ဘဝနေနည်း

ဘဝနေနည်း

(၁)စာများများဖတ်ပါ။
ဦးသန့်စကားလေးနဲ့ပဲ ပြောပါရစေ။ “စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးသည် စာဖတ်သည်” တဲ့ ၊ သိပ်ကိုမှန်ပါတယ်။ သင်သာစာဖတ်ခြင်းမှာ ဈာန်ဝင်နေရင် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားရမှာ မလွဲဧကန်ပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေ တိုးတက်မြင့်မားစေဖို့ အသိဉာဏ်ပညာတွေ တိုးပွားစေဖို့ အတွက် စာဖတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

(၂)ခရီးတွေ မကြာခဏထွက်ပါ။
တိုတောင်းလှတဲ့ လူ့ဘဝမှာ အတွေ့အကြုံသစ်တွေကို ခံစားဖို့နဲ့ အထွေထွေဗဟုသုတ မြင့်မားစေဖို့ မကြာခဏ ခရီးတွေထွက်သင့်ပါတယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှု တစ်မျိုးဆိုတာ သင်လက်ခံလာပါလိမ့်မယ်။ ရေမြေတောတောင် သဘာဝအလှတွေကို ရှုစားခြင်းဟာလည်း စိတ်ချမ်းသာမှု တစ်မျိုးပါပဲ။ ခရီးထွက်ခြင်းအားဖြင့် သင့်ဆီမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေကိုလည်း အတော်အသင့် လျော့နည်းစေမှာ ဖြစ်ပါတယ်။

(၃)ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါ။
ကျွန်တော် စာတစ်ကြောင်း ဖတ်ခဲ့ဖူးတယ်။ “မင်းနေတဲ့နေရာကို မကြိုက်ရင်ပြောင်းလိုက်
မင်းကသစ်ပင်တစ်ပင် မဟုတ်ဘူး။”
ဟုတ်ပါတယ် .. ကျွန်တော်တို့ဟာ လူတွေပါ။ ရွေ့လျားလို့မရတဲ့ သစ်ပင်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ခဏတာရခဲလှတဲ့ ဒီဘဝလေးမှာ ကိုယ်သဘောကျတဲ့ အလုပ်ကိုလုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။ ဂျော့(ချ်)ဘန်း(စ်)ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ “ကျုပ်ကတော့ ကျုပ်ဝါသနာမပါတဲ့ အလုပ်ကိုလုပ်ပြီး အောင်မြင်တဲ့သူ ဖြစ်ရတာထက် ကျုပ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ပြီး မအောင်မြင်တဲ့သူပဲဖြစ်ချင်တယ်”တဲ့ . . .။ ဟုတ်ကဲ့ . . . ကိုယ်အမှန်တကယ် ဝါသနာပါတဲ့ အလုပ်ကိုပဲလုပ်ပါ။

(၄)တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူပါ။
ဥရောပနိုင်ငံတွေမှာဆိုရင် အသက်၈၀အရွယ် အဘိုးအဘွားတွေဟာ ဘာသာစကား အသစ်တွေကအစ အသိပညာ အတတ်ပညာတွေ သင်ယူလေ့လာနေတုန်းပါပဲ။ တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူနေတတ်တာဟာ သူတို့ရဲ့ ဓလေ့တစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါ၊ အတတ်ပညာ တစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ။ ကာယနဲ့လုပ်တဲ့ အလုပ်ဟာ အသက်ငယ်တုန်းမှာပဲ အကျိုးပြုပါတယ်၊ အသက်တွေကြီးလာရင် ဉာဏနဲ့ လုပ်တဲ့အလုပ်ကသာ ကိုယ့်အတွက် အဆင်ပြေသက်သာစေမှာပါ။

မူလရေးသားသူအား မူပိုင်ခွင့်ပေးပါသည်။
Parami Online Class ၏ Facebook post မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Related Posts