မောရစ်ရှဗယ်လီယေး

မောရစ်ရှဗယ်လီယေး

မောရစ်ရှဗယ်လီယေး (Maurice Chevalier) (1888-1972)သည် ထင်ရှားသော ပြင်သစ်လူမျိုး တေးသံရှင်၊ အကပညာရှင်နှင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။

အသက် ၂၀ မှာပင် ပါရီဇာတ်ခုံလောက၌ ကြယ်တစ်ပွင့်ဖြစ်ခဲ့သည်။ အသံထွက်ရုပ်ရှင်ခေတ်၌ သူက ကြေးအများဆုံးရသည့် သရုပ်ဆောင်တစ်ဦး ဖြစ်လာသည်။ အောက်နှုတ်ခမ်းတွဲတွဲ၊ ပြင်သစ်သံဝဲဝဲနှင့် စကားပြောတတ်ပြီး ကောက်ရိုးဦးထုပ်ပြားချပ်ချပ်တစ်လုံးကို အမြဲဆောင်းလေ့ရှိသည့် သူ့အား ပရိသတ်အကြီးအကျယ် နှစ်သက်ခဲ့သည်။

‘Gigi’ ‘Love in the Afternoon’ တို့ အပါအဝင် နာမည်ကြီး ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ခဲ့သည်။ အသက်ကြီးရင့်ချိန်အထိ တေးဂီတ ဖျော်ဖြေပွဲများ ကမ္ဘာအနှံ့ လှည့်လည်တင်ဆက်ခဲ့သည်။

သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်( I Remember It Well )ကို ၁၉၇၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

ခင်ဗျား စင်ပေါ်ပြန်တက်ရမှာ ကြောက်နေတယ်မဟုတ်လား၊ ဒါကြောင့်မို့လို့ ခင်ဗျားကို ခင်ဗျား စင်ပေါ်တက်ရတဲ့ ငါ့ဘဝ ပြီးဆုံးသွားပြီလို့ ပြောနေခဲ့တာ၊ ဒါပေမဲ့ အဲ့ဒါက ကြောက်တယ်ဆိုတာကိုရှောင်ချင်လို့ ပေးတဲ့ ဆင်ခြေဆင်လက်သက်သက်လောက်ပဲ ဖြစ်တယ်၊ အကျိုးသင့်အကြောင်းသင့်ကိစ္စ အဟုတ်ဘူးဗျ၊ ယောက်ျားကောင်း တစ်ယောက်ဟာ ကြောက်စရာနဲ့ ကြုံတဲ့အခါ မကြောက်မဟုတ်ဘူး၊ ကြောက်တယ်။ ဒါ ကြောက်စရာလို့လဲ ဝန်ခံတယ်၊ အသိအမှတ်ပြုတယ်၊ သို့သော် အဲသလို သိမှတ်လျက် ဒါကို ရင်ဆိုင်တယ်၊ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်တယ်

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts