ပြဿနာကိုပြဿနာလို့ပဲ မြင်ပါ

ပြဿနာကို ပြဿနာလို့ပဲ မြင်ပါ

ခေါင်းစဉ်ကလဲ ဘယ်လိုကြီးလဲကွာ။ ပြဿနာကို ပြဿနာလို့မမြင်လို့ ဘယ်လိုမြင်ရမှာလဲလို့ မေးချင်မေးကြပါလိမ့်မယ်။ ပြဿနာကို ပြဿနာလို့ မမြင်တတ်ကြလို့ ရေးပြလိုက်တာပါ။ 

၁၆ ရာစုနှစ်လောက်က ဂျပန်ဆာမူရိုင်းသမား Miyamoto Musashi ဟာသူ့ကိုစိန်ခေါ်လာတဲ့ ဓားသမား၊ သိုင်းသမားတွေအားလုံးကို လက်နက်မဲ့ အနိုင်ယူခဲ့လို့ အလွန်ထင်ရှား ကျော်ကြားခဲ့ပါတယ်။ သူ အသက်ကြီးသွားတဲ့အခါ သူရေးတဲ့စာအုပ်မှာ သူ့ရဲ့ပြိုင်ဘက်ကို အနိုင်ရခဲ့ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ရေးပြခဲ့ပါတယ်။ သူဟာ ယှဉ်ပြိုင်သတ်ပြီဆိုတာနဲ့ တစ်ဖက်သားဟာ ဘာကောင်လဲ နာမည်ကြီးသိုင်းသမားလား၊ လူကောင်ကြီးသလား၊ သေးသလား စတာတွေကို လုံးဝမတွေးတော့ဘူး။ တစ်ဖက်သားရဲ့လှံ့ဟာ ငါ့ရင်ဝကို တည့်တည့်ထိုးလိုက်သလား။

တစ်ဖက်သားရဲ့ဓားဟာ ငါ့ခေါင်းကို ခုတ်လိုက်သလား။ သူခုန်လိုက်တဲ့ ခြေထောက်ဟာ ငါ့ညာဘက်နံစောင်းကိုကန်လိုက်သလား။ သူဒါတွေပဲစဉ်းစားပြီး အဲဒီတိုက်ကွက်တွေကို ဘယ်လိုခြေဖျက်ပြီး ဘယ်လိုတန်ပြန်တိုက်မလဲပဲစဉ်းစားတယ်တဲ့။ သဘောက သတ်ပွဲမှာ တစ်ဖက်သားရဲ့တိုက်ကွက်ကလွဲရင် ဘာမှ မစဉ်းစားဘူး။ ဒီသဘောပါပဲ။ ပြဿနာတစ်ခုဖြစ်လာရင် ပြဿနာကိုပဲဖြေရှင်းဖို့စဉ်းစားပါ။ ပြဿနာနဲ့မဆိုင်တာ မတွေးမိဖို့ပါ။ 

ဥပမာတစ်ခုပြောပါမယ်။ စင်ကာပူက ရုံးတစ်ရုံးမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ကို တစ်နေ့မှာ သူ့အလုပ်ရှင် ‘စ’ လုံးတရုတ်ကဆူ လိုက်ပါတယ်။ အဲဒီကောင်မလေးလုပ်ပေးလိုက်တဲ့ စာရင်းမှားနေလို့ နောင်ကိုသေချာ ဂရုစိုက်တွက်ပါလို့ ပြောလိုက်တယ်။ ဆူပြီးတာနဲ့ အဲဒီမိန်းကလေးဟာ စဉ်းစားတော့တယ်။ ဒီ Boss ဟာ လူမျိုးရေးသိပ်ခွဲခြားတယ်။ ငါတို့မြန်မာဆိုရင် အရမ်းနှိမ်ချင်တယ်။ အေးလေ ငါတို့နိုင်ငံက ဆင်ရဲတော့ အနှိမ်ခံရတာပေါ့။ ငါတို့နိုင်ငံဟာ တစ်ချိန်တုန်းက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဆိုတာ သူမသိဘူးထင်တယ်။ ဒင်းတို့က နိုင်ငံချမ်းသာတယ်ဆိုပြီး ကြွားနေတာ။ တကယ်တမ်းတော့ သယံဇာတ မပြောနဲ့ ရေတောင်ဝယ်သောက်နေရတဲ့ နိုင်ငံကများ။ ငါတို့နိုင်ငံ ဒီမိုကရေစီရရင် နင်တို့နိုင်ငံကလူတွေကို ငါတို့စီမှာ WP နဲ့ပြန်ခိုင်းစားမယ် စသဖြင့်တွေးနေမိတယ်။ အလုပ်ဆင်းလို့ အိမ်အပြန်လမ်းမှာ ရထားစီးရင်းလည်း ဒါပဲ ဆက်တွေးနေမိတယ်။ ညအိပ်ရာဝင်တော့လဲ ဒီအကြောင်းတွေပဲ ခေါင်းထဲမှာ တစ်ရစ်ဝဲဝဲ ပေါ်နေခဲ့တယ်။ ဒီကောင်မလေးတစ်ယောက်စိတ်ချမ်းသာပါ့ဦးမလား။ 

တစ်ကယ်တော့ ပြဿနာကဘာလဲ။ သူစာရင်းတွက်တာ မှားသွားတယ်။ မှားလို့ Boss ကဆူတယ်။ နောင်မမှားအောင် ဂရုစိုက်ဖို့ပြောတယ်။ ရှင်းရှင်းလေးပါပဲ။ ပြဿနာကို ဖြေရှင်းဖို့က ဒါမျိုးအမှား နောက်ထပ်မမှားအောင် ဂရုစိုက်ဆင်ခြင်လိုက်ရင် ပြီးသွားရမယ့် ကိစ္စပါ။ ဒါပေမယ့် ခံစားချက်တွေထည့်ပြီး စဉ်းစားလိုက်တော့ ပြဿနာရဲ့ အရင်းအမြစ်ကို မမြင်ရတော့ဘူး။ ပြဿနာနဲ့ မဆိုင်တာတွေဘက် အတွေးနယ်ချဲ့သွားပြီး တွေးရင်းနဲ့ စိတ်မချမ်းမသာ ဖြစ်ရပြီ။ 

ဒါကြောင့် ပြဿနာတစ်ခုခုကြုံလာရင် ပြဿနာသက်သက်ကိုပဲကြည့်ပြီး ဖြေရှင်းဖို့ အဖြေရှာပါ။ ပြဿနာထက်ကျော်လွန်ပြီး မစဉ်းစားပါနဲ့။ ပြဿနာနဲ့မဆိုင်တဲ့ ခံစားချက်တွေ အတွေးတွေကို ခေါင်းထဲအဝင်မခံပါနဲ့။ ဒါဆိုရင် စိတ်ချမ်းသာပြီး ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ 

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts