်။

မျက်စိပွတ်ခြင်း
မျက်စိကိုပွတ်လိုက်မှ ယားတာ သက်သာသလိုလို၊ မျက်စိခြောက်တာ သက်သာသလိုလို ထင်မှတ်တတ်ကြပါတယ်။ အမှန်မှာတော့ မျက်စိပွတ်လိုက်တာကြောင့် မျက်စိထဲက သွေးကြောငယ်တွေ ပေါက်ထွက်တာလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့ မျက်စိထဲမှာ ခုလုခုလုဖြစ်နေရင် လက်နဲ့ပွတ်မယ့်အစား မျက်တေညက်ခတ်လိုက်ပါ။ မျက်တောင်ခတ်တာကြောင့် မျက်ရည်တွေထွက်လာပြီး မျက်လုံးထဲက ဖုန်မုန့်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဖုန်းနဲ့ ကွန်ပျူတာ အသုံးချိန်များလွန်ခြင်း
အခုခေတ်အခါမှာ ဖုန်းနဲ့ ကွန်ပျူတာကို အသုံးပြုပြီး အလုပ်လုပ်ကြရပါတယ်။ ကွန်ပျူတာစခရင်မ်ကို သုံးနာရီထက် ပိုပြီးဆက်တိုက်အသုံးပြုမယ်ဆိုရင် Computer Vision Syndrome ရရှိနိုင်ပါတယ်။ သင်ဟာ ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူဖြစ်နေရင် ကွန်ပျူတာစခရင်ကို Glare Screen ကာထားပါ။ ဒါ့အပြင် မိနစ် ၂၀ ကြာတိုင်း မျက်လုံးကို စက္ကန့် ၂၀ ခန့် အနားပေးပါ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် မျက်လုံးရဲ့ အလယ်လွှာမှာ ရောင်ရမ်းမှု ဖြစ်ပေါ်လာနိုင်ပါတယ်။

အစားအသောက်ရွေးချယ်မှု မှားခြင်း
မျက်စိအမြင်ကာကွယ်ဖို့အတွက် အစားအသောက်တွေက အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ မျက်စိအမြင် အာရုံကောင်းမွန်ဖို့အတွက် ဗီတာမင် အေ ပေါကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ လိမ္မော်သီးသီး၊ သင်္ဘောသီးလိုမျိုး အသီးအနှံတွေကို စားပေးပါ။

မျက်စိကို အကာအကွယ်မထားခြင်း
မျက်လုံးဟာ အနူးညံ့ဆုံး ကိုယ်တွင်းအင်္ဂါထဲက တစ်ခုအဖြစ် ပါဝင်ပါတယ်။ မျက်လုံးကိုအားပြုပြီး အလုပ်လုပ်ရသူ (အထူးသဖြင့် ဂဟေဆော်တဲ့ အလုပ်သမားတွေ၊ ချွန်ထက်တဲ့အရာတွေနဲ့ အလုပ်လုပ်ရသူ) တွေအနေနဲ့ မျက်လုံးကို အကာအကွယ်ယူထားပြီးမှ အလုပ်လုပ်သင့်ပါတယ်။ ရေကူးတဲ့အခါမှာ ရေကူးမျက်မှန်တပ်သင့်သလို နေပူထဲထွက်တဲ့အချိန်မှာလည်း UV Ray ဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက် နေကာမျက်မှန်တပ်ထားသင့်ပါတယ်။

မျက်ကပ်မှန်အဟောင်းကို အသုံးပြုခြင်း
မျက်ကပ်မှန်တိုင်းမှာ သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။ သက်တမ်းလွန်နေတဲ့ မျက်ကပ်မှန်ကို မတပ်ဆင်သင့်ပါဘူး။ တပ်ဆင်မိရင် မျက်စိထဲမှာ အနာဖြစ်တာ၊ မျက်စိနီတာ၊ အမြင်ဝါးတာ ဒါမှမဟုတ် မျက်လုံးတွင်း သွေးကြောငယ်တွေ ပျက်စီးတာလိုမျိုး ဖြစ်တတ်ပါတယ်။

မျက်စိစမ်းသပ်စစ်ဆေးမှု ပုံမှန်မပြုလုပ်ခြင်း
သင့်မျက်လုံးတွေက ပုံမှန်အတိုင်း အလုပ်လုပ်နေနိုင်ရင်တောင်မှ မျက်စိဆရာဝန်နဲ့ မျက်လုံးတွေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ မျက်စိရောဂါရှိမှန်း စောစောစီးစီးသိရှိပြီး ကုသမှုခံယူတာကြောင့် ရောဂါပျောက်ကင်းဖို့ ပိုမိုမြန်ဆန်နိုင်ပါတယ်။

မျက်ဝန်းမိတ်ကပ်အဟောင်းများ အသုံးပြုခြင်း
မျက်တောင်ကော့ဆေးတွေ၊ မျက်လုံးကာချယ်တွေကို အသုံးပြုမယ်ဆိုရင် သက်တမ်းလွန်ပစ္စည်းတွေကို ရှောင်ရှားသင့်ပါတယ်။ ရက်လွန်နေတဲ့ မျက်တောင်ကော့ဆေးအသုံးပြုတာကြောင့် မျက်စိထဲ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်ဖို့ လွယ်ကူသွားနိုင်ပါတယ်။

မျက်စဉ်းဆေးကို အမြဲတမ်းအသုံးပြုချင်နေခြင်း
မျက်စဉ်းဆေးဟာ သင့်မျက်လုံးယားယံတာ ဒါမှမဟုတ် နီရဲတာတွေကို သက်သာနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းကတော့ မျက်စဉ်းဆေးကို မှန်ကန်စွာ အသုံးမချတတ်ပါဘူး။ မျက်စိတစ်ဖက်ကို မျက်စဉ်းဆေးတစ်စက်ထက် ပိုမခတ်ရပါဘူး။ ဒါ့အပြင် မျက်စဉ်းဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးသင့်ပါတယ်။ တခြားသူအသုံးပြုလို့ ကောင်းတယ်လို့ညွှန်းတဲ့ မျက်စဉ်းဆေးတွေကို မိမိသဘောနဲ့မိမိ အသုံးမပြုသင့်ပါဘူး။

အထက်ပါ အပြူအမူတွေကို သင့်အနေနဲ့ မထင်မှတ်ဘဲ နေ့စဉ်ပြူမူမိနေတတ်တဲ့အတွက် သင့်အနေနဲ့မျက်လုံး ကျန်းမာရေးကောင်းမွန်အောင် အခုဆောင်းပါးဖတ်ပြီးကတည်းက ရှောင်ကြဉ်လိုက်ပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts