ပျောက်သောလမ်းမှာ စမ်းတဝါး အပိုင်း (၆)

မိုးမိုး (အင်းလျား) အပိုင်း (၆)- နောက်တစ်နေ့တွင် ဆွေဆွေမြင့်ကို မသိမသာမေးကြည့်မိသေးသည်။ “မဆွေ ဟိုဘက် စီမံဌာနက ဦးမြအောင်ကို သိလား” “အသားဖြူဖြူ ရုပ်ခပ်ဖြောင်ဖြောင့်လူလား၊ အမလေး အရော မဝင်နဲ့ လှိုင်ရေ၊ သူက သူ့ကိုယ်သူ မိန်းမနဲ့ ကွဲနေသလိုလို သတင်းလွှင့်ပြီး မိန်းကလေးတွေကိုအချောင်လိုက်ကြံစည်နေတာ၊ သူ့ဌာနက ကောင်မလေး တစ်ယောက်ကလဲ ပြောမရဘူး၊ သနားလို့ ဆိုပြီး လက်ခံနေတယ်၊ တော်တော်ဆိုးတဲ့လူ” ကျွန်မကိုလည်း တစ်ခုလပ်ထင်ပြီး လိုက်နေတာ ဖြစ်မှာပဲဟု တွေးကာ ဒေါသဖြစ်မိရသည်။ ကျွန်မတို့ မိန်းမသားများဘဝမှာ အန္တရယ်က ထူပြောလှပါဘိ။ စာနာကူညီမည့်သူထက် အနိုင်အထက် ပြုလိုသူတို့သာ ပေါများလှချေ၏။ ဘဝကို တစ်ယောက်တည်း ရုန်းကန်ရတာချင်းအတူတူ မိန်းကလေးတစ်ယောက်အဖို့ကား ခက်ခဲ ကြမ်းတမ်းလှသည်။

“ဒါတောင် သူ့မိန်းမက တော်တော်ချောတာ လှိုင်ရဲ့ ၊ ကလေး လေးတွေကလဲ ချစ်စရာလေးတွေ” ဆွေဆွေမြင့်က သူ့စကားကို ဆက်ပြောနေသည်။ ကျွန်မက မကြားတစ်ချက် ကြားတစ်ချက်ဖြင့် အလုပ်လုပ်နေမိသည်။ ကျွန်မ စားပွဲရှေ့တွင် တစ်စုံတစ်ယောက်က ရပ်နေသဖြင့် ကျွန်မ မော့ကြည့်မိ၏။ကျွန်မသည် ရုံးကို မလာစဖူး ရောက်လာသော ကိုကို့ ကို မြင်ရ၍ ဝမ်းသာသွားသည်။ အားလည်းတက်သွားသည်။ ရုံးမှအခြား လူတွေလည်း ကိုကို့ကို မြင်သွားပါစေဟု ဆုတောင်းရင်း ဘေးကိုဝေ့၍ ကြည့်မိပါသေးသည်။ ကျွန်မတို့နှစ်ယောက်ကို မသိမသာ အကဲခတ် နေကြသည်ကို တွေ့ရပါသည်။ ကျွန်မ ကိုကို့ကို ရုံးတွင်းစားသောက်ဆိုင်သို့ ခေါ်လာခဲ့သည်။

“ကိုကိုတို့ရုံးကအသိတစ်ယောက်က ဂွတ္တလစ်ဘက်မှာ အိမ် တစ်လုံး အားတယ်လို့ ပြောတယ်” ကိုကိုက လက်ဖက်ရည်သောက်ရင်း ပြောပါသည်။ “ကိုကို သွားကြည့်သေးလား” “ကြည့်ပြီးပြီ၊ မဆိုးပါဘူး၊ စပေါ်က သုံးထောင်တဲ့” “ပေးရပါစေ ကိုကို၊ လှိုင့် လက်ဝတ်လက်စားတွေ အကုန် ရောင်းပစ်မယ်” ။ပတ်ဝန်းကျင်ကို သတိမထားမိဘဲ လွှတ်ခနဲပြောလိုက်မိသဖြင့် ကိုကိုက ကျွန်မကို မျက်လုံးပြူးကြည့်သည်။ “ဘွားမြင့်က ငွေနှစ်ထောင်ထုတ်ပေးတယ်၊ လိုတာကို ဖေဖေ က ရှာပေးမယ်တဲ့” “ကျေးဇူးတင်စရာကြီးပေါ့ ကိုကိုရယ်၊ လှိုင်တို့ ဘယ်တော့ ပြောင်းရမှာလဲဟင်” “အရင်လူတွေ ဆင်းသွားပြီဆိုရင် ကိုကိုလာခေါ်မယ်လေ၊ လှိုင်လဲ ပိန်သွားတယ်၊ ကျန်းမာရေးကို ဂရုစိုက်နော်၊ ကိုကိုလဲ လှိုင့်ကို တစ်ယောက်တည်းထားရတာ စိတ်မချပါဘူး၊ အလုပ်တောင် မလုပ်စေချင်ဘူး၊ လှိုင်က လုပ်ချင်လွန်းလို့သာ” “ခုခေတ်မှာ မိန်းမတွေအလုပ်လုပ်တာ မဆန်းတော့ပါဘူးနော်၊ လှိုင်တောင် ပဲခူးမပြန်တာ နှစ်ပတ်ရှိသွားပြီ” “လှိုင် ပြောမှ သမီးလေးကို သတိရလိုက်တာ၊ ခုဆို စကားတွေ သိပ်တက်နေမှာပဲ၊ ကိုကိုတို့ကိုတော့ မေ့နေရောပေါ့၊ ကဲ ကိုကို သွားမယ် လှိုင်” ကျွန်မသည် ကိုကို့ကို ရုံးအောက်အထိ လိုက်ပို့ပါသည်။ အပြန်တွင် စားစရာများဝယ်လာပြီး အခန်းထဲမှ လုပ်ဖော်ကိုင်ဘက် များကို ကျွေးမိသည်။

“လှိုင်တို့ အတူတူပြန်နေရတော့မယ် မဆွေရ သိလား၊ ကိုကို က အိမ်ရတော့မယ်တဲ့” “ဝမ်းသာပါတယ်ကွာ၊ ကိုယ်မေးထားတဲ့အိမ်က တစ်ခြားလူတွေ ငှားသွားပြီတဲ့၊ ကိုယ်လဲ ပြောဖို့ မေ့နေတယ်” “ဒီနေ့ ကိုယ် အပျော်ဆုံးနေ့ အထိမ်းအမှတ်နဲ့ စားကြစမ်းကွာ” “အမယ်လေးတဲ့ ခုမှ မင်္ဂလာဆောင်တဲ့ သတို့သမီးကျနေတာပဲ။ ဟား ဟား” “ကောင်းတယ် ကိုကိုရ၊ အရင်အိမ်လောက် မကျယ်ပေမယ့် နေရာ လေးက ကောင်းတယ်၊ ရုံးသွားဖို့လဲ ပိုအဆင်ပြေတယ်၊ နည်းနည်း တော့ကျပ်ကျပ်တည်းတည်း နေရမှာပဲ၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ လှိုင်တို့ နှစ်ယောက်တည်းပဲဟာ” သမီးကို သွားခေါ်သော်လည်း မေမေတို့က မထည့်လိုက် သေးပါ။ ကျွန်မလဲ အလုပ်လုပ်နေပြီမို့ အိမ်တွင် ထားခဲ့ရန်မဖြစ်။ ထိန်းမယ့်လူမရှိ။ အိမ်ဖော်တစ်ယောက်ယောက် ငှားပြီးမှ လာခေါ်လှည့်ဟုဆိုပါသည်။ကိုကိုပါ ပါသွားသဖြင့် မေမေနှင့်ဒေါ်ကြီးမှာ ဝမ်းသာနေရှာပါသည်။ယခုအိမ်လေးမှာ ယခင်လို တစ်အိမ်လုံး လုံးချင်းမဟုတ်တော့ ဘဲ အခန်းတွဲ၍ နေရသည်။ လူနေအိမ်ခြေကလည်း စိပ်သည်။ သို့သော် ရပ်ကွက်က မဆိုးလှ။ ကျွန်မတို့နှစ်ယောက်လုံး ရုံးသွား သည့်အခါ အိမ်ကို တံခါးပိတ်၍ ထားခဲ့ရပေမည်။

ယခုတစ်ခါတွင်တော့အိမ်ထောင်ပစ္စည်းက အတော်စုံနေပြီမို့ တကယ်အိမ်ပြောင်းလာတာနှင့် တူလာပါပြီ။ ကိုကိုကလည်း သည် တစ်ခါ စိတ်ပါလက်ပါဖြင့် အိမ်ကို ဝိုင်းဝန်း ပြင်ဆင်ပေးပါသည်။ “ရေဒီယိုလေးတစ်လုံးတော့ ဝယ်ဦးမှ” အိမ်အတွက် ကိုကိုက စိတ်ဝင်စားမှု ရှိလာ၍ ဝမ်းသာမဆုံး တော့ပါ။ ကျွန်မမှာ ယခုမှပင် ဘဝကို ပြန်စရတော့မည်ဟု ကြည်နူး နေမိပါသည်။ ကျွန်မတို့မှာ ဝင်ငွေကလည်း တိုးလာပြီဖြစ်၍ အိမ်အတွက် လိုတာလေးတွေ ထပ်မံဖြည့်စွက်ရပါဦးမည်။ အစ ကတည်းက ပိုပိုလျှံလျှံ မဝယ်နိုင်ခဲ့သဖြင့် ပြည့်စုံမည်မှ မကြံသေးဟောင်းနွမ်းလာသည့် ပစ္စည်းများကို အစားပြန်ထည့်နေရသဖြင့် ဝယ်၍ မဆုံးတော့ပါချေ။ကျွန်မသည် ဘုရားစင်ကို သန့်ရှင်းသပ်ယပ်စွာ ရှင်းလင်း ပြင်ဆင်လိုက်သည်။ သစ္စာပန်းများကို ဝေနေအောင် ထိုးသည်။ ပြီးလျှင် ဆီမီး ရေချမ်းပူဇော်ကာ ကိုကို့ ကို ဘုရားစင်ရှေ့သို့ ဆွဲခေါ်ခဲ့သည်။ ကိုကိုသည် ဘုရားရှိခိုးတာ ကြာပြီဖြစ်၍ ငါးပါး သီလကိုပင် အထစ်ထစ်အငေါ့ ဖြစ်နေပါသည်။ ကျွန်မက ကိုကိုဘေးမှထိုင်၍ ဘုရားကို အာရုံပြုပြီး ရာသက်ပန်စိတ်ချမ်းသာစွာ နေရပါစေကြောင်း ဆုတောင်းမိလေသည်။

“လှိုင်နဲ့ အတူတူ မခွဲမခွာ ရာသက်ပန် ပေါင်းရပါစေလို့ ဆုတောင်းနော် ကိုကို” “ဟာ လှိုင်ကလဲ၊ ဘုရားရှိခိုးတာက နည်းနည်း၊ ကိုယ်လိုချင် တာချည်း တောင်းတောင်းနေကြတာ မတရားပါဘူး၊ ရှက်စရာကြီး” “အို ကိုကိုကလဲ၊ တောင်းပါလို့ ဆိုနေမှပဲ” “လှိုင် တောင်းရင်လဲ ပြီးတာပဲဟာကို” “မရဘူး၊ ကိုကိုပါ တောင်းရမယ်” “ကဲ တောင်းမယ် တောင်းမယ်၊ ဘုရားတပည့်တော်သည် ဤအနီးရှိ တပည့်တော်မလေးနှင့် ရာသက်ပန် မခွဲမခွာ ပေါင်းရ ပါစေဘုရား၊ သိန်းဆုကြီးလဲ ပေါက်ရပါစေ ဘုရား၊ ကားကြီးလဲ ဝယ်စီးနိုင်ပါစေ၊ မကြာမီ တိုက်ကြီးလဲ” “တော်တော့ တော်တော့၊ တော်တော့လို့ ဆိုနေ” ဤနေ့သည် ကျွန်မတို့၏ စတုတ္ထမြောက် မင်္ဂလာနေ့လေးပင် ဖြစ်ပါသည်။ အိမ်လခ ၇၀ဆန် ၄၀ဆီ ၃၂ရေနံဆီ ၂၅မီတာခ. ၇ရေဖိုး ၁၀သမီးအတွက်ပို့ ၅၀ငရုတ် ကြက်သွန် စသည် ၁၅ ၂ ယောက် ကားခ ၂၀ ၂ ယောက်သုံးရန် ၁ဝဝစုစုပေါင်း ၃၆၉ ၂ ယောက်ပေါင်းလခ ၃၈၀ + ၁၃ဝိ = ၅၁ဝိ ကျန်ငွေ ၁၄ဝိ၊ တစ်လလုံး သုံးရန်။ကျွန်မက သက်ပြင်းရှိုက်သံနှင့်အတူ စာရင်းစာအုပ်ကို ပိတ် လိုက်ပါသည်။

ကိုကို ကျွန်မပခုံးပေါ်မှ ကျော်၍ စာရင်းစာအုပ် ကိုကြည့်ပြီး “လှိုင့်ဟာကလဲ အရင်က ကိုကိုတစ်ယောက်တည်း အလုပ်လုပ် တုန်းကလဲ တစ်လသုံးရန် ဈေးဖိုး ဒီလောက်ပဲ၊ ခု နှစ်ယောက် အလုပ်လုပ်တော့လဲ ဒီလောက်ပဲ” “ကိုကိုကလဲ ဈေးတွေက တက်နေတာကိုးလို့” “ပြီးတော့ အရင်က ကိုကိုတစ်လ ၆ဝ သုံးရတယ်၊ ခု ၅ဝ ပဲ သုံးရတော့မယ်” ။“ကားခ သပ်သပ် ဖယ်ထားသားပဲ၊ ကားခ မယူပါဘူးလေ” “ဒါပေမယ့် ခုလက်ဖက်ရည်က တစ်ခွက် ပြား ၆ဝ ကွ၊ ဒူးယားက တစ်လိပ် ပြား ၃၀” ကျွန်မသည် ဒုတိယအကြိမ် သက်ပြင်းချသံနှင့်အတူ အိပ်ရာ ပေါ်သို့ ပစ်လှဲလိုက်မိသည်။ နေထွက်မှ နေဝင်ထိ တစ်နေ့တာလုံး လှုပ်ရှားသွားလာနေရသဖြင့် ပင်ပန်းလှချေပြီ။ တစ်နေကုန်သော်လည်း တိုးတက်မှုဟူ၍ ဘာမျှ မမြင်ရ။ အနာဂတ်ကို မှန်းမျှော်သော်လည်း မှုန်ဝါးဝါးသာ။ ပစ္စုပ္ပန်ကာလသည်ပင် ကျေနပ်ဖွယ်ရာ မရှိသေး။ တစ်ခုခုတော့ လိုနေသေးသလို ခံစားနေရသည်။

“လှိုင် ဈေးဝယ်ရမယ့်ဒုက္ခကိုလဲ ကြည့်စမ်းပါဦး ကိုကိုရာ၊ ပုဇွန်က ၁၄ ကျပ်၊ ငါးက ၁၂ ကျပ်၊ ကြက်က ၁၆ ကျပ်၊ ဘဲက…” ကိုကိုက ကျွန်မဘေးတွင် ဝင်လှဲရင်း ကျွန်မပါးစပ်ကို လှမ်းပိတ်လိုက်သည်။ “ကဲ ကဲ တော်ပါတော့ကွာ၊ လှိုင်ကကော တစ်လလုံးလုံး၅ဝ ကြီးတောင် ဘာသုံးမှာလဲ၊ လှိုင်တို့ မိန်းကလေးတွေ လက်ဖက်ရည် မသောက်၊ ဆေးလိပ်မသောက်နဲ့” “ကလစ်ဖိုး၊ ဆံညှပ်ဖိုး၊ အဝတ်အစားဖိုးပါ အပြီးသုံးရမှာ လေ၊ ကိုကိုလဲ ကိုကို့ပိုက်ဆံထဲက အဝတ်ဝယ်ဝတ်” ကျွန်မ အပြောကြောင့် ကိုကို မျက်လုံးပြူးသွားသည်။ “ဟောဗျာ ဒုက္ခပါပဲ၊ သမဝါယမကပုဆိုးကြမ်းလေးတွေ ပြန်မရောင်းစားပါနဲ့ လှိုင်ရယ်၊ ကိုကိုပဲ အမြတ်ပေးပြီး ဝယ်ပါ့မယ်” “ကိုကို့အတွက်ကမှ စွပ်ကျယ်လေးဘာလေး ရဦးမယ်၊ လှိုင်တို့ အတွက် ဘာတစ်ခုမှ မရဘူးရှင့်၊ မေမေဆင်ပေးထားတာကလေး တွေ ကျန်နေသေးလို့သာ၊ ရုံးမှာများ ခရစ်တို့၊ တက်ထရွန်တို့ဆို လှည့်တောင်မကြည့်ဝံ့ဘူး၊ ဝတ်တဲ့လူတွေတော့ ဝတ်ကြပါတယ်၊ ဘယ်လိုကြောင့် ဝတ်နိုင်တယ်မသိဘူး” “နည်းအမျိုးမျိုးပေါ့ လှိုင်ရ၊ လှိုင့်သူငယ်ချင်း သီတာနွယ်ကို မေးကြည့်ပါလား” ကိုကိုက ကျွန်မပုခုံးတစ်ဖက်ကို သိုင်းဖက်ရင်း ပြန်ပြောလိုက် ပါသည်။ ကျွန်မက ကိုကို့လက်ကို ပုတ်ချပြီး ကိုကို့ ကို သေသေ ချာချာ ကြည့်မိသည်။

“သီတာနွယ်အကြောင်း ပြောပြန်ပြီ၊ ကိုကိုက သီတာနွယ် အကြောင်း ဘာလို့သိနေရတာလဲ” “ရုံးက ကိုကို့သူငယ်ချင်း တစ်ယောက်က ပြောပြလို့ပါ။ ကောင်မလေးက သိပ်ဆင်းရဲတာပဲတဲ့၊ သူ့ကျောင်းစရိတ် သူ့ ဖာသာ ရှာနေရတာတဲ့၊ သနားပါတယ်တဲ့” “ကိုကိုတို့ ယောက်ျားလေးတွေ သနားတယ်ဆိုတာ ကြောက် စရာကြီးပါ ကိုကိုရာ၊ ကိုကိုတော့ ရောပြီး မသနားလိုက်ပါနဲ့နော်” ကိုကိုပြုံးပြီး ကျွန်မမျက်နှာကို သူ့ရင်ခွင်ထဲမှာ ဝှက်ထား သည်။ “ကိုကို့မှာ သူ့ထက်သနားရမယ့် လှိုင်ရှိနေသားပဲ၊ ပြီးတော့ လှိုင် ကိုကို့အတွက် သားလေး မွေးပေးရဦးမှာနော်” ကိုကိုက သားလေးတစ်ယောက် ထပ်လိုချင်ကြောင်း မကြာ ခဏ ပြောသည်။ ကျွန်မမှာတော့ နောက်ထပ်သားသမီးမွေးရမည်ကို ဝန်လေးနေမိပါသည်။

“သားလေးမွေးတာ အရေးမကြီးဘူးနော်၊ သမီးတောင် မေမေတို့ တာဝန်ယူထားလို့၊ ဒီတစ်ခါ တစ်ယောက်မွေးရင်း နို့မှုန့် ဖိုးနဲ့၊ ကလေးထိန်းငှားရမှာနဲ့ ၊ တခြားစရိတ်တွေ တက်လာမှာနဲ့ လှိုင်တော့ တွေးတွေးပြီး ရင်လေးပါတယ်” ။ကျွန်မမှာ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ကို မှီနွဲ့ ရင်း သားလေးမွေး ရင်ဘယ်သို့ ၊ သမီးလေးမွေးရင် ဘယ်ပုံဟု တချိန်တုန်းကလို စိတ်ကူးယဉ် စကားလေးတွေပင် ဟန်လုပ်၍ မဆိုနိုင်တော့ပါပြီ။ “လှိုင်တောင် တော်တော် မိခင်စိတ် ခေါင်းပါးနေပြီ၊ ဒါကြောင့်လဲ ကမ္ဘာမီးလောင် သားကောင်ချနင်းလို့ ပြောကြတာ ထင်ပါရဲ့” “ကိုကိုကတော့ ပြောနိုင်မှာပေါ့၊ အိမ်ထောင်တစ်ခုမှာ တကယ့် တကယ် အခက်အခဲတွေ၊ ပြဿနာတွေကို ဒိုင်ခံဖြေရှင်းနေရတာက လှိုင်တို့ မိန်းမတွေကို ကိုကိုရဲ့” “ကဲ ကဲ တော်ပါပြီလေ၊ တော်ကြာ ကိုယ်တို့ရန်ဖြစ်နေပါဦးမယ်” ကျွန်မနှင့်ကိုကိုသည် ရန်မဖြစ်စတမ်းဟု ကတိပေးထားကြ ပါသည်။

ကိုကိုက ကျွန်မကို တတ်နိုင်သမျှ ကူညီညာ၍ လုပ်ကိုင် ပေးလာသည်။ မနက်ဆိုလျှင် နှစ်ယောက်အတူတူ အိပ်ရာမှထ၍ထမင်းချက်သည်။ ဟင်းနွေးသည်။ ကိုကိုက အိပ်ရာ ဝိုင်းသိမ်း ပေးသည်။ ရေကမူ မခပ်ရတော့။ ကျွန်မ ဖီးလိမ်းပြင်ဆင် နေချိန် တွင် ကိုကိုက ထမင်းဘူးများ အသင့်ထည့်ထားသည်။ ကျွန်မတို့ မြို့ထဲသို့ အတူတူထွက်လာကြပြီး ကိုယ့်ရုံးကိုယ်သွားကြသည်။ ညနေတွင်တော့ တစ်ယောက်တစ်လမ်း ပြန်ကြရသည်။ ကျွန်မက ဈေးဝင်ဝယ်သည်။ ကိုကိုက အိမ်ကိုအရင် ရောက်နှင့်ပြီး ဆန်ဆေး ထားသည်။ မီးဖိုပေါ်တင်ထားသည်။ တစ်ခါတရံ ထမင်းပင် ကျက်နေတတ်သည်။

“လှိုင်ရေ ဘာဝယ်ခဲ့လဲဟေ့” “ငပြေမလေးတွေ လုပ်ပြီးသား အသင့်ရောင်းနေတာတွေ့လို့ ဝယ်ခဲ့တယ်” “အိုကွာ ကိုကိုမှာ ငပြေမ မစားတတ်တာ အရိုးကများပါဘိ သနဲ့” “ဈေးတော်လို့ ဝယ်လာမိတာပဲကိုကိုရေ ၊ အရိုးစူးမှာကြောက် ရင် လှိုင်ထွင်ပေးပါ့မယ်” သို့သော် ထမင်းဝိုင်းတွင် ကိုကို အရိုးစူးဖြစ်အောင် စူးပါလေ သည်။ ကိုကိုက ရန်စကားမဆိုသော်လည်း ထမင်းကို ဆက်မစား တော့ဘဲ ထသွားပါသဖြင့် ကျွန်မ စိတ်မကောင်းနိုင်တော့ပါပေ။ နောက်နေ့ ညနေတွင်တော့ ငပြေမပြဿနာသည် ဆက်၍ပါလာ တော့သည်။

“လှိုင် မင်းတော်တော်ဆိုး၊ မနေ့က အရိုးစူးမှန်းသိရက်နဲ့ ရုံးက ထမင်းဘူးထဲကို ငပြေမတွေထည့်ပေးလိုက်တယ်၊ ကိုကို့ကို သက်သက်သေကြောင်းကြံနေတာလား” “အို ငပြေမဟင်းပဲရှိတာ၊ ငပြေမ မထည့်လို့ ဘာထည့်ရ မလဲ၊ ပဲပြုတ်ကျော်ဆိုရင်လဲ ရင်ပြည့်လို့ မစားချင်ဘူးဆို” “တော်ပါတော့ လှိုင်ရာ၊ သားငါးဈေးကြီးလို့ မဝယ်နိုင်လို့နဲ့ တော်ရုံရော်ရုံချည်း လုပ်နေတာပဲ” ကျွန်မ ဘာမျှဆက်မပြောချင်တော့ပါ။ ချက်ရပြုတ်ရ ဈေး ဝယ်ရသည့်အလုပ်ကိုလည်း တစ်နေ့တစ်ခြား စိတ်ကုန်လာပါသည်။ အိမ်မရဘဲ တစ်ယောက်တစ်နေရာ နေရတာကမှ နီးတကျက်ကျက် ဝေးတစ်သက်သက်မို့ စိတ်ချမ်းသာသေးသည်ဟုပင် ထင်မိပါသည်။နောက်တစ်နေ့တွင်တော့ ကိုကိုကြိုက်တတ်သည့် ဝက်သား ကို မျက်စိမှိတ်၍ ဝယ်လိုက်ပါသည်။ ဝက်သား ၂၀ သားကို ဈေး သည်က သိပ်မရောင်းချင်၊ ၂၀သားပဲလားဟု မကျေမနပ် ဆိုလေသည်။

“ကျွန်မတို့က နှစ်ယောက်တည်းမို့ပါရှင်” ဟု တောင်းတောင်းပန်ပန် ပြောဝယ်ရသည်။ တစ်ဝက်ကို ညနေဘက် ဂေါ်ဖီထုပ်ကလေးနှင့်ကြော်၍ မနက်ရုံးထည့်ရန် ပဲသီးနှင့်ကြော်ဖို့ တစ်ဝက်ချန်ထားရသည်။ ဒါတောင် ကိုကိုက လှိုင်ကလဲကွာ ဆီပြန်လေးဘာလေးချက်ရောပေါ့ ဟု ဆိုသေးသည်။ ဆီပြန်ချက်လျှင် ဟင်းစားများသော ကျွန်မတို့ နှစ်ယောက်အတွက် မနက်ဖို့ပင်ကျန်မည်မထင်။ ငါးပိရည် တို့စရာနှင့် ရေနွေးကြမ်းနှင့်ဆိုတော့ စား၍မြန်သွားပါသည်။သို့တိုင် မနက် ရောက်တော့ ပြဿနာက ပေါ်ဖြစ်အောင် ပေါ်သေးသည်။ ပဲသီးကို ညကတည်းက ဆိတ်ထားသည့်တိုင် မနက်ရုံးသွားကာနီးတွင် ပဲသီးက မနူးသေးပါချေ။ ဘတ်စ်ကားစောင့်ရမှာကလည်း ကြာဦးမည်မို့ ပဲသီးနူးအောင် မစောင့်နိုင်၊ ကမန်းကတန်း ခူးခပ်ထည့်သွားရသည်။ ညနေတွင် ကိုကို့ထမင်းဘူးထဲ၌ ဝက်သားဖက်များသာ ကုန်သွားပြီး ပဲသီးစိမ်းစိမ်းလေးများနှင့် ထမင်းတစ်ဝက်ခန့် ကျန်နေသည်ကို တွေ့ ရပါလေသည်။

“လှိုင်ကလဲကွာ၊ မီးပူတိုက်တာ ပြန့်လဲမပြန့်ဘူး၊ ကော်လာနဲ့ လက်တွေက တွန့်နေတာပဲ” “လှိုင် ပြောမလို့ပဲ ကိုကို၊ မီးပူကောင်းကောင်း မပူဘူး၊ ပျက်တော့မလား မသိဘူး” နောက်နေ့တွင် မီးပူတကယ်ပျက်သွားပါသည်။ လုံးဝတိုက် မရတော့။ မီးပူလေးမှာ ကျွန်မအဆောင်မှာ နေကတည်းက သုံးလာ သည်မှာ ကြာပြီဖြစ်၍ ဟောင်းနွမ်းနေပြီ။ အသစ်လည်းမဝယ်နိုင်သေး။ ခဏခဏပြင်ပြီး ခဏခဏပျက်ပြန်သည်။ သည်တစ်ခါ ပြင်ရလျှင် လည်း ၁ဝ၊ ၁၅ ကျပ်ကုန်ပေဦးမည်။ လကုန်ရက်မို့ စိတ်ပျက်လှသည်။ အိမ်နီးနားချင်းမှ ကြေးမီးပူတစ်လုံး ငှားကာ မီးသွေးဝယ်ပြီး တိုက်ရ သဖြင့် ညနေဘက်တွင် ချွေးတလုံးလုံးကျသည်အထိ ဒုက္ခခံလိုက် ရပါသေးသည်။ ။မီးပူဒုက္ခမှ မငြိမ်းသေး၊ ထီးဒုက္ခက တက်လာပြန်သည်။ ဈေးခြင်းတောင်းတစ်ဖက် ပိုက်ဆံအိတ်တစ်ဖက်နှင့် ထီးကို ခြင်း တောင်းပေါ်မှတင်ကာ ဘတ်စ်ကားကို တိုးတက်ခဲ့ရသည်။ ပိုက်ဆံအိတ် ကို ဂရုစိုက်နေရသဖြင့် ထီးကို သတိလစ်သွားသည်။ ဘတ်စ်ကားပေါ်မှ ဆင်းတော့ ထီးမပါလာတော့။ ခေါက်ထီးတစ်လက် လေးငါးဆယ်။ ဘယ်လိုလုပ်များဝယ်ရပါ့။

မေမေတို့နှင့်နေခဲ့ရစဉ်ကတော့ လိုချင်တာဆို အချိန်မရွေး ပူဆာလို့ ရသည်။ တစ်ဦးတည်းသောသမီးမို့ အလိုလိုက်သည်။ အဝတ်အထည်ဆိုလျှင်လည်း အသစ်အဆန်း ပေါ်ပြီဟေ့ဆိုလျှင် ပထမဦးဆုံးချုပ်လိုက်သည်ချည်းသာ။ ခုလို ကိုယ့်အိမ်ထောင်နှင့် ကိုယ်ကျမှ ဆင်းရဲလှပါပေ့။ အင်္ကျီအသစ် မချုပ်နိုင်တာကြာပြီ။ သည်ကြားထဲ ကိုကိုက ဆိုသေးသည်။ “တိုက်ပုံလေးတစ်ထည်တော့ ထပ်ချုပ်ချင်တယ်ကွာ၊ ရုံးသွား ရတာ အများနဲ့တောင် မတူတော့ဘူး” “ချုပ်လေ၊ ဒီတစ်ခါလခထုတ်ရင်ချုပ်ပေါ့၊ ကိုကိုတင် မချုပ် နိုင်တာ မဟုတ်ဘူး၊ လှိုင်ကော ဒီလောက် ဖော့တွေ ခရစ်တွေ လျှမ်းလျှမ်းတောက်နေတဲ့ခေတ်မှာ ရှိတာလေးနဲ့ လှည့်ဝတ်နေရတယ်” “အင်းပေါ့လေ၊ ကိုကိုကလဲ လခထောင်ကျော်စား အရာရှိ ကြီးမှမဟုတ်ဘဲ၊ လှိုင်က အိမ်မှုကိစ္စလဲ ဝါသနာပါတယ်၊ အိမ်ကို လဲ လှလှပပနေချင်တယ်၊ လှိုင် သူဌေးနဲ့ ရဖို့ကောင်းတာ၊ အကြောင်း မလှလို့ ကိုကိုနဲ့ လာတွေ့ ရတယ်” “ကိုကိုလဲ ကြီးကြီးသူဇာ သဘောတူတဲ့ အမျိုးသမီးနဲ့ရရင် ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ဘူးနော်” တကယ်တော့ ကျွန်မတို့အိမ်ထောင်ရေးကို အချစ်နှင့် ထူထောင် ခဲ့ခြင်းဖြစ်ပါသည်။ အချစ်သာမပါလျှင် ကြာရှည်ပင် မြဲအံ့မထင်။ ချစ်တာတစ်ခုတည်းနှင့် မိုက်ရူးရဲအိမ်ထောင်ပြုခဲ့ကြခြင်းဟုလည်း မဆိုသာ။

ကျွန်မတို့သည် စဉ်းစားတွေးခေါ်တတ်သည့် အရွယ်တွင် အိမ်ထောင်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် ပစ္စည်းဥစ္စာ အလုပ် အကိုင် ပြည့်ပြည့်စုံစုံ ရှိမှ လက်ထပ်ကြရင်ကော။ သည်လိုသာဆိုရင်ဖြင့် လူတွေအသက်ကြီးပြီး ဘိုးဘွားရိပ်သာရောက်သွားမည်။ ချစ်ရသူနှင့် သည်တသက် ပေါင်းရဖို့ မမြင်ပါချေ။ “လှိုင်ရယ် တစ်ခါတလေ ရုပ်ရှင်လေး ဘာလေး ကြည့်ရအောင်” “မကြည့်ချင်ပါဘူး ကိုကိုရယ်၊ ကိုကိုကြည့်ချင် သွားကြည့်လေ” ကိုကိုသည် လူပျိုဘဝက ရုပ်ရှင် အလွန်ကြိုက်သူဖြစ်ခဲ့သည်။ ကျွန်မနှင့်ရကာမှ ရုပ်ရှင်နှင့် ဝေးခဲ့ရသည်ဟု ဆိုပါသည်။ ကိုကို့လို သာ ပြောကြစတမ်းဆိုလျှင် အိမ်ထောင်သည်ဘဝရောက်ကာမှ ဆုံးရှုံး ရသည့် အခွင့်အရေးတွေက ဒုနှင့်ဒေးပါ။ ကျွန်မကို ခေါ်မရသည့်အဆုံးတော့ ကိုကိုသည် ရုပ်ရှင်ကို တစ်ယောက်တည်းကြည့်တတ်လာသည်။ လှိုင်မှ မလိုက်ဘဲကွာ၊ ရုပ်ရှင်က ဘယ်နေရာမှာဖြင့် ဘယ်လိုကောင်းတာဟု ကိုကိုက ပြန်ပြောတတ်သည်။ ကျွန်မကတော့ ရုပ်ရှင်တစ်ခါထွက်ကြည့်လျှင် ကုန်မည့်စရိတ်ကို တွက်ဆကာ ကိုကိုပြောသမျှနှင့် ရောင့်ရဲနေလိုက် မိတော့သည်။ သို့သော် စနေနေ့လို နေ့မျိုးမှာ ကိုကိုအိမ်ပြန်နောက် ကျသည်ကိုတော့ ကျွန်မ မကျေနပ်နိုင်ပါချေ။

“ညီမလေးကို ရုပ်ရှင် လိုက်ပြနေရလို့ပါ” “ကြီးကြီးသူဇာက ထမင်းပါတစ်ခါတည်း စားသွားဆိုတာနဲ့” “ဘွားမြင့်ဖို့ ဆေးလိုက်ဝယ်ပေးရသေးတယ် လှိုင်ရယ်” ကျွန်မတို့မိန်းမများသည် အိမ်ကိစ္စတွင်နစ်မြှုပ်ကာ ယောက်ျား နှင့် အတူတူတွဲ၍ အပြင်ထွက်ရန်၊ စိတ်လက်ပေါ့ပါးစွာ ပျော်ပွဲရွှင်ပွဲသွားရန် မေ့လျော့နေတတ်ကြပါသည်။ ဤသည်ကိုပင် အပြစ်ဟု ယူဆလျှင်တော့ မတတ်နိုင်ပါပြီ။ “ကိုကိုရယ် ရုံးပိတ်ရက်မှာ လှိုင်တစ်ယောက်တည်း အိမ်မှာ နေရတာ သိပ်အဓိပ္ပာယ်မဲ့တာပဲ၊ အိမ်ဟာ အိမ်နဲ့ မတူတော့သလိုပဲ” ကိုယ်မလိုက်နိုင်ပေမယ့် ယောက်ျားကိုတော့ အိမ်မှာပဲနေစေ ချင်သည်မှာ မိန်းမတို့သဘာဝ။ “လှိုင်က ခေါ်လို့မှ မရတာဘဲကွာ၊ ပြီးတော့ ကိုကိုအိမ်ဝင်ရင် ကြီးကြီးတို့က ဆွဲဆွဲထားလို့ပါ” “ထမင်းတော့ အိမ်ရောက်မှ စားပါကိုကိုရယ်၊ ဘာလဲဟင် လှိုင်က ကိုကိုတို့အိမ်လို ဟင်းကောင်းကောင်း ချက်မကျွေးလို့လား” မိန်းမဟူသည် ကိုယ့်ယောက်ျားကို ကိုယ်ချက်သည့်ဟင်းကိုမှ မြိန်ရည်ရှက်ရည် စားစေချင်သည်။ သို့သော် ကိုကိုကြိုက်တတ်သည့်ကောင်းနိုးရာရာ ဟင်းလျာများကို ကျွန်မလိုက်၍ မကျွေးနိုင်သည် မှာတော့ အမှန်ပင် ဖြစ်သည်။

“ဒီလိုလဲ ကိုကို တစ်ကိုယ်ကောင်းမဆန်ပါဘူး လှိုင်ရယ်။ လှိုင်စေတနာမရှိလို့ မကျွေးတာ မဟုတ်ဘူးဆိုတာ ကိုကိုသိပါတယ်။ နောက်ကို အိမ်မှာပဲပြန်စားပါ့မယ်” ကျွန်မကို ညှာတာသည့်သဘောဖြင့် ကိုကိုအိမ်မှာပင် ထမင်း မှန်မှန်ပြန်စားပါသည်။ သို့သော် လကုန်ကာနီးလေ ကျွန်မ၏လက်ရာ ထမင်းဝိုင်းသည် သွေ့ခြောက်လာလေလေပါတည်း။ကျွန်မတို့သည် ချစ်သူကို အနားထားပြီး ချစ်စကားကို မဆို နိုင်သော ဘဝမျိုးဖြစ်ပါသည်။ ကျွန်မတို့ပြောသမျှသည် ဆန် အကြောင်း၊ ဆီ အကြောင်း၊ မလောက်ငကြောင်း၊ ရှားပါးကြောင်း၊ ချွေတာဖို့အကြောင်း။

“ကိုကိုကလဲ မီးခြစ်ခြစ်ရင် မီးခြစ်ဆံ သိပ်ကုန်တာပဲ၊ မီးခြစ် တစ်ဘူး တစ်မတ်ကိုကိုရဲ့” “အမယ်လေး ကိုကိုရယ်၊ ထမင်းမကုန်ရင် လှိုင့်ထဲ ထည့်ပါ။ သွန်တော့မပစ်ပါနဲ့ ၊ ဆန်တစ်ပြည် လေးကျပ်ကိုကိုရဲ့” “သွားတိုက်ဆေးကို သွားပွတ်တံပေါ် နည်းနည်းတင်လိုက်ရင် တိုက်လို့ရပါတယ် ကိုကိုရယ်၊ ပုလဲသွားတိုက်ဆေးတောင် ငါးကျပ် ပေးရတာ” သည်စကားများကို ပြောရတိုင်း ကျွန်မစိတ်မကောင်းပါ။ မပြောဘဲနေမည်ဟု ကျွန်မ သတိထားပါသည်။ သို့သော် ကျွန်မ ပါးစပ်ကို အဘယ်မည်သော မာရ်နတ်က စီးနေပါသနည်း။ “လှိုင့်အိမ်မှာ နေရတာ သုံးဘီးကား စီးရသလိုပါပဲကွာ။ မီတာက တရိပ်ရိပ်တက်နေတာပဲ၊ ကိုကိုတော့ လှုပ်တောင်မလှုပ်ဝံ့ တော့ဘူး” ကိုကိုက ရယ်စရာလိုလိုနှင့် အတည်ပြောသောအခါ ကျွန်မ သည် နောင်တတရားဖြင့် ကိုကိုဘာလုပ်လုပ် မပြောတော့ပါဟု ဆုံးဖြတ်မိပြန်ပါ၏။

“ကြည့်ပါဦးကိုကို၊ သမီးက သိပ်ထွားတာပဲ၊ ကြီးလာတော့ ကိုကိုနဲ့ ပိုတူလာတယ်နော်၊ သမီး မေမေတို့နဲ့ လိုက်ခဲ့မယ် မဟုတ်လားဟင်” သမီးလေးမှာ ဝဝကစ်ကစ် ချစ်စရာလေး ဖြစ်နေပါပြီ။ ဘာလိုလိုနှင့် သမီးလေးပင် သုံးနှစ်ပြည့်တော့မည်။ ကျွန်မတို့မှန်း၍ ဝယ်လာသော အင်္ကျီလေးများပင် သမီးနှင့် သိပ်မတော်ချင်တော့ပေ။ သမီးသည် ကျွန်မတို့ကို ခပ်စိမ်းစိမ်းပင် ကြည့်နေသည်။ ကျွန်မရဲ့ မေမေကို သူက ဘွားဘွားဟုမခေါ်ဘဲ မေမေကြီးဟု ခေါ်လေသည်။ “ဒီမှာ သမီး၊ ဖေဖေတို့နဲ့ ရန်ကုန်လိုက်ခဲ့မယ်မဟုတ်လား၊ အရုပ်တွေ အင်္ကျီတွေ အများကြီး ဝယ်ပေးမယ်လေ” သမီးက ခေါင်းခါသည်။ “မေမေကြီးနဲ့ပဲ နေမယ်” ဟု ပြော သည်။ “ညည်းတို့က ကလေးကို ခေါ်သွားပြီး နှစ်ယောက်လုံး အလုပ်သွားကြတော့ ဘယ်သူနဲ့ ထားခဲ့မှာလဲ” ဒေါ်ကြီးက သမီးကို ခေါ်သွားမည်ဆိုသဖြင့် မကျေမနပ်နှင့် မေးလေသည်။

“အိမ်ဖော်တစ်ယောက် ခေါ်ထားပါ့မယ် ဒေါ်ကြီးရယ်” “အိမ်ဖော်ခေါ်ရတာများ လွယ်တာမှတ်လို့အေ၊ ညည်းတို့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ လောက်ပါစေဦး၊ ပြီးတော့ ဒီကလေးလေးကို အိမ်ဖော်နဲ့ ပစ်ထားရမှာ စိတ်မချနိုင်ပေါင်” ကျွန်မနှင့်ကိုကိုသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ၍ သက်ပြင်းချမိပါသည်။ ကျွန်မတို့မှာလည်း သမီးကိုမြင်ရ၍ မိဘတို့ချစ်ခြင်းမေတ္တဖြင့် မခွဲနိုင်မခွာရက်ဖြစ်ကာ ခေါ်သွားချင်ပါသော်လည်း တကယ်တော့ ဒေါ်ကြီးပြောသလိုပင် လွယ်ကူသော ကိစ္စမဟုတ်ပါ။ “ကဲပါသမီးရယ်၊ မေမေတို့နဲ့ မလိုက်ချင်လဲနေပါ၊ ဘုရားကို တော့ လိုက်ခဲ့ပါဦး၊ မေမေတို့ကို ဘုရားလိုက်ပို့ပါဦးနော်” ကျွန်မနှင့်ကိုကိုသည် သမီးကိုတစ်ယောက်တစ်ဖက်လက်ဆွဲကာ ရွှေမော်ဓောရင်ပြင်တော်ပေါ်သို့ တက်ခဲ့ကြပါသည်။ ခုလိုတော့လည်း သမီးလေးမှာ ပျော်ရွှင်မြူးတူးစွာ ပြေးလွှားနေပါသည်။ ကျွန်မသည် သမီးလေးကိုကြည့်ကာ ခုလို ငယ်ရွယ်နုနယ်သော ဘဝလေးကတည်း က မိခင်ရင်ခွင်မှာ မဆိုးမနွဲ့ ရှာဘဲ ဘွားအေတို့၏ ပြုစုမှုအောက်တွင် ကြီးပြင်းရှာရသည်ကို သနားမဆုံးဖြစ်နေပါသည်။

“ကိုကိုရယ် လှိုင်တို့အိမ်ထောင်ဟာ ဘယ်တော့များမှ ပြည့်စုံ မှာလဲ၊ သမီးလေးရှိရက်နဲ့ သမီးကိုအိမ်ရဲ့ ဆည်းလည်းလေးအဖြစ် အတူမထားနိုင်တာကိုက အကြီးမားဆုံး ချို့ယွင်းချက်ကြီးပဲနော်” ကျွန်မတို့နှစ်ယောက်သည် ရင်ပြင်တော်ပေါ်ရှိ ခရေပင်အောက် တွင်ထိုင်လျက် သမီးလေးပြေးလွှား ဆော့ကစားနေသည်ကိုကြည်နူး စွာ ငေးကြည့်နေမိကြသည်။ ကျွန်မတို့နှစ်ယောက်လုံး ခွင့်သုံးရက် ယူကာ ပဲခူးကိုလာလည်ခဲ့ကြသည်။ ချစ်စဖွယ် သမီးငယ်လေးကို မြင်ရတော့ သမီးလေးကို ခွဲမထားချင်၊ ပြန်ခေါ်သွားချင်သည်။ သို့သော် အခြေအနေက ဒေါ်ကြီးပြောသည့်အတိုင်း မလွယ်လှပါ။ “သမီးလေးက မိဘနဲ့ ခွဲနေတယ်ဆိုပေမယ့် ဘွားအေတွေရဲ့ ပြုစုမှုအောက်မှာ ချမ်းချမ်းမြေ့မြေ့ နေရသားပဲကွယ်၊ ကိုကိုတို့နဲ့ဆိုရင်မှ ကသီလင်တ နေနေရဦးမယ်” ကိုကိုက နှစ်သိမ့်စကားဆိုပါသည်။

“ဟုတ်ပါတယ်လေ၊ ဈေးရောင်းရင်း လမ်းဘေးချသိပ်ထားရတဲ့ ကလေးတွေ၊ မအေက ချိန်ခွင်တစ်ဖက်ကိုင်ရင်း ရင်ခွင်ထဲမှာ နို့တန်းလန်းနဲ့ ကသိကအောက်နေရရှာတဲ့ ကလေးတွေနဲ့စာရင်တော့ သမီးလေးက အများကြီးကံကောင်းပါတယ်” ကျွန်မတို့သည် သမီးကို အလယ်တွင်ထား၍ ဘုရားရှေ့တွင် ဝပ်ကာ သည်မိ သည် ဖနှင့် သည်သမီးလေး အို အောင် မင်းအောင် ပေါင်းရပါစေကြောင်း ဆုတောင်းမိကြပါသည်။ရောက်ကာစက စိမ်းနေသည့်တိုင် ကျွန်မတို့ပြန်မည်ဆိုတော့ သမီးလေးမျက်နှာ မကောင်းရှာပါ။ ကျွန်မသည် အနိုင်နိုင် စိတ် တင်း၍ ထွက်လာခဲ့ရပြီး ရထားပေါ် အရောက်တွင်မူ မျက်ရည် တွေတွေ ကျမိပါတော့သည်။ မေမေ့ကိုခွဲ၍ ကိုကိုနှင့် လက်ထပ်ရန် ပြန်ခဲ့စဉ်ကမူ ကျွန်မ မျက်ရည်မကျခဲ့ပါတကား။ သမီးလေးနှင့်ခွဲခဲ့ရ၍မှ မျက်ရည်မစဲနိုင်သေးမီ ကျွန်မ ငိုပွဲ ဆင်ရသောအဖြစ်ကို ရင်ဆိုင်ရပြန်ပါသည်။ ကျွန်မမှာ သမီးကြီး ကိုပင် တာဝန်မယူနိုင်သောဘဝမို့ ကိုကိုလိုချင်သော သားလေးကို မမွေးဝံ့သေးပါ။ ကိုကိုပြောသလို မိခင်စိတ် ခေါင်းပါးသည်ပဲဆိုချင်ဆို၊ ကျွန်မတို့ဘဝထဲကို ဒုက္ခတွေမျှခံစားရအောင် လူသား တစ်ယောက်ကို ထပ်မဖိတ်ခေါ်ချင်တော့ပါ။ ထို့ကြောင့်လည်း ကျွန်မမှာ မိန်းမတို့သဘာဝ လစဉ်မှန်ကန်အောင် ဂရုစိုက်နေထိုင်ပါသည်။ ပြက္ခဒိန်တွင် ကျွန်မ သတ်မှတ်ထားသောရက် ရောက်လာလျှင် ကျွန်မမှာ ရင်တထိတ်ထိတ်နှင့် ရှိနေရတတ်သည်။ အခြေအနေ ကောင်းသွားပါမှ တစ်လဖြင့် စိတ်အေးရပြန်ပေါ့ဟု ဟင်းချနိုင်ပါသည်။

“ဆေးပူဆေးခါးတွေများ အရမ်းမစားလေနဲ့နော်’ဟု ကျွန်မ သဘောကို ရိပ်မိသော မေမေက မှာလိုက်ပါသေးသည်။ သို့သော် ကျွန်မမှာ မယုတ်မလွန် သွေးဆေးကိုတော့ မှန်မှန်သောက်မြဲဖြစ်ပါ၏။ ပြီးတော့ကျွန်မတို့ ခြေရင်းအိမ်မှ အဒေါ်ကြီးလက်စွဲတော် အနှိပ်သယ် အမျိုးသမီးကြီးသည် ကျွန်မကို လစဉ်မှန်မှန် သားအိမ်မြှင့်ပေးပါသည်။ ဖျက်ချတာမဟုတ်၍ ငရဲမကြီးနိုင်၊ ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်သည်ဟု ကျွန်မယုံကြည်ပါသည်။ သို့တိုင် အဆင်မသင့်၍ပဲလား၊ ကျွန်မပဲ ရက်တွက်မှားသည်လား မသိ။ နှစ်လတိုင်တိုင် ကျွန်မ မျှော်လင့်သည့်ရက်ကို လွန်လာခဲ့သဖြင့် ကျွန်မစိုးရိမ်ပူပန်လာရပါသည်။ ကိုကို့ကိုမူမပြောဝံ့။ အနှိပ်သယ်ဒေါ်ရွှေနှင့်သာ တိုင်ပင်ဖြစ်သည်။”ရိုးရိုးသွေးထိန်တာပါ အေရယ်၊ ငါ လုပ်ပေးပါ့မယ်၊ အသာ ကလေးနှိပ်လိုက်ရုံပါ” “ဟုတ်ပါ့မလားဒေါ်ရွှေရယ်၊ တော်ကြာ ကလေးဖြစ်နေမှဖြင့်” ကျွန်မမှာ ကလေးရှိမှာလည်း ကြောက်သည်။ ကလေးဖြစ် နေပြီးမှ ဖျက်ပစ်ရမှာကိုလည်း သာ၍ကြောက်သည်။ သို့သော် ဒေါ်ရွှေပြောသလို ရိုးရိုးသွေးထိန်သည်လည်းဖြစ်နိုင်သည်။

“ကလေးဆိုရင်လဲအေ၊ ညည်းအစားအသောက်ပျက်မှာပေါ့။ ခုတော့ ဘာမှမဖြစ်ဘူး မဟုတ်လား”“ဖြစ်တော့မဖြစ်ပါဘူး၊ ဒါပေမယ့်” “ကဲပါအေ၊ ငါစမ်းကြည့်ပါဦးမယ်” စမ်းကြည့်ပါဦးမယ်ဆိုပေမယ့် ဘာကိုမျှ စမ်းသပ်၍မရသေး သည့်အချိန် ဖြစ်ပေမည်။ ဒေါ်ရွှေက သူကျွမ်းကျင်သလို နှိပ်၍ပေး သည်။ ကျွန်မမှာလည်း လစဉ် အနှိပ်ခံနေကျဖြစ်၍ မည်သို့မျှ ထူးထူးခြားခြား မဖြစ်တော့။ သို့သော် ညနေအိမ်သာတက်ရာတွင် ကျွန်မစိတ်ထဲမှာ စနိုးစနောင့်ဖြစ်စေမည့် အရာတစ်ခု ကျဆင်းသွား သည်ဟု ကျွန်မထင်မိသည်။ သည့်နောက်တွင် ကျွန်မမှာ နာကျင် ကိုက်ခဲကာ အိပ်ရာပေါ်သို့ ပြေးလှဲနေလိုက်ရပါတော့သည်။ထိုနေ့က စနေနေ့ဖြစ်သဖြင့် ကိုကို အိမ်ပြန်နောက်ကျသည်။ ရောက်ရောက်ချင်း မျက်စိမျက်နှာပျက်နေသော ကျွန်မကို ကိုကိုက မေးတော့သည်။ “ခါးထဲက ကိုက်တယ်ကိုကို၊ ပြီးတော့ ပြီးတော့” ကျွန်မက အကြောင်းစုံပြောပြမိပါသည်။ ကိုကို့မျက်နှာသည် ရဲ၍မည်း၍ သွားတော့သည်။ ကျွန်မကိုလည်း စားတော့ဝါးတော့ မတတ် ကြည့်ကာ အံကိုကြိတ်၍ မာန်မဲပါလေသည်။

“လှိုင် မင်း မင်း၊ တော်တော် အသိဉာဏ် ခေါင်းပါး ပါကလား၊ မင်းသင်ထားတဲ့ ပညာတွေက ဘာတွေလဲ၊ မင်းမှာ အတွေးအခေါ်မရှိဘူးလား၊ ဒါမျိုးဆိုတာ အဆင်မသင့်ရင် သေသွား တတ်တယ်၊ သေသွားလဲ ဘယ်သူမှ သနားမှာမဟုတ်ဘူး၊ ပြီးတော့မင်း၊ မင်းဟာ ကိုယ့်ရင်သွေးကို ကိုယ်ပြန်သတ်တဲ့ မိန်းမယုတ် ဖြစ်သွားပြီကွ၊ သိရဲ့လား” ကျွန်မသည် ကိုကို့စကားကို နားမခံသာသဖြင့် နားနှစ်ဖက် ကို ပိတ်ကာ အော်လိုက်မိပါသည်။ “ကိုကို ဒီလိုမပြောနဲ့၊ ကိုကို ဒီလို မပြောနဲ့ ၊ လှိုင် မသတ် ဘူး၊ လှိုင် မိန်းမယုတ်မဟုတ်ဘူး၊ အို လှိုင် ဘာမှ မသိဘူး၊ မသိဘူး၊ မသိဘူး” ကျွန်မသည် ခေါင်းအုံးတွင် မျက်နှာအပ်ကာ ရှိုက်၍ရှိုက်၍ ငိုမိပါသည်။ တကယ်တော့ ကျွန်မရင်ထဲမှာ ဗလောင်ဆူနေပါပြီ။ ကျွန်မသည် တကယ်ပင် သန္ဓေတည်စရင်သွေးငယ်ကို သတ်မိပြီလား။ ကျွန်မလူသတ်သမားလား။ ကျွန်မခေါင်းထဲမှာ ချာချာလည်အောင် မူးလာပါသည်။ လက်ဖျားခြေဖျားများသည် ချွေးစေးများဖြင့် အေးစက် လာပါသည်။ ကိုကို၏ ပျာပျာသလဲခေါ်သံ၊ ခေါင်းကို ယပ်ခတ်ပေးသံ၊ ခြေရင်းအိမ်မှ အဒေါ်ကြီး၏ အသံတို့ကို ဝိုးတဝါး ကြားကာ ကျွန်မ မျက်လုံးများ ပြာဝေသွားပါတော့သည်။

“ဆေးစားတဲ့နည်းလဲရှိတယ်၊ အခြားနည်းလဲရှိတယ်၊ ဆေးကတော့ မှန်မှန်ဝယ်စားရမယ်၊ ကြိုက်တာလုပ်ပေါ့” ကျွန်မက ဆရာဝန်မကြီး၏စကားကို သေချာစွာနားထောင် နေမိပါသည်။ ခေတ်မီနည်းစနစ်တွေနှင့် ဆိုလျှင်တော့ စိတ်ချရပါတယ် ဟူသော အသိဖြင့် မိသားစုစီမံကိန်းအရေးကို လာရောက်ဆွေးနွေးနေ မိပါသည်။ ။ “ဆေးဖိုးက တော်တော်ကုန်မှာလား ရှင်” “ဆေးကတော့ မှန်မှန်ဝယ်စားနေရမှာပေါ့ လေ၊ နောက် တစ်နည်းကလဲ အဆင်ပြေချင်တဲ့သူမှ ပြေတယ်” “ဟုတ်ကဲ့၊ ကျွန်မ တိုင်ပင်ကြည့်ပါရစေဦး” “အေး အေး၊ ပြီးတော့ နှစ်နှစ် သုံးနှစ်ထက်တော့ ပိုမနေရ ဘူးနော်၊ အသက် အငယ်ကလေးရှိသေးတယ်၊ မွေးဦး” “ဟုတ်ကဲ့ပါ” သုံးနှစ်လောက် ကလေးဝေးနေရင်လည်း တော်သေးတာပဲဟု တွေးကာ ကိုကိုနှင့် ပြန်တိုင်ပင်ရသည်။ နောက်ဆုံးတော့ လစဉ်ဆေးဖိုးကုန်ကျမည့် ပထမနည်းကိုပယ်ကာ ဒုတိယနည်းကို ရွေး ချယ်မိကြ၏။ အဆင်မသင့်လျှင် သားအိမ်ကင်ဆာဖြစ်တတ်သည်ဟု ပြောသံကြားဖူးသဖြင့် ကြောက်ရွံ့မိသည်မှန်သော်လည်း မွေးရ ကျွေးရမည့်ဒဏ်၊ ကုန်ဈေးနှုန်းဒဏ်၊ ဒုက္ခ သုက္ခဒဏ်တို့ကို တွေးတော ကင်ဆာကိုပဲ ရင်ဆိုင်ရစေတော့ဟု စိတ်နှလုံး ဒုံးဒုံးချလိုက်မိပါ၏။ကျွန်မလိုလူစားတွေ အများကြီးပါ။

ဗဟိုအမျိုးသမီးဆေးရုံး၏ ခွဲစိတ်ခန်းရှေ့ဝယ် အမျိုးသမီးကြီးငယ်တို့သည် သားသမီးနည်းပါး စေကြောင်း သဘာဝကိုတားဆီးရန် စောင့်ဆိုင်းနေကြပါသည်။ တစ်ဖက်တွင်လည်းလူ့ပြည်ကို လူသား အသစ်ကလေးများမွေးဖွား ပေးရန် သန္ဓေသားများကို သယ်ဆောင်လျက် ဝင်လာမစဲတသဲသဲ။ တစ်ဖက်ကလည်း ရခဲလှစွာသော လူ့အဖြစ်ကို တားမြစ်ပိတ်ပင်ကာ ငါ့ဝမ်းပူဆာမနေသာသူတို့က တစ်ပွဲ။တကယ်တော့ ကျွန်မသည်ပင် ယခုလိုအချိန်ဝယ် သားငယ် တစ်ယောက်ကို ထပ်လောင်းမွေးဖွားရမည့်အရွယ်ဖြစ်ပါသည်။ သို့တိုင်အောင် ကျွန်မသည် ကိုယ့်ဘဝ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး အတွက် လူသားတစ်ဦး၏ဘဝကို အစပျိုးခွင့် မပေးနိုင်သေးပါပေ။

“ညီမက ကလေး ဘယ်နှစ်ယောက်ရှိပလဲ” ကျွန်မဘေးမှ မိန်းမတစ်ဦးက မေးလာပါသည်။ “တစ်ယောက်တည်း ရှိပါသေးတယ်” “အိုး မွေးပါဦးတော့အေ၊ တို့မှာက ခုနစ်ယောက်တောင် ရှိနေပြီ၊ မတတ်နိုင်တော့ဘူးလေ” “တစ်ယောက်တည်း တစ်ယောက်မို့လို့ပဲ အဒေါ်ရေ၊ ခုခေတ် ကြီးက မွေးရတာထက် ကျွေးရမှာက ပိုခက်တယ်၊ လွယ်တာ မဟုတ်ဘူး” တစ်ဖက်မှ အမျိုးသမီးတစ်ယောက်က ဝင်ပြောလေသည်။ “အေးလေ ဟုတ်တာပါပဲ၊ တစ်ချို့ကတော့ လင်ကော မယား ကော အလုပ်လုပ်ကြတော့ ကိုယ်ခွဲမရှိလို့ မမွေးနိုင်ကြပြန်ဘူး” “လင်ကော မယားကော အလုပ်မလုပ်လို့လဲ မဖြစ်ဘူးလေ အဒေါ်ရယ်၊ တစ်ယောက်လုပ်စာနဲ့မှ စားလို့မဖြစ်တာ” “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” အမျိုးသမီးများကို တစ်ဦးစီ အလှည့်ကျ ခေါ်သွားသည်။ ကျွန်မသည် ဒုတိယအကြိမ် ဆေးခန်းထဲသို့ဝင်ခဲ့ရပြန်ပြီ။ ယခင် တစ်ခါက သမီးကိုမွေးစဉ်က။ ထိုစဉ်က ဝမ်းမှကျွတ်သော သမီး ငယ်၏ ငိုသံသည်ပင် ကျွန်မအတွက် ဘဝင်အေးစရာ၊ အားတက်စရာ ဖြစ်ခဲ့ရပါ၏။ မွေးခန်းထဲမှ ရွှင်လန်းအားရစွာ ကျွန်မ ထွက်လာခဲ့ ဖူးသည်။ ယခုမူကျွန်မနှလုံးသားသည် ထိုင်းမှိုင်းလေးလံနေချေသည်။

“ကိုကိုရယ် လှိုင်တို့ ငွေစုဖြစ်အောင် စုကြရအောင်နော်။ သုံးနှစ်ဆိုရင် အတော်စုမိမှာ၊ အဲဒီတော့မှ ကိုကို့အတွက် သားသား လေးလဲ မွေးပေးမယ်” “ကလေးမွေးတာပဲကွာ၊ ပိုက်ဆံရှိမှ မွေးရမယ်ဆိုရင် လက်လုပ် လက်စား ဆင်းရဲသားတွေ ဘယ်လိုလုပ်မလဲ၊ ဆင်းရဲလေ မွေးလေပဲ။ လှိုင်တို့လို ပိုက်ဆံပေးပြီး တားရ ဆီးရမှန်းလဲ မသိကြဘူးလေ” “ဟုတ်တော့ဟုတ်ပါတယ်လေ၊ ဒါပေမယ့်” ကျွန်မသည် စိတ်မောစွာ ကိုကို့ရင်ခွင်ဝယ်မှီတွယ်နေမိပါသည်။ ဘဝကို ရင်ဆိုင်ရန် ကျွန်မသည် သတ္တိနည်းနေသည်လား။ ဘဝကကျွန်မကို သတ္တိနည်းစေသည်လား။ မသိတတ်ပါပြီ။ ကျွန်မလိုပင် သတ္တိနည်းသည့် အမျိုးသမီးတွေကဖြင့် ဒုနှင့်ဒေး။ သားသမီး များများမွေးရမှာ သတ္တိနည်းကြတယ်။ အစားဆင်းရဲဒဏ်ကို ရင်ဆိုင် ရန် သတ္တိနည်းကြသည်။ အဝတ်ဆင်းရဲဒဏ်ကို ရင်ဆိုင်ရန် သတ္တိနည်းကြသည်။ သို့ဖြင့် တစ်ဖက်တွင် သတ္တိကို အလွဲသုံးမိကြ ချေသည်။ ပျက်စီးခြင်းကို ရင်ဆိုင်ဝံ့သည့် သတ္တိ။တိုးတိုးကို ရုံးတွင် ရုတ်တရက်မြင်လိုက်ရတော့ ကျွန်မအံ့သြ မိသည်။ တိုးတိုးက ကျွန်မစားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက် လာသည်။

“တိုးတိုး လုပ်အားပေးရလို့ ဒီနေ့ပဲ အလုပ်ဝင်ရတယ်။ မမမြက မှာလိုက်တယ်လေ၊ လှိုင့်ကို သွားတွေ့လိုက်ပါတဲ့” “ဟုတ်လား၊ တိုးတိုး ဘယ်အခန်းမှာလဲ” “ဟိုဘက်ခန်းမှာ မမလှိုင်” ဘာလိုလိုနှင့် တိုးတိုးတို့တောင် ဘွဲ့ရပြီးပြီ။ အလုပ် စဝင်ပြီ ဆိုတော့ လူ့ဘဝကို ခြေလှမ်းစချပြီပေါ့။ ကျွန်မတို့မှာတော့ ဘဝ၏ အခက်အခဲ အကွေ့အကောက်များကို ကြုံသင့်သလောက် ကြုံခဲ့ရပြီ ဖြစ်၍ အားသစ်မာန်သစ်ဖြင့် ဝင်လာသော တိုးတိုးတို့လို ပျိုမြစ် လန်းဆန်းခြင်းမရှိတော့ပါလေ။ လူ့ဘဝတွင် နေနေရသည်ကိုပင် အဓိပ္ပာယ်မရှိတော့ဟု ယူဆလာမိသည်။ “လှိုင် အဲဒီကောင်မလေးနဲ့ ခင်လို့လား” တိုးတိုးထွက်သွားလျှင်ပင် အနီးရှိ ဆွေဆွေမြင့်က ကျွန်မကိုလှမ်းမေးတော့သည်။ စပ်စုတတ်သော လူတွေကြားတွင် နေရသော အဖြစ်ကိုပင် စိတ်မရှည်ချင်တော့။

“လှိုင်တို့ ဘော်ဒါဆောင်မှာ အတူတူနေခဲ့တာပါ၊ ဘာဖြစ်လို့လဲ” “ဪ ဦးသန်းလွင် အလုပ်သွင်းပေးတယ်လို့ ပြောသံကြား လို့ပါ” “သတင်းကလဲ မြန်လှချည်လားကွာ၊ ဒီနေ့မှအလုပ်ဝင်တယ်” ကျွန်မသည် ဆွေဆွေမြင့်၏ စကားကို ဘဝင်မကျနိုင်ပါ။ ဦးသန်းလွင်ဆိုသူမှာ ရုံးတွင်မိန်းကလေးများနှင့် ပတ်သက်၍ နာမည်ပျက်ရှိသူတစ်ယောက်ဖြစ်ပါသည်။ သို့ သော် တိုးတိုးမှာ ဇတ်ဇတ်ကြဲမဟုတ်မခံ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိထား ရ၍ အနည်းငယ် စိတ်အေးရပါသေးသည်။’နီနီလှိုင် တယ်လီဖုန်းလာတယ်”ကိုကိုဆီကပဲ ဖြစ်မည်ဟု အတတ်သိပြီး ဖြစ်ပါသည်။ ဒီနေ့ အိမ်ပြန်နောက်ကျမယ်၊ ထမင်းစားမစောင့်နဲ့တော့ဟုများ ပြောမလား ဟု တထိတ်ထိတ်နှင့် နားထောင်လိုက်ရသည်။

“ဘွားမြင့် တော်တော်နေမကောင်းဘူးတဲ့ လှိုင်၊ ကိုကိုသွား လိုက်ဦးမယ်၊ ဒီနေ့ အိမ်ပြန်မလာတော့ဘူးနော်” “အို ဟုတ်လား၊ လှိုင်ကော လာခဲ့ရမလားဟင်” “နေပေစေလှိုင်၊ အိမ်မှာ လူမရှိဘဲနေမယ်၊ အရေးကြီးရင် ကိုကိုဖုန်းဆက်မယ်” ကျွန်မသည် တွေဝေလေးကန်သောစိတ်ဖြင့် အိမ်သို့ပြန်ခဲ့ရ ပါသည်။ ထိုညက ကျွန်မအိပ်မပျော်ပါ။ ကျွန်မတစ်ယောက်တည်း မြမြသင်း၏ ဝတ္ထုစာအုပ်ကို ဖတ်နေလိုက်သည်။ သူ့ ဝတ္ထုထဲတွင် ကျွန်မတို့ ဘော်ဒါဆောင်တွင်နေခဲ့သော မိန်းကလေးတစ်သိုက်၏ ဘဝအထွေထွေကို သရုပ်ဖော်ထားသည်။ သူ က ဇာတ်လမ်း ဇာတ်ကွက်နှင့် ကလောင်စွမ်းထက်ထက် ခြယ်သထားသော်လည်း ကျွန်မက မျက်စိထဲတွင် ဘယ်ဇာတ်ကောင်ကဖြင့် ဘယ်သူဖြစ်မည် ဟု အစားထိုးကြည့်နေမိပါသည်။

ဘဝတွင် အောင်မြင်မှု သရဖူကိုဆောင်းမည်ဟု ကြွေးကြော် ခဲ့သော်လည်း ပန်းတိုင်မရောက်မီ နောက်ဆုတ်ထွက်ပြေးသွားရသူ မိန်းကလေးတစ်ယောက်၊ ဘဝတွင် ပျော်ရွှင်မှုကိုရှာ၍ နေချင်သလို နေခဲ့ရသည့်တိုင် နောက်ခံအင်အား တောင့်တင်း၍ ဘဝကို အနိုင်ယူနိုင်သည့် မိန်းကလေး တစ်ယောက်၊ချို့တဲ့သောဘဝကို ရရာနည်းလမ်းဖြင့် ဖြည့်စွမ်းရန် ကြိုးစားရင်း ဘဝဆုံးခဲ့ရသူ မိန်းကလေး တစ်ယောက်၊ချမ်းမြေ့သာယာသော အိမ်ထောင်တစ်ခုကို ဖန်တီး တည် ဆောက်လိုက်မည်ဟု အားခဲ့ပြီးမှ ထင်သမျှမလွယ် ရည်မှန်းချက် ပျက်ပြယ်ခဲ့ရသူ မိန်းကလေးတစ်ယောက်၊သူ့ဇာတ်ကောင် သူ့စရိုက်နှင့်အညီ ကျွန်မက တစ်ယောက်ပြီး တစ်ယောက် ပုံဖော်ကြည့်သည်။ သူကတော့ ထွေးထွေး၊ သူကတော့ ကြည်မေဦး၊ သူကတော့ သီတာနွယ်၊ အင်း ဒါက ဒါကတော့ ငါပဲဟု။ မြမြသင်းသည် သူ့ကိုယ်သူတော့ စာရေးဆရာတစ်ယောက် အနေဖြင့် ထိန်ချန်ထားခဲ့လေသည်။

တကယ်တော့ သူသည် ဘဝတွင် ကိုယ်ဖြစ်ချင်ရာကို ဖြစ်အောင်ကြိုးစားနိုင်သော၊ ကံတရား ကလည်း ဖေးမကူညီသော ကံကောင်းသူ မိန်းကလေး တစ်ယောက် မဟုတ်ပါလား။အိပ်ရာဝင်ညဉ့်နက်သွားသဖြင့် နောက်နေ့ နေမြှင့်မှ ကျွန်မ အိပ်ရာက နိုးသည်။ ကျွန်မတစ်ယောက်တည်းမို့ ထမင်းဘူးကို ဖြစ်သလိုပြင်ဆင်ကာ ရုံးသို့ထွက်ခဲ့ရသည်။ ရုံးရောက်လျှင်ပင် ကျွန်မ နောက်စားပွဲမှ ကလေးငါးယောက်အမေ မအေးရီ၏ ရှုံ့မဲ့သော မျက်နှာနှင့် ညည်းညူသံကို မြင်ရကြားရသည်။ သူ၏ ညည်းညူသံ ကို ကြားရဖန်များ၍ ရိုးနေပြီ။ ကျွန်မတို့သည် သူ့ ဒုက္ခကို ကြားရ လွန်း၍ ကိုယ့်ဒုက္ခကိုပင် ကိုယ်မေ့သွားတတ်ကြသည်။

“ဆပ်ပြာကောင်းမှ ခေါင်းပေါင်း ဖြူတယ်တဲ့၊ ငါတော့ ဆပ်ပြာ မကောင်းလို့ လင်မယားရန်ဖြစ်ရပြီ” “ဘာဆိုင်လို့လဲ မအေးရီရဲ့၊ ပြောလိုက်မှဖြင့် အဆန်းချည်းပဲ” “ပြည်သူ့ဆိုင်က ဆပ်ပြာမရလို့ အပြင်က တစ်တောင့် ခြောက်ကျပ်တန် ဝယ်သုံးကြည့်တယ်၊ အတိုက်လဲမခံဘူး၊ အင်္ကျီ တစ်ထည် တစ်တုံးပဲ၊ ပြီးတော့ အင်္ကျီမဖြူလို့ ယောက်ျားက ဆူတယ်လေ” ရုံးရောက်တာနဲ့ မအေးရီ ညည်းသံ ကြားရတော့တာပဲ။ကျွန်မတို့ အိမ်ထောင်သည် အမျိုးသမီးများမှာ ရေနံဆီ အကြောင်း၊ ဆန်အကြောင်း၊ ဆပ်ပြာအကြောင်း ညည်းညူကြ ဆွေးနွေးကြရသည်မှာ နေ့စဉ်လို ဖြစ်နေပါပြီ။ သည်အထဲတွင် မအေးရီက အကဲဆုံး။ ကျွန်မတို့ထဲတွင် သူက ကလေးအများဆုံး လခအနည်းဆုံးလည်း ဖြစ်ရှာသည်။

“ဒီလထဲမှာ နို့မှုန့်ဝယ်ရတာ ၅၀ ကျော်သွားပြီ” ဒုတိယအကြိမ် ညည်းညူသံ။ “ရေနံဆီကလည်း နှစ်ဂါလံတည်းရတယ်၊ ဝယ်ရဦးမယ်၊ ဒုက္ခပါပဲ” “ကဲ တော်ပါတော့ မအေးရီရယ်၊ ကျန်တဲ့လူတွေလဲ အတူတူ ပါပဲ၊ မအေးရီ ညည်းသံကြားရတာနဲ့ အလုပ်လုပ်ရတာတောင် စိတ်မဖြောင့်တော့ဘူး” ပြောသာပြောရသည်။ ကျွန်မသည် တစ်ခါက ပြည်သူ့ဆိုင်မှ စီးကရက်ထုတ်ပေးသည်နှင့် လင်မယား ရန်ဖြစ်ကြရသည်ကို သတိရမိ သေးသည်။ တကယ်တော့ ရုတ်တရက်တွေးလျှင် ဘာမျှ မဆိုင်ပါ။ ထိုနေ့ကစီးကရက် တစ်ဘူးရ၍ ပြန်ရောင်းစားရန် စားပွဲပေါ်တင်ထား သည်။ နောက်နေ့ယူကြည့်တော့ ဘူးက ဖောက်ပြီးနေပြီ။

“စီးကရက်ဘူး ကိုကိုဖောက်လိုက်သလား၊ ဒုက္ခပါပဲ” ကိုကိုက ကျွန်မကို နားမလည်သလို ကြည့်သည်။ “လှိုင်ကလဲကွာ၊ စီးကရက်ဘူးဖောက်တာ မှားနေလို့လား၊ လှိုင်ကိုယ်တိုင် ဖောက်ပေးမယ်လို့ စဉ်းစားထားလို့လား” “နောက်မနေစမ်းပါနဲ့ ကိုကို၊ ပြန်ရောင်းစားမလို့ ထားတာ ကို အလကားဖောက်ပစ်တယ်” ။“ဟောဗျာ၊ ဆိုင်ကသောက်ရအောင်ပေးတာ မဟုတ်ဘူးလား” သည်အချိန်အထိ ကိုကိုမျက်နှာ မပျက်သေးပါ။ “အို သိရက်သားနဲ့ ကိုကိုရယ်၊ မလိုတာတွေ ပြန်ရောင်းပြီး လိုတာတွေ ဝယ်နေရတဲ့ဟာကို၊ ကိုကိုဟာလေ ဘာမှ အလိုက်ကန်းဆိုး မသိဘူး” ကိုကို့မျက်နှာထား တည်သွားပါသည်။

“စီးကရက်လေး တစ်ဘူးနဲ့တော့ အလိုက်မသိဘူးလို့မပြောပါနဲ့ လှိုင်ရာ၊ လှိုင် ပြန်ရောင်းလို့ ရမယ့် တန်ဖိုးကို ကိုကိုပေးဝယ်ပါ့မယ်။ ကျေနပ်ပါတော့” တကယ်တော့ ယောက်ျားများသည် သူတို့ကို နေရာတကာ ချုပ်ချယ်ကန့်ကွက်သည်ကို မကြိုက်တတ်မှန်း ကျွန်မနားလည်ပါ သည်။ အထူးသဖြင့် ငွေရေးကြေးရေးနှင့် အစားအသောက်ဆိုပါတော့။ သို့သော် ကျွန်မသည် ပြည်သူ့ ဆိုင်တစ်ခေါက် ရောက်ပြီး တိုင်း ဘယ်ပစ္စည်းတွေ ပြန်ရောင်းပြီး ဘာတွေပြန်ဝယ်တာ ဘယ် လောက် ကာမိမည်ကိုသာ တွက်တတ်နေပြီဖြစ်၍ ကျန်တာတွေ မေ့သွား တတ်ပါသည်။

ကျွန်မတို့ ချစ်သူဘဝက ကျွန်မသည် အလှူအတန်း သို့မဟုတ် မင်္ဂလာဆောင်မှ ကမ်းလိုက်သော စီးကရက် လေးများကို တရိုတသေသိမ်းလာ၍ ကိုကိုနှင့်တွေ့လျှင် “ကိုကို့ဖို့” ဟု အမှတ်တရ ပေးတတ်သည်ကို သတိရမိပါသည်။ ယခုတော့ ကိုယ်တိုင် ဈေးသက်သက်သာသာဖြင့် ဝယ်ရလာသော စီးကရက်ကိုပင် မသဒ္ဓါ တော့ပါကလား။ “ဒါနဲ့ လှိုင်ရေ၊ လှိုင့်ကောင်မလေး တိုးတိုးကို မနေ့က ရုပ်ရှင်ရုံအောက်မှာ ဦးသန်းလွင်နဲ့ တွေ့ လိုက်တယ်ကွ” အတွေးနယ်ချဲ့နေသော ကျွန်မကို ဝတ္ထုစာအုပ်တစ်အုပ်ကို လက်မှကိုင်ထားသော ဆွေဆွေမြင့်က လှမ်းပြောလိုက်ပါသည်။ ကျွန်မသည် သူ့ကိုမည်သို့မျှ ပြန်လည်ချေပရန် အင်အားမရှိပါ။ ဒီတစ်ခါ အဆောင်သွားမှ တိုးတိုးကို သတိပေးရဦးမည်ဟုသာ မှတ်ထားလိုက်မိသည်။ ကိုကို့ထံမှ တယ်လီဖုန်းကို တစ်နေ့လုံးမျှော်သော်လည်း တစ်ခါမျှ မလာခဲ့ပါ။ ကျွန်မတစ်ယောက်တည်း အိမ်ကိုပြန်ခဲ့ရသည်။ ကို ကို ဒီနေ့မှ ပြန်လာပါဦးမလားဟု တွေးကာအားငယ်မိ၏။

နှစ်ယောက်ပေါင်းစည်းထားသော အိမ်ထောင်တွင် တစ်ယောက် လစ်လပ်နေလျှင် မည်သို့မျှ အဓိပ္ပာယ်မရှိတော့။ သို့သော် ကိုကို ပြန်ရောက်နှင့်နေပါပြီ။ “ဟော ကိုကို၊ ဘွားမြင့် သက်သာသွားပြီလား ဟင်” “သက်တော့ သက်သာပါတယ်၊ အခြေအနေကတော့ သိပ် မကောင်းသေးဘူး၊ အသက်ကလဲ ကြီးပြီလေ” ကိုကို့ကို ကြည့်ရသည်မှာ ပင်ပန်းလာပုံရသည်။ မျက်တွင်း ကျလျက် ချောင်သွားလေသည်။ ကျွန်မက ကိုကို့ကို တယုတယ အင်္ကျီများ လဲလှယ်ပေးလိုက်ပါသည်။ “လှိုင် တစ်ယောက်တည်း ပျင်းနေလား” ကိုကိုက ကျွန်မ နဖူးပြင်ကို ထု၍ မေးသည်။ “ပျင်းတော့ မပျင်းပါဘူး၊ သိပ်အားငယ်တာပဲ” “ကိုကိုအိမ်မှာ ထမင်းမစားရင် လှိုင် ဈေးဖိုး မသက်သာဘူးလားဟင် ” ကျွန်မ ကိုကို့မျက်နှာကို ဖျက်ကနဲလှမ်းကြည့်လိုက်မိသည်။

“ကိုကို ဘာကို ဆိုလိုတာလဲဟင်” “ဪ၊ လှိုင့်မှာ တစ်နေ့တစ်နေ့ ဈေးဖိုးမလောက်လို့ ၊ ဆီမရှိလို့ ဆန်မရှိလို့နဲ့ ညည်းညည်းနေတာ သနားလို့ပါ၊ ကိုကို တစ်ယောက်စာများ တာဝန်ပေါ့ သွားရင် လှိုင် သက်သာသွား မလားလို့” ကိုကို့ကို ကြည့်ရသည်မှာ နောက်သလိုလို၊ အတည်ပြော သလိုလိုနှင့်မို့ ကျွန်မ မကျေနပ်လှပါ။ “ကိုကိုရယ် အိမ်ဆိုတာ ညည်းညူသံတွေတော့ ကြားရစမြဲ ပေါ့၊ ကိုကိုက နားမခံသာဘူးလား၊ လှိုင့်မှာတော့ ရင်ထဲရှိတာ ကိုကို့ကို မပြောရရင် ဘယ်သူ့ သွားပြောရမှာလဲဟင်” “ဟုတ်ပါတယ်လေ၊ ကိုကိုက အလကား နောက်တာပါ။ ကဲ ကဲ ထမင်းစားမယ်၊ ဘာဟင်းချက်လဲ” ငါးခူပေါက်ကလေးတွေ ချဉ်ရည်ချက်တယ်၊ ကိုကို အရိုး မစူးအောင် ထွင်ပေးပါ့မယ်။ ငါးဟင်းချက်တိုင်း ငါးမစားတတ်သော ကိုကို့ကို အရိုး ထွင်ပေးရမြဲ။ အရိုးမပါသော ဟင်းကို ကျွန်မ မလှမ်းနိုင်၍ အရိုး ထွင်သည့် အလုပ်ကိုတော့ ကျွန်မရှောင်၍ မဖြစ်ပါချေ။ကိုကိုကတော့ ထုံးစံအတိုင်း ထမင်းစားမဝင်ပါချေ။ ကိုကို့ကို ကြည့်ရသည်မှာလည်း ငေးငေးငိုင်ငိုင်နှင့်မို့ ကျွန်မအားမရလှပါ။ ဘွားမြင့် နေမကောင်းသည့်အတွက် ကိုကိုစိတ်မကောင်းဖြစ်နေဟန် တူပါသည်။ မြေးများထဲတွင် ဘွားမြင့်သည် ကိုကို့ကို အချစ်ဆုံး ဖြစ်ပေသည်။ ကိုကို့လက်မောင်းကို ခေါင်းအုံးအိပ်သည့်တိုင် ကျွန်မ အိပ်မပျော်ပြန်ပါချေ။ မိုးလင်းကာနီးမှ မှေးကနဲပျော်သွားသော ကျွန်မကို ကိုကိုက နဖူးကို အသာနမ်း၍ နှိုးပါသည်။

“လှိုင် ရုံးနောက်ကျတော့မယ်” “အို ဟုတ်ပါရဲ့ ကိုကို၊ ဟင် ကိုကိုတောင် ရေချိုးပြီးနေပြီ” ကျွန်မအိပ်ရာမှ လူးလဲထလိုက်သည်။ ၈နာရီထိုးတော့မည်။ “ကိုကိုရယ် ဒီနေ့ လှိုင်တို့နှစ်ယောက်လုံး ရုံးလစ်ကြရအောင်၊ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ ရုပ်ရှင်သွားကြည့်ကြမယ်လေ” ကျွန်မသည် ရုတ်တရက်အတွေးပေါက်ကာ ကိုကို့လည်ပင်း ကို ဖက်ပြီး ပြောလိုက်ပါသည်။ “ညကတည်းက ကိုကို ပြောမလို့လှိုင်၊ ဘွားမြင့် အသည်းအသန် ဖြစ်နေတဲ့အချိန်မို့ ဖေဖေက အိမ်မှာ တစ်ပတ်လောက် လာနေပေး ပါတဲ့၊ လှိုင့်ကို တောင်းပန်ချင်လို့ ပြန်လာတာ” ကျွန်မသည် လက်များကို ဖြေလျှော့ပြီး ဖြေးလေးစွာ ပြော လိုက်ရပါသည်။ “သွားနေပါ ကိုကို၊ လှိုင်ခွင့်လွှတ်ပါတယ်” “လှိုင် တစ်ယောက်တည်း ငိုမနေနဲ့နော်” ကိုကိုက ကျွန်မကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “မငိုပါဘူး၊ လှိုင် ဘယ်တုန်းက ငိုဘူးလို့လဲ” “တစ်ခါတစ်ခါ လှိုင် ကြိတ်ကြိတ်ငိုနေတာ ကိုကိုသိပါတယ်” ကျွန်မ အဝတ်အစား ကမန်းကတန်းလဲကာ ရုံးသို့ ထွက်ခဲ့ရ သည်။ ကိုကိုက ကျွန်မကို ရုံးရှေ့ ရောက်အောင် လိုက်ပို့ပါသည်။ ကျွန်မစိတ်များ တွေဝေလေးလံနေမိသည်။ ကိုကို့ ကျောပြင်ကို မျက်စိတစ်ဆုံး ကြည့်ပြီးမှ ရုံးပေါ်သို့ တက်ခဲ့မိပါသည်။

အပိုင်း(၇) (ဇာတ်သိမ်းပိုင်း)ဆက်လက်ရေးသားပါဦးမည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။

openmoreonline

Related Posts