မိခင်ဘ၀ကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ

ခေါင်းစဉ် ဖတ်လိုက်ရင်တော့ ထူးဆန်းသွားမယ်။ မိခင်ဘ၀နဲ့ ပရော်ဖက်ရှင်နယ် ဘာဆိုင်လဲပေါ့၊ မိခင်အလုပ်ဆိုတာ အသက်မွေး၀မ်းကျောင်း အလုပ်မှ မဟုတ်တာပဲကို။ ရှင်းပြပါမယ်။

ကျွန်တော်က အမျိုးသမီးတွေ ကိုယ်ပိုင်အလုပ်လုပ်ဖို့ကို အမြဲပြောလေ့ရှိသူပါ။ ဘာလို့ဆိုတော့ ကိုယ်ပိုင်အလုပ်လုပ်မှ ၀င်ငွေရှိမယ်၊ ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေစရာ မလိုတော့ဘူး။ တကယ်တော့ ယောကျာ်း ဖောက်ပြန်နေတာ သိသိကြီးနဲ့၊ ရိုက်နှက်နှိပ်စက်တာတွေ ရှိနေပါရက်နဲ့ ကိုယ့်မှာ သူ့ကို မှီခိုနေရလို့ မကွဲနိုင် မကွာနိုင်ဘူး၊ ကြိတ်မှိတ်ပေါင်းသင်းနေရတယ် ဆိုတာတွေက ၀င်ငွေမရှိလို့ ဖြစ်တာပါ။ နောက်ပြီး ကိုယ့်ယောကျာ်းက အဲ့လို မဟုတ်ပါဘူးဆိုရင်လည်း မတော်တဆ ဆုံးပါးသွားခဲ့ရင် မလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခပင်လယ်တွေ ​ဝေပြီး မကျန်ခဲ့ဖို့က ကိုယ့်မှာ ၀င်ငွေရှိနေဖို့ လိုပါတယ်။

ဒါပေမယ့် အဲ့လို ၀င်ငွေရှာနိုင်တော့မှပဲ ထက်မြက်တဲ့ အမျိုးသမီး ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အဲ့လိုသာ သတ်မှတ်ကြမယ်ဆိုလည်း ကျွန်တော်တို့ရဲ့ အမေတွေ၊ အဖွားတွေ အပါအ၀င် ကမ္ဘာပေါ်က မိခင်တွေ အများကြီးကို အထင်သေးလိုက်ရာ ရောက်မယ် ထင်ပါတယ်။Patriarchy လို့ ​ခေါ်တဲ့ အမျိုးသား ကြီးစိုးတဲ့ ဝါဒမျိုး ရှိ​နေ​တော့ အိမ်အလုပ်၊ က​လေးပြုစုပျိုး​ထောင်တဲ့ အလုပ်ဆို မိန်းမ​တွေနဲ့ပဲ ဆိုင်တယ်လို့ သတ်မှတ်ထားကြတယ်။ ဒါကလည်း ​ပြောင်းလဲသင့်ပါတယ်။ အမျိုးသား​တွေပါ ပူး​ပေါင်းပါဝင်လို့ ရတယ်။ ပါလည်း ပါသင့်တယ်​လေ။ အိမ်အလုပ်လုပ်ဖို့၊ ​က​လေးထိန်းဖို့အတွက်က မိန်းမ ဖြစ်စရာမှ မလိုတာ။ အဲ့လို ကူ​နေတဲ့ အမျိုးသား​တွေလည်း ရှိလာကြပါပြီ။တစ်ဖက်ကလည်း ကျ​နော်တို့ ​ပြောင်းလဲသင့်တဲ့ အမြင်တစ်ခု ရှိပါတယ်။ ဘာလဲဆို​တော့ ပိုက်ဆံရတဲ့ အလုပ်ကိုမှပဲ အလုပ်လို့ ထင်နေတတ်ကြတာပါပဲ။ ခင်ဗျားမိန်းမ ဘာအလုပ်လုပ်လဲလို့ မေးလိုက်ရင် ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ဘူးလို့ပဲ ဖြေကြတာ။ တကယ်တော့ ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာ ထိုင်နေရတာမှ မဟုတ်ဘဲ။ အမေ ခရီးထွက်သွားတဲ့ ၃ ရက်လောက် အိမ်မှာ ဘယ်လိုတွေ ဖြစ်ကျန်နေခဲ့လဲ စဉ်းစားကြည့်လိုက်ရင် အိမ်ရှင်မတွေရဲ့ အခန်းကဏ္ဍကို လွယ်လွယ်ကူကူ သဘောပေါက်လိမ့်မယ်။

ဒီ​ဆောင်းပါးက အဲ့လို Reproductive role ကို ယူထားကြတဲ့ အမျိုးသမီး​တွေကို ရည်ရွယ်ပါတယ်။ယောကျာ်းက ရှေ့တန်းတိုက်စစ်မှူးဆို မိန်းမက နောက်ကနေ သူ ဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးနေသူသာ ဖြစ်တယ်။ ဘာအလုပ်မှ မလုပ်ဘဲ နေနေတာ မဟုတ်ဘူး။ တန်ဖိုး မရှိတာ မဟုတ်ဘူး။ ဘောလုံးပွဲမှာ အနိုင်ရရင် ဂိုးသွင်းသူကိုပဲ သတိရတတ်ကြသလို၊ မိသားစုတစ်စုရဲ့ အောင်မြင်မှုမှာလည်း နောက်ကွယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေ့နေကြတာသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အခန်းကဏ္ဍဟာ ပိုက်ဆံတစ်ပြားမှ ရှာမပေးနိုင်ပေမယ့်လည်း သိပ်အရေးကြီးတယ်ဆိုတာကို အရင်ဆုံး သိစေချင်ပါတယ်။

အိမ်ထောင်မှု ထိန်းသိမ်း၊ ချက်ပြုတ်လျှော်ဖွပ်၊ ယောကျာ်းကို နောက်ကွယ်ကနေ ကူညီပေး စတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာ၀န်တွေအပြင် အရေးကြီးဆုံး တာ၀န်ကတော့ သားသမီးတွေနဲ့ ပတ်သက်တဲ့ မိခင်တာ၀န်ပဲ ဖြစ်ပါတယ်။ ယောကျာ်းက အပြင်ထွက်၊ အလုပ်လုပ်၊ စီးပွားရှာတဲ့ မိသားစုတွေမှာ သားသမီးနဲ့ တကယ်အထိအတွေ့များတာက မိခင်တွေပါ။ ဒါကြောင့် မိခင်တွေရဲ့ အရည်အချင်းက ပျိုးထောင်ခံလိုက်ရတဲ့ သားသမီးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ ဒီအတွက် ပရိုပီသတဲ့ မိခင်တွေ ဖြစ်ဖို့ လိုတယ် ဆိုပြီး သုံးနှုန်းလိုက်ရတာပါ။ဒါဆို အရင်ဆုံး စဉ်းစားကြည့်ပါမယ်၊ Professional ဆိုတာ ဘာလဲအသက်မွေး၀မ်းကျောင်း အလုပ်လုပ်နေသူလို့ အလွယ်ကူဆုံး အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျွန်တော် ပိုပြီး သဘောကျမိတဲ့ ဖွင့်ဆိုချက်ကတော့ ပရော်ဖက်ရှင်နယ်တွေဆိုတာ သူ့အလုပ်ကိုသူ ကောင်းသထက်ကောင်းအောင်၊ သတ်မှတ်ထားတဲ့ Technical standard မီအောင် အစဉ်အမြဲ အားထုတ်နေသူ ဆိုတာပါပဲ။ ဆရာ၀န်ဘွဲ့ ရလိုက်တာနဲ့ ပရိုပီသတဲ့ ဆရာ၀န် မဖြစ်ဘူး။ သူ့အလုပ်သူ အကောင်းဆုံးဖြစ်အောင် လုပ်တယ်၊ သူ့ဆေးပညာနဲ့ ပတ်သက်ပြီး အစဉ်အမြဲ လေ့လာနေတယ်ဆိုမှ ပရိုပီသတယ်လို့ ခေါ်တယ်။ဒါနဲ့ မိခင်ဘ၀နဲ့ကို ချိတ်ဆက်ကြည့်ရအောင်။

မိခင်အားလုံးမှာ အနှိုင်းမဲ့မေတ္တာဆိုတာ ရှိပြီးသားပါ။ သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်၊ အလိုလိုက်တယ်၊ ဖျားနာရင် တတ်သိသလောက် ပြုစုတယ်၊ ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်၊ ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။ ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒါဆို ပရိုပီသတဲ့ မိခင် ဆိုတာကျတော့ရော။ ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ ဒါပေမယ့် သူကျတော့ ပညာတစ်ခု ပိုတိုးလာတယ်။ သူတို့တွေဟာ ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။ မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။ သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။ စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။

လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။ အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံ၀င်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။ ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင် (Vision) ရှိတယ်။

ဟိုတလောက ကလေးအထူးကု ဆရာ၀န် အစ်မတစ်ယောက်က ကလေးတွေ မတော်တဆ ပစ္စည်းသေးသေးလေးတွေ မြိုချမိရင် ဘယ်လိုမျိုး အရေးပေါ်စောင့်ရှောက်မှု ပေးရမလဲ ဆိုတာကို သင်တန်းလေး လုပ်တယ်။ အဲဒီမှာဆို ကလေးမိဘတွေ၊ အထူးသဖြင့် အမေတွေ အများကြီးပဲ အချိန်ပေးပြီး လာတက်ကြတယ်။ ဆိုလိုတာက ဒီအတိုင်းပဲ အိမ်မှာထိုင်နေပြီး ကလေးတွေကို စောင့်ရှောက်နေတာ မဟုတ်ဘူး။ ဒီလိုပညာတွေကိုလည်း ဆည်းပူးနေတယ်။ ဒါသည် တစ်နည်းအားဖြင့် ပြောရရင် Lifelong learning လုပ်နေတာပဲ။ အလုပ်လုပ်နေသူတစ်ယောက် သူ့ရဲ့ Performance ပိုတက်လာဖို့ သင်တန်းတစ်ခု သွားတက်တာနဲ့ အတူတူပဲ။

ကျွန်တော် ပြောချင်တဲ့ ပရိုပီသတဲ့ မိခင်တွေ ဆိုတာ အဲ့လိုမျိုး မိခင်တွေကို ခေါ်တာပါ။ ၀င်ငွေတော့ မရပေမယ့် မိခင်ဘ၀၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။အဲ့လိုမျိုး မိခင်ဘ၀ကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ၊ မိသားစုမှာ ဘာ၀င်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။ ‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။ ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။

ဒီဘက်ခေတ် နောက်ပိုင်းမှာဆို လင်ယောကျာ်း ဆုံးပါးသွားလို့ဖြစ်ဖြစ်၊ ဖောက်ပြန်ပြီး ကွဲသွားလို့ဖြစ်ဖြစ်၊ သားသမီးတွေကို မိခင်တစ်ယောက်တည်းနဲ့ ပြုစုပျိုးထောင်နေရတာတွေ တွေ့လာရပါတယ်။ အဲ့လို Single mother တွေဆိုရင် ပိုက်ဆံလည်း ရှာရတယ်။ သားသမီးကို ပြုစုပျိုးထောင်ရတယ်၊ သူတို့လေးတွေ စိတ်ဓါတ်ကျမသွားအောင် ကိုယ်က ရှေ့ဆောင်လမ်းပြအနေနဲ့ ခိုင်မာပြရတယ်။ ငွေရှာတာရော၊ အိမ်ထောင်မှု ထိန်းသိမ်းတာရော နှစ်ဖက်စလုံးကို မလစ်ဟင်းအောင် လုပ်နေကြတယ်။ ဒီကြားထဲ ပတ်၀န်းကျင်ရဲ့ အထင်သေးမှုတွေကိုလည်း အံတုရသေးတယ်။ ဒါကြောင့်လည်း သိပ်လေးစားစရာကောင်းတဲ့ မိခင်တွေ ဖြစ်နေတာပါ။

သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ၊ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူတွေ ဘယ်က ရောက်လာပါသလဲ။ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။ မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။ ဒါဆို ဗိုလ်ချုပ်အောင်ဆန်း၊ ဂန္ဒီ၊ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် စတဲ့ စတဲ့ လူမှုပတ်၀န်းကျင်ကို အကျိုးပြုခဲ့၊ အကျိုးပြုနေသူတွေကိုရော ဘယ်သူက တင်သွင်းခဲ့ပြန်တာလဲ။မိဘတွေကပဲ တင်သွင်းခဲ့တာပါပဲ။

ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အိမ်မှာနေတဲ့ အိမ်ရှင်မတစ်ယောက်၊ အပြင်အလုပ်မလုပ် ငွေမရှာတဲ့ မိခင်တစ်ယောက်ဟာ တိုင်းပြည်အတွက်၊ လူ့ပတ်၀န်းကျင်အတွက် ဘာမှအကျိုးပြုမနေဘူးလို့ ထင်ချင်စရာ ရှိပါတယ်။ ဒါပေမယ့် အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။ဒါကြောင့် ဒီဆောင်းပါးကို ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ဘိုနာပတ်ရဲ့ အဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်လိုက်ပါရစေ။

“Give me an educated mother, I shall promise you the birth of a civilized, educated nation.”

“ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်”

မိခင်ဘ၀ကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts