နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း - ၂)

နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း – ၂)

တရားစီရင်ရေးကို ပြသသည် ဆိုသော်လည်း ချန်ကျင်းကို များများစားစား တွေ့ခွင့်မရကြပေ။ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ချန်ကျင်း၏နောက်လိုက် အမျိုးသမီးငယ်နှစ်ဦး တရားရုံးသို့ လာပြီး ၁၉၇၄ ခုနှစ်မှ အဖြစ်အပျက်များကို လာရောက်အစစ်ခံကြသည်။ ချန်ကျင်းက ဥက္ကဋ္ဌကြီးမော်ကို စစ်ပြန်ကွန်မြူနစ်များအား ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖြစ်ပေါ်စေရန် တွန်းအားပေးခဲ့ကြောင်း ဖြောင့်ချက်ပေးကြခြင်း ဖြစ်သည်။ ချန်ကျင်းက တည်ငြိမ်စွာဖြင့် တရားခွင် ဝက်ခြံသံတိုင်များကို မှီရင်း ကောင်မလေးတွေကို ငေးကြည့်နေသည်။ ပြီးနောက် သူတို့ပြောနေသည်များကို မကြားချင် ဆိုသည့်သဘောဖြင့် နားကြပ်ကို ဖြုတ်မည်ဟု သူ့နားကို လက်ညှိုးထိုးပြနေသည်။

အားလုံးသော စွဲချက်တွေက ချန်ကျင်းထံသို့ စုပြုံလာသည်။ စွဲချက်တစ်ခုတွင် မော်စီတုန်းနှင့် လက်မထပ်မီက တွေ့ဆုံခဲ့ဖူးသူ တစ်ဦးကိုပင် အဆုံးစီရင်ခဲ့ဖူးသည်ဟု ပါလာသည်။ ထို့ပြင် အခြားကိုယ်ရေးကိုယ်တာနှင့် ပက်သက်သည့် စွဲချက်တွေကလည်း ထိတ်လန့်စရာ ကောင်းလှသည်။ ပြည်သူတို့ နေထိုင်သည့် အိမ်များသို့ ဝင်ချင်တိုင်းဝင်ကာ စာရွက်စာတမ်းများ ရှာဖွေတတ်သည့် အကြောင်းတွေလည်း ပါလာသည်။

သမ္မတ လျူရှောက်ချီနှင့် ပက်သက်၍ စွပ်စွဲသည့် သက်သေအထောက်အထားများမှာ အဆိုးရွားဆုံး ဖြစ်သည်။ လျူသည် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ဖောက်ပြန်ရေးသမားအဖြစ် စွပ်စွဲခံရပြီး အကျဉ်းထောင်ထဲတွင် အစပျောက်သွားခဲ့ရသူ ဖြစ်သည်။ မော်စီတုန်း၏ဇနီးဖြစ်သူ ချန်ကျင်းသည် လျူရှောက်ချီ၏ ချောမောလှပသည့် အမေရိကန်နိုင်ငံဖွား ဇနီးကို မနာလို မရှုစိမ့်နေသူ ဖြစ်သည်။ သူမသည်လည်း ထောင်ထဲတွင် ၁၁ နှစ်ခန့် နေလိုက်ရသည်။ တရားရုံးတွင် ချန်ကျင်းသည် သူမ လုပ်ခဲ့သမျှ ဘာတစ်ခုမျှ မမှတ်မိ၊ ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သမျှလည်း ဘာမျှ မမှတ်မိဟု ပြောရုံမက သူမကို အမေရိကန်၊ ဂျပန်နှင့် တရုတ်(တိုင်ပေ) တို့၏ သူလျှိုအဖြစ် စွပ်စွဲချက်များကိုလည်း ငြင်းဆိုသွားခဲ့သည်။ တရားရုံးက ချန်ကျင်း၏ လက်မှတ်များဖြင့် ဖမ်းဆီးမိန့် ထုတ်ခဲ့သည်များကို သက်သေပြခဲ့သည်။ သူမက “အေး … ဟုတ်တယ်၊ အဲဒါ ငါ့လက်ရေးပဲ၊ ဒါတော့ ငါ မှတ်မိတယ်” ဟု ဂရုမစိုက်သလို ပြောခဲ့သည်။

ထို့ပြင် လျူရှောက်ချီနှင့် ပက်သက်နေသည့် လူပေါင်း ၁၁ ဦးကို ဖမ်းဆီးမိန့်လက်မှတ်ထိုးကာ ထုတ်ခဲ့ခြင်းနှင့် ပက်သက်၍လည်း ဝန်ခံခဲ့သည်။ ထိုအထဲမှ တစ်ဦးသည် ဖမ်းဆီးနှိပ်စက်သည့်ဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ လျူရှောက်ချီ၏ ထမင်းချက်ဖြစ်သူကိုပင် လက်ရာကောင်းလွန်းသဖြင့် ဖောက်ပြန်သည့် လူတန်းစားကို အလုပ်အကျွေးပြုသူ တံဆိပ်ကပ်ကာ ဖမ်းဆီးခဲ့သည်။ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များအားလုံးကို ဖောက်ပြန်သည့် လူတန်းစားဉာဉ် ရှိသူများအဖြစ် သတ်မှတ်စွပ်စွဲခြင်းခံရကာ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုထမင်းချက်ကြီးသည် တရားရုံးသို့ လာရောက်ကာ သူသည် ထောင်ဒဏ် ခြောက်နှစ်ကျော် အကျဉ်းချခံရပြီး လျူရှောက်ချီနှင့် သူ့ဇနီးသည်တို့ တံဆိပ်တုံးအတုလုပ်မှုနှင့် ပက်သက်ပြီး သက်သေခံပေးပါမည်ဟု ကတိပြုသဖြင့် စောစီးစွာ လွတ်လာခဲ့ကြောင်း ထွက်ချက်ပေးခဲ့သည်။

ပြန်လည်ပြင်ဆင်ရေးဝါဒကို ဆန့်ကျင်သည့်တိုက်ပွဲတွင် စွပ်စွဲချက်များသည် ခိုင်လုံမှုရှိရန် လိုသည်ဟု ချန်ကျင်းက တိုက်ခိုက်ဝေဖန်ခဲ့သည်။ သို့သော် သူမ ပြန်လည်လျှောက်လဲချက်များကို ဖြတ်တောက်ထုတ်ပြန်ခဲ့သဖြင့် အဖြစ်မှန်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။ ဥပမာ သူမ လုပ်ဆောင်သမျှအားလုံးသည် ဥက္ကဋ္ဌကြီးမော်၏ ခွင့်ပြုချက်များအရသာ လုပ်ဆောင်ခြင်းဖြစ်ပြီး အမိန့်ကို နာခံသည့် သဘောသာဖြစ်ကြောင်း ပြောကြားချက်များ ဖြစ်သည်။ ထိုပြောဆိုမှုမျိုးကို အသစ်တက်လာသည့် ခေါင်းဆောင်ပိုင်းက မလိုလားသည်ကတော့ အမှန်ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်လောက်တွင် မော်စီတုန်းဝါဒသည် ရေပန်းစားနေဆဲ ဖြစ်သည်။ ထိုစဉ်ကာလတွင် ခေါင်းဆောင်ကြီးကို ဝေဖန်တိုက်ခိုက်ခြင်းသည် ရာဇဝတ်မှုပင် ဖြစ်သည်။ ဝေဖန်ရေးဆိုရာတွင် ခေါင်းဆောင်ပိုင်းကို လေသံတိုးတိုးပင် မပြောဝံ့သည့်ကာလဟု ဆိုနိုင်သည်။ လေးဦးဂိုဏ်းနှင့် မော်စီတုန်းနေရာကို ဆက်ခံမည့် ဥက္ကဋ္ဌကြီးဟွာကိုဖုန်းတို့ ဆက်စပ်နေသယောင်ယောင် အသံတွေလည်း ထွက်လာသည်။ ၁၉၇၆ ခုနှစ်ပိုင်းတွင် ဟွာကိုဖုန်း၏ သြဇာအာဏာတွေ ကျဆင်းလာခဲ့ရကာ ပါတီမှ နုတ်ထွက်ခဲ့ရသည်။ ဒု-ဥက္ကဋ္ဌ တိန်ရှောက်ပင်က တရားရုံးတွင် ဟွာကိုဖုန်းသည် အပြစ်မရှိကြောင်း ထွက်ဆိုပေးရန် နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ဆိုကြသည်။

အာဏာပိုင်များသည် ချန်ကျင်း၏ ဒေါသပေါက်ကွဲနေသည့် မြင်ကွင်းများကို ဆင်ဆာမဖြတ်ဘဲ ပြသခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထင်ရှားသည့် စာရေးဆရာ လွိုင်မိုရှားသည် သက်သေခံရန် တရားရုံးသို့ ရောက်လာသည်။ သူက မော်စီတုန်း၏ဇနီးဖြစ်သူ အမိန့်ဖြင့် ထောင်ထဲတွင် ရှစ်နှစ်ခန့်နေခဲ့ရသည်ကို လာရောက်အစစ်ခံခြင်း ဖြစ်သည်။ မျက်ရည်တွေသုတ်ရင်း အစစ်ခံနေသည့် စာရေးဆရာ၏မြင်ကွင်းက စိတ်မချမ်းသာစရာကောင်းလှသည်။ သူ့ထွက်ချက်များက ချန်ကျင်းကို ဒေါသတွေ ပေါက်ကွဲစေသည်။ လှောင်ပြုံး ပြုံးနေရာမှ ‘သူလျှို’ ဟု အသံကုန် အော်ဟစ်လိုက်သည်။ တရားသူကြီးက တိတ်တိတ်နေရန် နှစ်ကြိမ်တိုင် လျှပ်စစ်ခေါင်းလောင်းထိုးပြီး သတိပေးခဲ့သည်။ ချန်ကျင်းက တရားရေးအဖွဲ့ဝင်တွေကို ‘သစ္စာဖောက်တွေ’ ဟု ပြန်အော်သည်။ ထိုစဉ်တွင် သန်မာသည့် ရဲမေနှစ်ဦးက သူမကို လာပြီးချုပ်ကိုင်ကာ တရားရုံးထဲမှ ခေါ်ထုတ်သွားခဲ့သည်။ တရားစီရင်ခြင်းကိုလည်း ရပ်ဆိုင်းလိုက်ရသည်။

ချန်ကျင်းကို တရားရုံးတွင် ထိန်းချုပ်ပြီး ဆွဲထုတ်သွားရသည်မှာ အကြိမ်ကြိမ်ဖြစ်လာသည်။ အခြားစာရေးဆရာတစ်ယောက်ကို သက်သေအဖြစ် စစ်ဆေးစဉ်တွင်လည်း အလားတူ ဒေါသထွက်ကာ ပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်။ ၁၉၇၀ ပြည့်နှစ်အထိ အသံဖမ်းယူခဲ့သော မှတ်တမ်းများကို ပြန်ဖွင့်ပြရာတွင်လည်း ချန်ကျင်းက ငြင်းဆိုခဲ့သည်။ အသံသွင်းမှတ်တမ်းများတွင် အသံသည် သူ့အသံဖြစ်ကြောင်းကို မငြင်းသော်လည်း တရားဥပဒေနှင့်အညီ စစ်ဆေးရန်ကိုသာ ချန်ကျင်းက တောင်းဆိုနေခဲ့သည်။ အမျိုးသမီးရှေ့နေတစ်ဦးက စစ်မေးနေစဉ် ကာလတွင်လည်း ထိုရှေ့နေကို ငေါက်ငမ်းနေသဖြင့် တရားရုံးမှ ဆွဲထုတ်သွားရပြန်သည်။

ဒီဇင်ဘာ ၂၉ ရက်နေ့တွင် တရားရုံး၌ ကြားနာမှုများ ပြီးဆုံးလုနီးပါးဖြစ်လာသည်။ တရားလိုရှေ့နေချုပ်က သေဒဏ်ချမှတ်ပေးပါရန် တောင်းဆိုလျှောက်လဲသွားသည်။ တရုတ်ပြည်တွင် သေဒဏ်မှာ ထိုစဉ်က ခေါင်းနောက်မှ သေနတ်ဖြင့် ကျည်တစ်တောင့် ပစ်သွင်းလိုက်ရန်သာ ဖြစ်သည်။ ချန်ကျင်းက နောက်ဆုံးလျှောက်လဲချက်ပေးရာတွင် သူမအပေါ် စွပ်စွဲချက်များကို ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချခဲ့သည်။ အစိုးရသစ်ကို ‘ဖောက်ပြန်ရေးသမားများ’၊ ‘တန်ပြန်တော်လှန်ရေးသမားများ’၊ ‘ဖက်ဆစ်များ’ စသည့် စကားလုံးများ သုံးကာ တိုက်ခိုက်ဝေဖန်ခဲ့သည်။ စိတ်တွင်းခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ “ငါ့ကို ဖမ်းတာရယ်၊ ဒီတရားခွင်ကို ခေါ်လာတာရယ်ဟာ ဥက္ကဋ္ဌကြီး မော်စီတုန်းကို စော်ကားတာ၊ ငါ့ကို ဒီလိုလုပ်နေတာတွေဟာ သန်းပေါင်းများစွာသော ပြည်သူတွေကို စော်ကားတာ” ဟု အတွင်ပြောနေတော့သည်။ သူမအနေဖြင့် မော်စီတုန်းနှင့် နှစ်ပေါင်း ၄၀ ခန့် ပေါင်းသင်းလာသည့် ဇနီးမယားတစ်ယောက်ကို ဘယ်လိုအပြစ်တွေ ချမည်နည်းဟု မေးခွန်းတွေ ထုတ်နေသည်။ သူမသည် တရားခွင်တွင် မော်စီတုန်း၏ နိုင်ငံရေးဆောင်ပုဒ်များကို ကြွေးကြော်အော်ဟစ်နေသည်။ “သူပုန်ထခွင့်ဆိုတာရှိတယ်”၊ “တော်လှန်ရေးလုပ်တာ ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ဘူး”၊ နောက်ဆုံးတွင် “ဟေ့ … မင်းတို့က ငါ့ခေါင်းကို လိုချင်နေတာ မဟုတ်လား၊ ငါကလည်း အသင့်ပဲဟေ့” ဟု အော်လိုက်သဖြင့် တရားရုံးမှ ဆွဲထုတ်သွားရပြန်သည်။

နောက်ပိုင်း တရားရုံးတွင် သူမကို ကွပ်မျက်ပါက တီယံမင်ရင်ပြင်တွင် စီရင်ရန် တောင်းဆိုချက်သည် စိန်ခေါ်သလိုလို ဖြစ်နေသည်။ တီယံမင်ရင်ပြင်တွင် ထိုစဉ်က မော်စီတုန်းအထိမ်းအမှတ် ဂူဗိမာန်ကို တည်ဆောက်ထားသည်။ သူမကို မည်သို့စီရင်ရမည် ဆိုခြင်းက ခေါင်းဆောင်သစ်တို့အတွက် အခက်တွေ့စရာ ဖြစ်နေသည်။

ထိုစဉ်က ဝါဒ သဘောတရားရေးအရလည်း သေဒဏ်ကိုရှောင်ရန် ခေါင်းဆောင်များက ကြိုးစားနေကြသည်။ ချန်ကျင်းကလည်း အာဏာကို ပြောင်ပြောင်တင်းတင်း ဖီဆန်ကာ အာခံနေတော့သည်။ ချန်ကျင်းနှင့် အပေါင်းအပါသုံးဦးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကြသည်။ သို့သော် စီရင်ချက်ချရန် အချိန်ဆွဲနေကြသည်။ အချိန်ဆွဲရခြင်းအကြောင်းတွင် လေးဦးဂိုဏ်းကို ထောက်ခံသည့် လက်ဝဲဝါဒီများက ရှန်ဟိုင်းတွင် ဗုံးဖောက်ခွဲခြင်းကြောင့်လည်း ပါဝင်သည်။

နောက်ဆုံး ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့၌ စီရင်ချက် ချမှတ်နိုင်ခဲ့သည်။ ချန်ကျင်းကို ဆိုင်းငံ့သေဒဏ် ချမှတ်လိုက်သည်။ တရုတ်ဥပဒေအရ ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို ထောင်တွင် နှစ်နှစ်ထားပြီးမှ ကွပ်မျက်စီရင်ခြင်း ဖြစ်သည်။ တရားစီရင်ချိန် တစ်လျှောက်လုံး စကားတစ်လုံးမှ မပြောဘဲ နှုတ်ပိတ်နေခဲ့သည့် ဇန်ချွန်ကျွင့်ကိုလည်း ချန်ကျင်းနှင့် အလားတူ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဝမ်ဟောင်ဝမ်းက တစ်သက်တစ်ကျွန်းနှင့် ယောင်ဝမ်ယွမ်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံလိုက်ရသည်။

စီရင်ချက်ကို ဖတ်ပြပြီးချိန်အထိ ချန်ကျင်းသည် အတော်လေး မျိုသိပ်အောင့်အည်းထားပုံရသည်။ စီရင်ချက် ပြီးဆုံးသည်နှင့် ချက်ချင်း ကန့်ကွက်ကြောင်း အော်တော့သည်။ လက်ထိပ်ကို အတင်းဆွဲဖြုတ်သဖြင့် တရားရုံးမှ နောက်ဆုံးအကြိမ် ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ တရားရုံးမှ အထွက်တွင် ဥက္ကဋ္ဌကြီးမော်၏ ဝါဒတရားများကို ကြွေးကြော်သွားခဲ့သည်။

တရားစီရင်မှုကာလတစ်လျှောက် ထူးခြားမှတ်သားစရာတွေ ပြည့်နေသည်။ နောက်ကွယ်မှ ကြိုးကိုင်ညွှန်ကြားချက်များ မည်မျှရှိနေသည် ဆိုစေ တရုတ်ပြည်တော်လှန်ရေးကို လမ်းဖွင့်ပေးလိုက်သလို ဖြစ်ခဲ့ရသည်။ တရုတ်ပြည်သည် ဂိုဏ်းဂဏအုပ်စုအောက်၊ စိုးရိမ်သောကအောက်၊ ပြိုင်ဘက်များအောက်မှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလော။ ချန်ကျင်းသည် တစ်ကိုယ်တော် တသသ ဖြစ်စေမည့် ပြဇာတ်ကို ကပြသွားသူ ဖြစ်ခဲ့ရသည်။ တရားရုံးကို နှစ်ပြားမတန်အောင် ဝေဖန်ဝံ့သူ၊ အာဏာဖီဆန်ဝံ့သူ၊ သူ့ဒုက္ခကို မမှုသူအဖြစ် နာမည်ကျော်သွားသည်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင် ဥက္ကဋ္ဌကြီးမော်၏ ဇနီး၊ နီရဲသော ဧကရီ၊ ပြစ်ဒဏ်ကို ထီမထင်သူအဖြစ် အမည်တွင်ကျန်ရစ်စေခဲ့သည်။

ပြစ်ဒဏ်ချမှတ်ပြီးချိန်မှ နှစ်နှစ်ကြာသွားခဲ့ပြီ ဖြစ်သည်။ သေဒဏ်အစား တစ်သက်တစ်ကျွန်းသို့ အစားထိုး ပြင်ဆင်လိုက်သည်။ သို့သော် ချိန်ကျင်းပုံက နောင်တရသည့်ပုံ မပေါက်။ သတင်းစာများတွင် သူမကို အစောင့်အရှောက်များနှင့် လုံခြုံစွာ အကျဉ်းချထားသည်ဟု ဆိုသည်။ သူမသည် ထောင်ထဲတွင် လိုအပ်တာလေးများကို ဝယ်နိုင်ရန်အတွက် အပိုဝင်ငွေ ရှာသည့်သဘောဖြင့် အရုပ်လေးများ လုပ်ရင်း အချိန်ဖြုန်းကာ နေခဲ့ရရှာသည်။

ထောင်အတွင်း အကျဉ်းကျနေစဉ် ချန်ကျင်းသည် လည်ချောင်းကင်ဆာ ဖြစ်နေသော်လည်း ခွဲစိတ်ကုသခံရန် ငြင်းဆိုခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆေးဝါးကုသရန် အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည်။ ဆေးရုံတွင် ချန်ကျင်း အမည်ဖြင့် မဟုတ်ဘဲ လီယန်ကျင်းဆိုသည့် အမည်ဖြင့် တက်ရောက်ကုသခံခဲ့သည်။ ၁၉၉၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဆေးရုံရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချကာ သေကြောင်းကြံခဲ့သည်ဟု ဆိုသည်။ သေကြောင်းမကြံမီ နာမည်ကျော် စာတစ်စောင် ရေးခဲ့သည်။ “ဥက္ကဋ္ဌကြီးမော်၊ ရှင့်ကို ကျွန်မ ချစ်တယ်၊ ရှင့်သစ္စာရှိသော တပည့်၊ တိုက်ပွဲဝင်သူဟာ ရှင့်ကို တွေ့ဖို့လာနေပါပြီ” ဟူ၍ ဖြစ်သည်။ သူမ၏ နောက်ဆုံးဆန္ဒဖြစ်သည့် ဥက္ကဋ္ဌကြီးမော်နှင့်အတူ ယှဉ်တွဲပေးထားပါရန် ဆိုသည့် တောင်းဆိုချက်ကိုတော့ နိုင်ငံတော်က မလိုက်လျောခဲ့ပေ။ နိုင်ငံတော်က သူမ ဈာပနကို သူမ မွေးဇာတိမြေ ရှန်ဒေါင်းတွင် သွားရောက် ကျင်းပပေးခဲ့သည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts