သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်း

သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းကို အနေအထိုင် အစားအသောက်ဖြင့် ကုသခြင်း : သိုင်းရွိုက်ဟော်မုန်း လျော့နည်းသူ တစ်ယောက်ကို ဆေးကုသမှုပေးရာတွင် လူနာအနေနှင့် ကျွန်တော်/ကျွန်မတို့ ဘာတွေစားလို့ရသည်၊ ဘာတွေတော့ ရှောင်သင့်သည်ကို ဆရာဝန်ကို မေးလေ့ရှိပါသည်။ အဓိကအနေနှင့် အောက်ပါအတိုင်း စားသောက်ပါက ရောဂါ အမြန်ဆုံး သက်သာပျောက်ကင်းစေရန် အထောက်အကူ ပြုပါလိမ့်မည်။

စားသုံးသင့်သည့် အစားအစာများ

အိုင်အိုဒင်း ဖြည့်စွက်ထားသော အိမ်သုံးဆားကိုသာ သုံးပါ။ အချို့သောသူများသည် ရိုးရိုးအိမ်သုံးဆားကို အမြဲသုံးစွဲခဲ့သဖြင့် အိုင်အိုဒင်း ချို့တဲ့ကာ သိုင်းရွိုက်ဟော်မုန်းမှာ ကောင်းစွာ မပြုလုပ်နိုင်ဘဲ ဖြစ်ရသည်။ အဆိုပါ ပုဂ္ဂိုလ်များအတွက် အိုင်အိုဒင်းဆား ပြောင်းပေးခြင်းဖြင့် ဟော်မုန်းများ ပြန်လည်ထွက်ရှိလာစေမည် ဖြစ်သည်။

အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများကို ဂရုစိုက်၍ ပိုမိုစားပေးသင့်သည်။ ဥပမာအားဖြင့် ပင်လယ်စာများဖြစ်သော ပင်လယ်ငါး၊ ပင်လယ်ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပင်လယ်ရေညှိ အစရှိသည့် အစားအစာများတွင် အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်နေပါသည်။ကယ်လိုရီအရ နည်းသော ဟင်းသီးဟင်းရွက်များကို ပို၍စားပေးသင့်သည်။ ယင်းတို့ တွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာ ပါဝင်နေပါသည်။

ရှောင်ကြဉ်သင့်သည့် အစားအစာများ

သိုင်းရွိုက်ဟော်မုန်း ထွက်ရှိခြင်းကို ဟန့်တားထားသော အစားအစာများကို ရှောင်ကြဉ် ရပါမည် [ဥပမာ – ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီပန်းပွင့်စိမ်း (Broccoli)]။ ယင်းတို့ ကို များများစားပါက သိုင်းရွိုက်ဟော်မုန်းများ ထွက်ရှိမှုကို လျော့နည်းစေကာ လည်ပင်း ကြီးရောဂါ ရစေနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ အစားအစာများကို လည်ပင်းကြီး ရောဂါ ဖြစ်စေသော အစားအစာများ (Goitrogens) ဟုခေါ်သည်။

အငန်ဓာတ်များသော အစားအစာများဖြစ်သည့် ငါးပိ၊ ငံပြာရည်၊ ဆားများများပါသော အစားအစာတို့သည် ခန္ဓာကိုယ်တွင်း ရေဓာတ်များကို စုဝေးပြီး ဖောစေသဖြင့် ရောဂါ လက္ခဏာများ ပို၍ဆိုးစေနိုင်ပါသည်။အနီရောင်ရှိ အသားများဖြစ်သည့် ဝက်သား၊ အမဲသား အစရှိသည်တို့ကို ရှောင်နိုင်လျှင် ပိုကောင်းပါသည်။အချိုမှုန့်သည် ဖောသွပ်ခြင်းကို အားပေးသဖြင့် ရှောင်ကြဉ်သင့်သည်။ ဟင်းရံများကို ချက်ပြုတ်ရာ၌ အချိုမှုန့်အစား စတီးဗီးယား (Stevia) ခေါ် ရွက်ချိုမှုန့်ကို အသုံးပြုနိုင်သည်။

သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်း ကို Dr. Khin Maung Lwin  Facebook Account မှ ကူးယူဖော်ပြပါသည်။

သုတ

openmoreonline

Related Posts