ပျော်ရွှင်ခြင်းဆိုတာ အခက်အခဲတွေကို ဖြေရှင်းလိုက်မှ ရောက်လာတာ

ပျော်ရွှင်ခြင်း ဆိုတာ အခက်အခဲတွေကို ဖြေရှင်းလိုက်မှ ရောက်လာတာ

ဘဝမှာ ပြဿနာ၊ အခက်အခဲဆိုတာ ပုံမှန်ဖြစ်နေတဲ့ အရာတွေ။ ဥပမာ – ကျန်းမာရေးပြဿနာကို ရှင်းချင်လို့ အားကစားလုပ်ဖို့ ကြိုးစားတော့ နောက်ဆက်တွဲ အခက်အခဲတွေ ပေါ်လာပြန်ရော။ မနက်စောစော ထရမယ့်ပြဿနာ၊ ချွေးတဒီးဒီးကျအောင် ကစားရမယ့် ပြဿနာ၊ ကစားပြီး ရုံးမသွားခင် ရေအမြန်ချိုးရမယ့် ပြဿနာ စသဖြင့်။ အိမ်ထောင်ရေးမှာလည်း အတူတူပဲ။ ရိုမန်တစ်ဒင်နာလေး မစားရတာကြာပြီ၊ တစ်ခေါက်လောက်သွားရအောင်ဆိုပြီး စီစဉ်။ အဲဒီအခါကျတော့လည်း ဒင်နာကောင်းကောင်းစားဖို့ ပိုက်ဆံကုန်မယ့်ပြဿနာ၊ အရင်လို ချစ်သေးရဲ့လားဆိုပြီး လူပျို၊ အပျိုစိတ်ကလေး ပြန်မွေးရမယ့် အခက်အခဲ၊ အိမ်ပြန်ရောက်တော့လည်း အရင်လို အားရပါးရ ချစ်တလင်းပေါ် စစ်ခင်းနိုင်ပါ့မလားဆိုတဲ့ ဒုက္ခ။

ဒုက္ခ၊ ပြဿနာ၊ အခက်အခဲတွေဆိုတာ ဘယ်တော့မှ ရပ်မသွားဘူး။ ပုံစံပြောင်းသွားတာ၊ ပိုအဆင့်မြင့်သွားတာ၊ ပိုကောင်းသွားတာပဲ ရှိတယ်။ ပျော်ရွှင်ခြင်းဆိုတာ အခက်အခဲတွေကို ဖြေရှင်းလိုက်မှ ရောက်လာမှာ။ ဖြေရှင်းတယ်ဆိုတဲ့ စကားက အရေးကြီးတယ်။ ဒုက္ခအခက်အခဲတွေကို မဖြေရှင်းဘဲ ထားတာ၊ ဘာအခက်အခဲမှ မရှိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ညာထားတာ သောကကို လောင်စာကျွေးနေသလိုပဲ။ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ များလိုက်တာဆိုပြီး ဘာမှမလုပ်ဘဲ ထိုင်ပြီး ခံစားနေရင်လည်း စိတ်ဆင်းရဲရမယ်။ ဒီတော့ တကယ့်နည်းလမ်းအမှန်က အခက်အခဲတွေကို ဖြေရှင်းလိုက်ဖို့ ဖြစ်တယ်။ အခက်အခဲကင်းတဲ့ ဘဝကို တည်ဆောက်ဖို့ မဟုတ်ဘူး။

ဒီတော့ ပျော်ရွှင်ဖို့အတွက် ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ လိုလာပြီ။ ဒါကြောင့် ပျော်ရွှင်ခြင်းဆိုတာ ဆက်တိုက်လုပ်ရမယ့် အလုပ်တစ်ခုဖြစ်တယ်။ ကုသိုလ်ကံကောင်းလို့ အလကားနေ ပျော်နေမှာ မဟုတ်ဘူး။ ပျော်ရွှင်နည်း စာအုပ်တွေဖတ်ပြီး ပျော်တယ်ဟေ့ ကျွန်ုပ် ဒီနေ့ ပျော်သည်ဆိုပြီး ပြောလိုက်ရုံနဲ့ ရသွားမယ့် အရာ မဟုတ်ဘူး။ ပိုက်ဆံတွေ ပိုလျှံပြီး အိမ်အကြီးကြီး ထပ်ဆောက်လိုက်ရုံနဲ့လည်း ရမှာမဟုတ်ဘူး။ ကိုယ့်အတွက် အဆင်သင့်လေးဖြစ်အောင် သူများတွေက လက်ဆောင်လာပေးမယ့် အရာလည်း မဟုတ်ဘူး။

ပျော်ရွှင်ခြင်းဆိုတာ အမြဲတမ်း ပုံမှန်လုပ်သွားရမယ့် အရာတစ်မျိုးဖြစ်တယ်။ အခက်အခဲတွေကို ဖြေရှင်းမှ ပျော်ရွှင်မှု ရမှာ ဖြစ်တဲ့အတွက် တကယ်ပျော်ရွှင်ချင်ရင် မှန်မှန်ဖြေရှင်းသွားရမယ့် အခက်အခဲတွေကို ကြိုဆိုရမယ်။ ဒီနေ့ဖြေရှင်းလိုက်တဲ့ ပြဿနာတွေဟာ မနက်ဖြန်အတွက် အခက်အခဲတွေ ထပ်ဖြစ်လာရင် ဖြစ်လာမယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ကိုယ်တကယ် စိတ်ပါလက်ပါ ဖြေရှင်းချင်တဲ့ အခက်အခဲတွေကို တွေ့သွားတာပဲလေ။

ချမ်းမြေ့ဝင်း ဘာသာပြန်သော ဂရုမစိုက်ခြင်း အနုပညာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts