နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း - ၁)

နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း – ၁)

သစ်ခွပန်းလေးတွေကို မြတ်နိုးသော၊ အိမ်မွေးတိရစ္ဆာန်တွင် မျောက်ကို မွေးတတ်သော၊ ကိုယ်ပိုင်ဂျက်လေယာဉ်ပျံတွင် ပိုးသားအိပ်ရာခင်းနှင့် အိပ်တတ်သော ကွန်မြူနစ် ခေါင်းဆောင်ကြီးတစ်ယောက်၏ ဇနီးတစ်ယောက် ရှိခဲ့ဖူးသည်ဆိုခြင်းမှာ ပုံပြင်တစ်ပုဒ် မဟုတ်။ ဘုရင့်ကိုယ်လုပ်တော်၏သမီး၊ ငယ်စဉ်က ရှန်ဟိုင်းရုပ်ရှင်တွင် တက်သစ်စမင်းသမီးဖြစ်ခဲ့သူ ‘ချန်ကျင်း’ ဆိုသူသည် လက်ဝဲတော်လှန်ရေးတွင် ပါဝင်ပက်သက်မိလိမ့်မည်ဟူ၍လည်း ထင်ရက်စရာမရှိ။ ထို့ပြင် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးတွင် ပြည်သူတစ်ရပ်လုံးကို ကသောင်းကနင်း ဖြစ်စေရလောက်အောင် အဓိကအခန်းမှ ပါဝင်ခဲ့သူ ဖြစ်လိမ့်မည်ဟူ၍လည်း တွေးရက်စရာ မမြင်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင် ဥက္ကဋ္ဌကြီးမော်၏ ဇနီးတစ်ယောက်အနေဖြင့် သန်း ၈၀၀ သော ပြည်သူတို့ကို ပုံစံသွင်းရာတွင် များစွာအထောက်အကူပြုနိုင်ခဲ့သူ ဟု ဆိုလျှင် သူ့ကို များစွာအံ့သြသွားပေလိမ့်မည်။ သူကား ‘ချန်ကျင်း’ ပင် ဖြစ်တော့သည်။

ချန်ကျင်းကို ၁၉၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရှန်ဒေါင်း၌ မွေးဖွားခဲ့သည်။ မိခင်ရော သူမပါ ဖခင်ဖြစ်သူ၏ နှိပ်စက်ခြင်းကို အတော်လေးခံခဲ့ကြရသည်။ သူမအနေဖြင့် ချမ်းသာသည့် အိမ်တစ်အိမ်တွင် အပယ်ခံဘဝဖြင့် ကြီးပြင်းခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်တွင် အိမ်ထောင်နှစ်ဆက် ကျဖူးပြီးသွားပြီ။ လန်ပင်း (အပြာရောင်ပန်းသီး) အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ဖူးသည်။ ချန်ကျင်းသည် အတော်လေး တည်ငြိမ်စွာ နေထိုင်တတ်သူ ဟူ၍လည်း ပြောကြသည်။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလတွင် သူမသည် တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းနှင့် တွေ့သည်။ မကြာမီ မော်စီတုန်း၏ စတုတ္ထမြောက်ဇနီး ဖြစ်လာသည်။ မော်စီတုန်းသည် ချန်ကျင်းနှင့် လက်ထပ်လိုက်သဖြင့် ပါတီအတွင်း အတော်လေး အပြင်းအထန် တိုက်ခိုက်ဝေဖန်ခြင်း ခံလိုက်ရသေးသည်။ အမှန်တော့ ခေါင်းဆောင်တစ်ယောက်၏ အိမ်ထောင်ရေးဆိုသည်မှာ ပုဂ္ဂလိကအရေးသာ ဖြစ်သည်။ တစ်ချိန်က ရုပ်ရှင်မင်းသမီးကို နိုင်ငံရေးတွင် မည်သို့မျှ ပါဝင်ပက်သက်ခြင်းမပြုပါ ဆိုသည့် သဘောတူညီချက်များဖြင့် သူတို့နားလည်မှု တည်ဆောက်လိုက်ကြသည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ မဒမ်မော် (ချန်ကျင်း) သည် ထိုကတိကို ထိန်းသိမ်းစောင့်စည်းခဲ့သည်။ သို့သော် ၁၉၆၀ ပြည့်နှစ်ပိုင်းလောက်တွင် ရှန်ဟိုင်းယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများဖြင့် ထိန်းသိမ်းစောင့်ရှောက်သည့် ကတိကို ချိုးဖောက်လိုက်သည်။

အနောက်တိုင်းက သူမကို မဒမ်မော် ဟူ၍ သုံးကြသည်။ တရုတ်ကွန်မြူနစ်နိုင်ငံ၏ ပထမဦးဆုံး first lady ဟူ၍လည်း ဆိုကြသည်။ ချန်ကျင်းကို လူသိများစေသည့် လှုပ်ရှားမှုမှာ ၁၉၆၆ မှ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေးနှင့် ဆက်စပ်ပြီး ထင်ရှားလာသည့် နောက်ထပ် ဝေါဟာရတစ်ခုမှာ ‘လေးဦးဂိုဏ်း’ ဖြစ်သည်။ ထိုကိစ္စအားလုံးသည် ချန်ကျင်းနှင့် ပက်သက်နေသည်။ ထိုကာလများတွင် ချန်ကျင်းကို ‘ပစ္စည်းမဲ့တော်လှန်ရေး၏ မဟာအောင်လံရှင်’ အဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသေးသည်။

ချန်ကျင်းသည် မော်စီတုန်း၏ ကိုယ်ရေးအရာရှိ (အတွင်းရေးမှူး) အနေဖြင့် ၁၉၄၀ လောက်ကတည်းက လျှို့ဝှက်စွာ တာဝန်ထမ်းဆောင်နေခဲ့သူ ဖြစ်သည်။ ၁၉၅၀ တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေးဌာန (ရုပ်ရှင်) တွင် ဦးစီးအရာရှိ ဖြစ်လာသည်။ တရုတ်ရိုးရာ အော်ပရာဇာတ်များ ကပြရာတွင် ခေတ်သစ်တော်လှန်ရေး အသွင်သစ်ဖြင့် ပြဇာတ်များကို တီထွင်ကပြစေခြင်းဖြင့် ယဉ်ကျေးမှုသစ်ကို စတင်ပေးလိုက်သည်။ လက်ဝဲယိမ်းပါတီ ခေါင်းဆောင်တစ်ဦး၏အောက်တွင် တော်လှန်ရေးနှင့် ပြန်လည်ပြုပြင်ပြောင်းလဲရေး အသွင်သစ်ကြောင့် ရှန်ဟိုင်းသည် ဒုစရိုက်နယ်မြေကြီးတစ်ခုပမာ ဖြစ်လာခဲ့သည်။ ထိုဒေသတွင် ၁၉၆၆ ခုနှစ်က ယဉ်ကျေးမှုတော်လှန်ရေးကို အသွင်သစ်ဖြင့် တစ်ဟုန်ထိုး ဝင်ရောက်ထွင်းဖောက်ကာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ရသည်။ အမှန်တော့ ၁၉၆၀ အစောပိုင်းလောက်ကတည်း ယဉ်ကျေးမှုတော်လှန်ရေး ဆိုသည့် အသွင်သစ် တော်လှန်ရေးသည် တရုတ်နိုင်ငံရေးလောကအတွင်း ပရမ်းပတာနှင့် ဝင်ရောက်လာခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် သူမကို ဗဟိုတရုတ်ယဉ်ကျေးမှု တော်လှန်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ တရုတ်ပြည်နိုင်ငံရေးလောက၏ အာဏာပိုင်အဖွဲ့အစည်းအတွင်းသို့ ပထမဦးဆုံးခြေလှမ်းချခြင်း ဟူ၍လည်း ဆိုနိုင်သည်။ ယဉ်ကျေးမှုတော်လှန်ရေးတွင် ချန်ကျင်းသည် ကြိုးကိုင်ခြယ်လှယ်ခွင့်ရသူ (mastermind) အဆင့်တွင် သတ်မှတ်ခြင်းခံရပြီး သူမနှင့်အပေါင်းပါသုံးဦးတို့သည် အမျိုးသားပြန်လည်တည်ဆောက်ရေးကို ချုပ်ကိုင်လွှမ်းမိုးနိုင်သူများ ဖြစ်လာသည်။

မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေးသည် လူထုလှုပ်ရှားမှုအသွင်ဆောင်လာသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြန်လည်ထူထောင်ကတည်းက ရှေးရိုးစဉ်လာနှင့် ဗြူရိုကရေစီ ယန္တရားဆန်ဆန် တရွေ့ရွေ့လှမ်းနေသည့် တရုတ်ပြည်ကြီးကို ပြုပြင်ပြောင်းလဲချင်လာကြသည်။ လူငယ်တို့အား ‘တပ်နီတော်’ အသွင်ဖြင့် တော်လှန်ရေးကို ပြန်လည်အားသစ်လောင်းပေးလိုက်သည်။ တက္ကသိုလ်ကောလိပ်တွေ ပိတ်လိုက်ပြီး ထောင်ပေါင်းများစွာသော ပါမောက္ခများနှင့် ပါတီခေါင်းဆောင်များကို နောက်မှ အမဲလိုက်သလိုလိုက်ကာ ဖမ်းဆီးနှိပ်စက်မှုတွေ စတင်လာခဲ့သည်။ ထိုစဉ်က တရုတ်ပြည်တွင် ဖြစ်နေသည့် လှုပ်ရှားမှုကြီးသည် ကြောက်မက်ဖွယ်အသွင်ဆောင်ကာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။ တရုတ်ပြည်၌သာမက တစ်ကမ္ဘာလုံးရှိ တရုတ်လူငယ်များကြားတွင်လည်း တရုတ်ဝါဒဖြန့်လက်နက်သည် အတော်လေး ထိုးဖောက်မွှေနှောက်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ဥက္ကဋ္ဌကြီးမော်ကို သစ္စာစောင့်သိရမည် ဆိုသည့် သံပြိုင်ကြွေးကြော်သံများ၊ ဥက္ကဋ္ဌကြီးမော်၏ အတွေးအခေါ်ဝါဒဖြန့်ချိရေး စာအုပ်နီလေးများကို ဝှေ့ယမ်းကာ ချီးကျူးဂုဏ်ပြမှုများသည် တရုတ်ယဉ်ကျေးမှုတော်လှန်ရေး၏ အသွင်သစ်၊ အမြင်သစ်၊ လှုပ်ရှားမှုလှိုင်းသစ်ကြီးများပမာ ဖြစ်လာခဲ့သည်။

၁၉၆၆ မှ ၁၉၆၈ နှစ်များအတွင်း ယဉ်ကျေးမှုတော်လှန်ရေးလှုပ်ရှားမှုသည် အပြင်းထန်ဆုံးကာလ ဟူ၍ ဆိုရမည်။ ၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် မော်စီတုန်း ကွယ်လွန်သွားချိန်အထိ ယဉ်ကျေးမှုတော်လှန်ရေးကြီးသည် မပြီးဆုံးနိုင်သေးပေ။ ၁၉၆၆ မှ ၁၉၇၆ ဆယ်စုနှစ်တစ်စုကာလအတွင်း ချန်ကျင်းသည် ပြုပြင်ပြောင်းလဲမှုများတွင် အဓိကအခန်းမှ ပါဝင်သူတစ်ဦး ဖြစ်နေသည်။ ငလျင်၏ ဗဟိုချက်လို ဖြစ်နေသည်။

ဥက္ကဋ္ဌကြီးမော် ကွယ်လွန်ချိန်တွင် တရုတ်ပြည်၌ အာဏာတိုက်ပွဲသည် အစွန်းမရောက်လိုသူများနှင့် အစွန်းရောက်သူများကြားတွင် လွန်ဆွဲပွဲလို ဖြစ်နေခဲ့သည်။ ချန်ကျင်းတွင် ခေါင်းဆောင်ပိုင်း၌ အရင်းနှီးဆုံးမိတ်ဆွေသုံးဦး ရှိသည်။ ယောင်ဝမ်ယွမ်းဇန်ချွန်ကျွင့်နှင့် ဝမ်ဟောင်ဝမ်းတို့ ဖြစ်ကြသည်။ ထိုသုံးဦးတို့သည် အစွန်းရောက် လက်ဝဲယိမ်းသမားများလည်း ဖြစ်ကြသည်။ ချန်ကျင်းနှင့် ထိုသုံးယောက်ကို ‘လေးဦးဂိုဏ်း’ ဟူ၍လည်း ခေါ်ကြသည်။ ထိုလေးဦးဂိုဏ်းသည် အစိုးရအာဏာကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ကြသည်။ သို့သော် သူတို့ ကျရှုံးခဲ့ရသည်။ ၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် သူတို့ လေးယောက်စလုံး အဖမ်းခံခဲ့ရသည်။ လေးဦးဂိုဏ်းကို တရားစီရင်ရာတွင် လေးနှစ်ခန့်ကြာမြင့်ခဲ့သည်။

လေးဦးဂိုဏ်းသည် ယဉ်ကျေးမှုတော်လှန်ရေးကာလ တစ်လျှောက်လုံး အငြိုးဖြင့် ချေမှုန်းရေးကို ပြုလုပ်ခဲ့သည်။ ယခုတော့ သမိုင်းဘီးတစ်ပတ် ပြန်လည်ချိန်ရောက်သွားသည်။ ဒုတိယဝန်ကြီးချုပ် တိန်ရှောက်ပင်၏ရှေ့မှောက်တွင် လည်နေသည့် သမိုင်းဘီးက ရပ်သွားသည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် တိန်ရှောက်ပင်မှာ နှစ်ကြိမ်တိုင်တိုင် ချောင်ထိုးခံခဲ့ရသည်။ တစ်ကြိမ်တွင် မီးဖိုချောင်ထဲ၌ အလုပ်သွားလုပ်စေရန်အထိ ချိုးနှိမ်ခံခဲ့ရသည်။ သို့သော် တိန်ရှောက်ပင်သည် အစိုးရအဖွဲ့၏ အရေးပါသော ထိပ်တန်းခေါင်းဆောင်တစ်ယောက် ဖြစ်လာရုံမျှမက ကွန်မြူနစ်ဝါဒီ ပြန်လည်ပြုပြင်ရေးလမ်းစဉ်တွင် ဦးဆောင်ဦးရွက်ပြုသူတစ်ဦးပါ ဖြစ်လာသည်။ တိန်ရှောက်ပင်သည် ဥက္ကဋ္ဌကြီးမော်၏ ဇနီးဖြစ်သူ ချန်ကျင်းကို ရှင်းရှင်းဘွင်းဘွင်း ဝေဖန်လိုက်သည့်စကားမှာ ‘မကောင်းဆိုးဝါး’ ဟူသည် စကားနှင့် မတန်လောက်အောင် ဆိုးဝါးသည့်မိန်းမ ဟူ၍ ဖြစ်သည်။

တရားဥပဒေအရ စစ်ဆေးမှုကို ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပေကျင်းရှိ ပြည်သူ့လုံခြုံရေးဌာနချုပ်၌ စတင်ခဲ့သည်။ တရားခံလေးဦးကို ရုံးနောက်ပေါက်မှ သွင်းလာချိန်တွင် ရုံးရှေ့ရှိ လူထုကြီးက လေးဦးဂိုဏ်းကို ရှုတ်ချကန့်ကွက်ကာ အော်ဟစ်ခဲ့ကြသည်။ အဆောက်အအုံထဲတွင် ပြည်သူ ၈၀၀ ရှေ့မှောက်၌ တရားစီရင်ကြမည် ဖြစ်သည်။ တရားလိုရှေ့နေ ခြောက်ဦးက ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း လူပေါင်း ၇၂၉,၅၁၁ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ၃၄,၈၀၀ ဦး သေဆုံးခဲ့ရခြင်းနှင့် ပက်သက်၍ စွဲဆိုချက်များကို တစ်ခုပြီးတစ်ခု ဖတ်ပြနေကြသည်။ ခုံတန်းများပေါ်တွင် တရားသူကြီးအဖွဲ့ဝင် ၃၀ ထိုင်နေကြသည်။ တရားရေးအဖွဲ့ကို ဦးဆောင်စစ်ဆေးမည့်သူမှာ တရားသူကြီးချုပ် ကျင်ဟွာ ဖြစ်သည်။ ကျင်ဟွာကိုယ်တိုင် တပ်နီတော်၏ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရသူ ဖြစ်သည်။

ချန်ကျင်းအပါအဝင် လေးဦးဂိုဏ်း၏ မျက်နှာများမှာ ဖြူဖျော့နေကြသည်။ တရားခွင်အတွင်း ရောက်လာချိန်တွင် စိတ်ဓာတ်လည်း အတော်လေး ကျဆင်းနေပုံရသည်။ ရုံးမထုတ်မီ နှစ်ဦးက သက်ညှာခွင့်ရရေးအတွက် အစိုးရသစ်ကို ပူးပေါင်းကူညီပါ့မည်ဟု ဝန်ခံကြပြီး ဇန်ချွန်ကျွင့်ကတော့ လုံးဝ ဝန်ခံခြင်းလည်း မပြုသည့်အပြင် ပူးပေါင်းဆောင်ရွက်ရန်ကိုပါ ငြင်းဆိုခဲ့သည်။ တရားစီရင်စဉ်ကာလတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောဘဲ နေခဲ့သူဖြစ်သည်။ တရားစီရင်မှု စကတည်းက အထင်ရှားဆုံး ဖြစ်သွားရသူမှာ မော်စီတုန်း၏ဇနီး ချန်ကျင်းဖြစ်သည်။ ပါးစုံမို့မို့ပေါ်တွင် မျက်မှန်တင်ထားသည့် အသက် ၆၇ နှစ်အရွယ် မိန်းမကြီးတစ်ယောက်ကို တစ်ချိန်က ရက်ရက်စက်စက် လှခဲ့ပါသည်ဟု ပြောနိုင်ရန် အကြောင်းမရှိ။ သို့သော် တရားခွင်သို့ လှမ်းဝင်လာသည့် ခြေလှမ်းတွေက တရားရုံးအပေါ် ထီမထင်သည့် အသွင်တော့ ဆောင်နေသည်။

သူမ အပြုအမူ အနေအထိုင်အားလုံးသည် အာဏာဖီဆန်သည့်အသွင် ဖြစ်နေသည်က ထင်ရှားလှသည်။ ပဏာမ စစ်ဆေးကြားနာစဉ်တွင် ချန်ကျင်းက တရားခွင်ကို ပူအိုက်လွန်းသည်ဟု ပြဿနာ စရှာသည်။

တရားစီရင်ရေးမှာ အံ့သြဖွယ်ရာ ဖြစ်သည်။ အာဏာပိုင်တို့က သူတို့ တရားမျှတစွာဖြင့် တရားစီရင်ကြောင်း ပြသနိုင်ရန်အတွက် တရုတ်တစ်ပြည်လုံးသို့ ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးသို့လည်း ဂြိုဟ်တုမှတစ်ဆင့် ထုတ်လွှင့်ပေးခဲ့သည်။ တရားစီရင်ရာသို့ မည်သည့်နိုင်ငံခြားသတင်းထောက်မှ တက်ရောက်ခွင့်မရခဲ့ပေ။ သို့သော် တရားစီရင်မှုများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သဖြင့် အတော်လေး အံ့အားသင့်ကုန်ကြသည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts