နယ်ချဲ့သမားများ (အပိုင်း - ၂)

နယ်ချဲ့သမားများ (အပိုင်း – ၂)

ငဘသည် ထိုကာကွယ်ရေးဌာနသို့ သွားရောက်ကာ ဗိုလ်ကြီးအခေါ်ခံရသူအား သခင်ဖြိုးတုပ်၏ တို့ဗမာဝါဒအကြောင်းကို ခရေစေ့တွင်းကျ သတင်းပေးနေသည်။ ဗိုလ်ကြီးဆိုသူမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲတွင် မော်လမြိုင်မှစ၍ ဝင်ရောက်အမှုထမ်းပြီးလျှင် လူဆိုးတို့ကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သူဖြစ်သည်။ ပုလိပ်လုပ်ငန်းကို ဘာမျှ နားမလည်ရှာသော်လည်း သူ့အသိဉာဏ်တွင် ရှိသမျှနှင့်ပင် ရပ်ရွာအေးချမ်းမှုကို ဖန်တီးလိုသော စိတ်ဆန္ဒပြင်းပြသည့် လူငယ်တစ်ဦးဖြစ်သည်။ မြို့ကိုစီး၍ဝင်စဉ်က အရပ်ထဲ၌ လုယက်သော လူဆိုး ငါးဦးခန့်ကို သူကိုယ်တိုင် ‘ဘေယွန်နက် (ဝါ) ဘဲနက်’ ခေါ် လှံစွပ်နှင့် ထိုးသတ်ခဲ့ဖူးသည်။ ပိုက်ဆံချမ်းသာသူတစ်စုတို့က ပိုက်ဆံ လူနှိုက်မှာစိုး၍ ထိုဗိုလ်ကြီးဆိုသူကို အားပေးကာ ချီးမွမ်းစကားပြောကြသည်။ ဗိုလ်ကြီး၏ အဖွဲ့ဝင်တို့ကို ရပ်ရွာ၌ ထိန်းသိမ်းထားမှုအတွက် ငွေကုန်ကြေးကျ များမည်စိုးသဖြင့် ကွယ်ရာ၌မူကား တီးတိုးကဲ့ရဲ့ကြသည်။ ဂျပန်တွေလာတော့မည်ဆိုသဖြင့် ထိုဗိုလ်ကြီးနှင့်တကွ အပေါင်းပါတို့မှာ ဓားပြအကြီးစားဖြစ်သည်ဟုဆိုကာ ဂျပန်ကိုလှှည့်၍ တိုက်ပေးရန်လည်း ဟန်ပြင်နေကြသည်။ ဗိုလ်ကြီးဆိုသူမှာ ဤအကြောင်းတို့ကို ရေးရေးမျှသာ သိသည်။ သိသမျှအပေါ်တွင် အခြေပြု၍ စဉ်းစားပြန်သော် ဖြိုးတုပ်ကဲ့သို့သော တမတ်, အောက်, သခင်များ မိုက်မဲမှုကြောင့် ဗမာ့လွတ်လပ်ရေး တပ်မတော်မှာ ဖရိုဖရဲ ပြိုကွဲအံ့သည်ကို မြင်မိသည်။ ထို့ကြောင့် ဖြိုးတုပ်သတင်း ကြားရသောအခါ အံကြိတ်မိသည်။

“ခွေးမသား မူတူးတွေ ရောက်နှင့်လေတော့ ခင်ဗျာ့ကိစ္စဟာ နောက်ကျသွားလေသဗျာ၊ နို့မို့ရင်လေ ကျုပ် ခုချက်ချင်း ဒီအကောင်ကို လိုက်သတ်ပါရဲ့” ဟု ဒေါသကြီးကြီးနှင့် စကားပြောကာ စားပွဲကို လက်သီးနှင့် ထုသည်။

ငဘ တွန့်၍ နောက်ဆုတ်လိုက်သည်။

“ဟေ့ … ဟေ့ … ဟောဒီ ဖြိုးတုပ်ဆိုတာကို မှတ်ထားလိုက်ကြစမ်း တပည့်တို့။ သခင်နာမည် ရောင်းစားတဲ့လူတစ်ယောက် စာရင်းရပြန်ပေါ့ကွယ်။ နို့မို့ရင် ဒီပြဿနာကြီး ပြေနိုင်ပါရဲ့။ ရှုပ်သကွာ-ဒီငပန်တွေကိုလဲ ခံချရဦးမှ အေးမှာပါပဲ”

ဗိုလ်ကြီးက ကြမ်းပြင်ကို ဖနောင့်နှင့်ဆောင့်လိုက်ရာ ဂတ်ရုံးခန်း အမိုး မျက်နှာကြက်ကွဲမှ အပိုင်းအစကလေးတစ်ခု စားပွဲပေါ်သို့ ကျလာသည်။ ငဘလန့်၍ နောက်တစ်လှမ်း ဆုတ်ပြန်သည်။

ဗိုလ်ကြီးဆိုသူ ဒေါသဖြင့် တွေဝေနေခိုက် ငဘက ‘ကျွန်တော့်ကို ခွင့်ပြုပါ’ ဟု ဆို၍ ခေါင်းညိတ်ကာ အရိုအသေပြုပြီး ထွက်လာခဲ့သည်။ ‘ဖြစ်ချည်ဖူး၊ မြန်မြန်သုတ်မှပဲ’ ဟု သူတွေးသည်။ သို့သော် နီပွန် စစ်ဗိုလ်ကြီး တရားပွဲကို မတက်လျှင် ကြီးလေးသောအပြစ်ဟု မောင်းသမား ဟစ်သွားသည်က ရှိသေးသည်။

ထို့ကြောင့် နောက်တစ်နေ့သော် ငဘကို လူထုထဲတွင် တွေ့နိုင်ပါသည်။ တစ်သက်နှင့်တစ်ကိုယ် ဒီလိုလူထုမျိုး မမြင်စဖူး။ ထိုလူထုမှာ ငါတို့ ဗမာပြည်ရှိ လူကုန်ပဲလားဟု ငဘက မေးကြည့်လိုက်ချင်သည်။

နီပွန် တပ်မတော်မှ ဗိုလ်ချုပ်ကြီးဆိုသူမှာ ပုပုကွကွ ဖြစ်သည်။ လက်မောင်းရိုးခပ်တိုတို၊ လက်ဖျံရိုးခပ်ရှည်ရှည်၊ အဆင်မပြေသော လက်နှစ်ဖက်မှာ နောက်ပိုင်းက လက်ပြန်ကြိုး တွဲထားခြင်းခံရသလို၊ ကွတတ ကားယားယားနှင့်၊ သင်းတို့ ကြည့်ရတာ ကျက်သရေ မရှိပါကလား။

သည်တွေးလုံးကို ကြောက်ကြောက်နှင့် တွေးမိသည်။ သူ တွေးတောတာ ဂျပန်ဗိုလ်ချုပ်ကြီး ကြားသွားလေရော့မလားဟု ပူပန်မိပြီး၊ ချွေးပေါက်များကျသည်ကို ပေါင်းလာသော တစ်ဘက်ဖြင့် ယူသုတ်လိုက်သည်။

ဂျပန်မျဉ်းသုံးကြောင်း ခရေပွင့်သုံးပွင့် ဗိုလ်ကြီးက “ဒိုင်းတိုဝ ကျိုအေးကင်” ဟု အော်လိုက်သည်။

ငဘက ဒိုင်းခနဲ ကြားလိုက်လျှင်ပင် ခြောက်လုံးပြူးနှင့် ငါ့ကို ပစ်ပြီဟု တွေးလိုက်သည်။ လန့်ပြီး ခွေခနဲ ယိုင်သွားသည်။ နောက်မှ စစ်ဗိုလ် ဆက်စကားပြောသံ၊ အရာရှိတစ်ဦးက ဗမာလို ပြန်ပြောသံတို့ကို ကြားမှ စိတ်သက်သာရာရပြီး ချော်လဲရာ ရောထိုင်လုပ်လိုက်ရသည်။

“သာတူညီမျှတရား” “အရှေ့အာရှ ကောင်းစားရေး” “နစ်ပွန်ဗန်ဇိုင်း” “ဘိရမှာနော်၊ နစ်ပွန်နော်၊ အတူတူပဲ” ဟူသော ဝေါဟာရများ ဘာဆိုလိုသည် မသိ၊ ငဘနားထဲ အစုလိုက် အပြုံလိုက် ဝင်တိုးသည်။ အစုလိုက်အပြုံလိုက် လျှံ၍ထွက်သည်။ အင်း-အာရှတယ်ဆိုရင် အတော် နာမှာပဲနော်။ သားတွေ တူတွေ ညီတွေ ကောင်းစားရေးဆိုသဟာ၊ ငါ့သား၊ ငါ့တူ၊ ငါ့ညီများကို ဆိုလိုသလား။ သွေးစုပ်ဝါဒ ဆိုပါကလား။ တယ် ကြောက်စရာ ကောင်း။ အင်္ဂလိပ်က သွေးစုပ်တယ်ဆိုလျှင်၊ အင်္ဂလိပ်ဆိုတာ မျှော့လိုအကောင်ရှည်ရှည်မည်းမည်းနေမှာပဲ။ ကြားဖူးတာကတော့ မျက်နှာဖြူဆိုထင့်၊ သြော် … တန်တော့ အင်္ဂလိပ်ဆိုတာ မျှော့ဖြူတွေ ဖြစ်မှာပါပဲ။

“အင်္ဂလိပ်စိတ်မကုန်သေးတဲ့ လူတွေကို အပြီးတိုင် သုတ်သင်ရမယ်” ဟု စကားပြန်အရာရှိက လက်ဟန်ခြေဟန်နှင့် အော်လိုက်သည်။

ဟယ်၊ တစ်ခါဖြင့် သောက်ကျိုးနဲရချည့်။ ဒီစကားဟာ ငါ့ကို စောင်းပြောတာပဲ။ အင်္ဂလိပ်ကို တွေးမိတာ လူ သိသွားပြီ။ ဂျပန်တွေဟာ စုန်းကဝေတွေ များလား။

“ခေါင်းပုံဖြတ် နိုင်ရာစား လောကကြီးကို နယ်ချဲ့စနစ်နဲ့ တည်ထောင်ဖို့ ကျုပ်တို့ မဟာမိတ်နစ်ပွန်တွေ လာခဲ့တာ အဲဒါ-အဲဒါ” ဟူ၍ စကားပြန်အရာရှိက ဘာကိုဘယ်လိုလုပ် အဓိပ္ပာယ်ပြန်လိုက်မှန်း၊ သူ့ဟာသူ အစရှာမရတော့သဖြင့် အ,ထစ်၊ အ,ထစ် ဖြစ်နေပြီး တော်တော်ကြာမှ ကမန်းကတန်း သွေးရူးသွေးတန်းဖြင့် “မဟုတ်ဖူး” ဟု လျှောချလိုက်သည်။ စကားပြန်အရာရှိ၏ ခေါင်းပေါင်းပန်းရောင်အောက်မှ ဇီးကင်းအောက် ချွေးပေါက်ကြီးစီး၍ ကျသွားသည်။ ပရိသတ်တို့လည်း ပါးစပ်ဟ၍ အကြောင်ရိုက်နေပြီးမှ “ဟယ်” ဟူသော အသံဖြင့် အလုံးကြီးကျသွားကြောင်း ပြကြသည်။

ငဘက နယ်ချဲ့စနစ်ဟူသော စကားကိုကြားလျှင် ချက်ချင်း အဓိပ္ပာယ်ပေါက်သွား၍ ပြုံးမိသည်။ နယ်ချဲ့စနစ်ဆိုသည့်ဟာကို ဆေးရုံမှာ ကိုယ်တွေ့ကြုံလိုက်ရသည်။ အနာကလေးက သူ့ဟာသူ ကျက်တော့မလိုလိုနှင့် ခပ်ကျဉ်းကျဉ်းကလေးရှိသည်။ သည်ဟာကို ဆေးရုံက ကုလားက နယ်ကျယ်အောင် ချဲ့လိုက်သည်။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒီစကားဟာ အဆီအသားပါတဲ့ စကားပဲ။ မြို့တက်လာတာ ဗဟုသုတ တယ်တိုးပါကလား။

ထို့ပြင် “တစ်သွေး၊ တစ်သံ၊ တစ်မိန့်” စနစ်အရ ကရင်နှင့် ဗမာ ချစ်ကြည်ရေး လုပ်ရမည်။ ယခု ဂျပန်ဧကရာဇ်မင်းမြတ်၏ တပ်မတော် ဆိုက်ရောက်လာပြီဖြစ်၍ လူမျိုးအချင်းချင်း ပြဿနာများ ရပ်စဲရမည်ဟူ၍လည်း ခရေပွင့်သုံးပွင့်နှင့် ဗိုလ်ကြီးက မရယ်မပြုံးသော မျက်နှာဖြင့် အတည်ပေါက် ပြောသွားသည်။

ငါတို့ ကရင်နှင့်ဗမာ တစ်ခါမျှ မုန်းဖူးသည် မရှိပါ။ ချစ်ကြည်ရေးစကား မပေါ်မီက ချစ်ကြည်ခဲ့ကြပါသည်။ ဂျပန်တွေရောက်မှ သည်စကားမျိုး ပေါ်လာရသည်။ သည်စကား ပေါ်လာတော့မှပဲ မုန်းကြရတော့မှာလား။ ဟာ-ငါနားမလည်သေးပါဘူး စသည်ဖြင့် ငဘ စဉ်းစားရင်း ငိုင်နေမိရာ ဘာတရားတွေ ဟော၍ ဘယ်ရောက်သွားမှန်းပင် မသိတော့ချေ။

“နစ်ပွန်ဗန်ဇိုင်း၊ ဗိရုမာဗန်ဇိုင်း” ဟူသော အသံကြီး ပေါ်ထွက်လာမှ ငဘမှာ သူ၏မူရင်းအတိုင်း ပြန်ဖြစ်သွားသည်။

ဂျပန်ကို မနှစ်မြို့ဘဲ ယုံမှား သံသယ ရှိမိခြင်းကြောင့် ဂျပန် စစ်ဗိုလ်ကြီးက ရိပ်မိသွားလျှင်၊ ဒုက္ခပဲဟု စိတ်ထဲက တွေးမိ၍ လူထုကြီး လှုပ်လှုပ်ရွရွဖြစ်အလာတွင် မထင်ရှားသော ငဘမှာ လူထုထဲတွင် မိမိကိုယ်ကို မြှုပ်ပစ်လိုက်ပြီး ခပ်သုတ်သုတ် လှေဆိပ်ဆင်း၍ ညတွင်းချင်း ရွာသို့ တက်ကုန် သုတ်လေသတည်း။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts