ဒုက္ခအခက်ခဲဟာ လူတွေကိုပြောင်းလဲစေတယ်

ဒုက္ခအခက်အခဲဟာ လူကိုပြောင်းလဲစေတယ်

၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ နေ့စဉ် ကျောင်းက ပြန်လာတိုင်း သူ့အဖေကို ညည်းညူပြလေ့ရှိပါတယ်။ အဖေတစ်ခု သမီးတစ်ခုဆိုတော့ တိုင်တည်စရာဆိုလို့ ဒီအဖေတစ်ယောက်ပဲရှိတာကိုး။

“အဖေရယ် ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကလည်း များလိုက်တာ။ ဒီညမပြီးရင် ဆရာမဆူပြီး ဒဏ်ပေးတော့မှာပဲ”။ နောက်တစ်နေ့ကျပြန်ရင် “အဖေရယ် ကျောင်းကိုသွားတာ ဘတ်စ်ကားတွေကလည်း ကျပ်လိုက်တာ။ ကျောင်းတောင် မတက်ချင်တော့ဘူး”။ တစ်ခါတလေ ကျပြန်လည်း “ရာသီဥတုကလည်း ပူလိုက်တာ။ လူ့လောကကြီးဟာ နေချင်စရာတောင် မကောင်းတော့ဘူး” စသဖြင့် နေ့တိုင်းညည်းနေတာပဲ။

သမီးလေး နေ့တိုင်းညည်းနေတာ ကြားနေတဲ့အဖေဟာ စိုးရိမ်လာတယ်။ သူ့သမီးလေးကို ဘယ်လိုဖြောင့်ဖြရမလဲဆိုတာ စဉ်းစားတယ်။ တစ်နေ့ သူ့သမီးကျောင်းကပြန်လာချိန်မှာ အဖေက သမီးကို မီးဖိုခန်းထဲကို ခေါ်လိုက်တယ်။ သမီးက မီးဖိုခန်းထဲဝင်သွားတော့ မီးဖိုသုံးဖိုပေါ်မှာ ရေနွေးအိုးတစ်အိုးစီကို ရေဖြည့်ပြီး တင်ထားတာ တွေ့ရတယ်။

အဖေက “သမီး ဟောဒီမှာကြည့် ဒါဘာလဲ”။ သမီးက “အဲဒါအာလူးပေါ့အဖေရဲ့”။ အဖေက အာလူးပြီးတစ်လုံးကို ပထမဆုံး ရေနွေးအိုးထဲ ထည့်လိုက်ပါတယ်။ နောက်တစ်ခါ အဖေက မေးပြန်တယ်။ “သမီး ဒါကရော”တဲ့။ သမီးက “အဖေကလဲ ဘာတွေမေးနေတာလဲ။ အဲဒါကြက်ဥပေါ့”တဲ့။ အဖေက ကြက်ဥတစ်လုံးကို ဒုတိယ ရေနွေးအိုးထဲကို အသာလေး ထည့်လိုက်ပြန်ပါတယ်။

နောက်ဆုံးမှာ ဒါဘာလဲဆိုပြီး မေးပြန်တော့ သမီးလည်း စိတ်တိုတိုနဲ့ ပြန်ပြောလိုက်ပါတယ်။ “အဖေလည်း ရူးနေပြီထင်တယ်။ ကော်ဖီစေ့ပုလင်းကြီးကိုကိုင်ပြီး ဘာတွေ လျှောက်မေးနေတာလဲ။ သမီးစိတ်တိုလာပြီ။ ငိုလိုက်မှာနော်”။ အဖေကလည်း “သမီးလေးရယ် မငိုပါနဲ့နော်။ အဖေပြချင်တာရှိလို့ ခဏလေး သည်းခံကြည့်နေပါနော်”လို့ ချော့ပြောရင်း သူကိုင်ထားတဲ့ပုလင်းထဲက ကော်ဖီစေ့လေးဇွန်းကို ဇွန်းနဲ့ခပ်ပြီး တတိယရေနွေးအိုးထဲထည့် အသာလေးမွှေလိုက်ပါတယ်။

ပြီးတာနဲ့ အဖေလုပ်သူဟာ ရေနွေးသုံးအိုးစလုံးကို အဖုံးပိတ်ပြီး မီးစတင်မွှေးလိုက်ပါတယ်။ သမီးလေးက တဖျစ်တောက်တောက်နဲ့ အဖေကို ဘာတွေလုပ်နေမှန်းလဲ မသိဘူးဆိုပြီး ဆူလိုက်ပူလိုက်လုပ်နေတယ်။ အဖေကလည်း သမီးကို ချော့မော့နေရပါတယ်။

အိုးတွေအားလုံးထဲက ရေတွေတဖြည်းဖြည်း ပူလာနေတယ်။ မိနစ် ၂၀လောက်ကြာတော့ အိုးအားလုံးက ရေတွေလည်း ဆူလာတယ်။ အဖေက ပထမဆုံးရေနွေးအိုးထဲက အာလူးကိုဆယ်လိုက်ပြီး မေးပါတယ်။ အခု အာလူး ဘယ်လိုဖြစ်သွားပြီလဲတဲ့။ သမီးက အာလူးဟာ ပျော့အိသွားပြီလို့ပြောတယ်။ နောက်တစ်ခု ကြက်ဥရော ဘယ်လိုဖြစ်သွားပြီလဲ မေးပြန်တယ်။ သမီးက ကြက်ဥဟာ ခုတော့ မာသွားပြီပေါ့တဲ့။ အဖေက နောက်ဆုံးအိုး အိုးကိုဖွင့်လိုက်ပြီး ကော်ဖီစေ့ထည့်ထားတာ အခုမှာ ဘာတွေ့သလဲတဲ့။ သမီးက ကော်ဖီတွေ ဖြစ်သွားပြီတဲ့။ အရသာမြည်းစမ်းလို့ပြောလို့ သမီးလည်း မြည်းကြည့်လိုက်တော့ အရမ်းမွှေး၊ အရသာအရမ်းကောင်းတဲ့ ကော်ဖီဖြစ်နေတာ သိရတယ်။

အဲဒီတော့မှ အဖေက အခုလိုပြောပြတယ်။ “အာလူးရယ်၊ ကြက်ဥရယ်၊ ကော်ဖီစေ့တွေ အားလုံးကို အပူချိန်အတူတူနဲ့ ရေနွေးထဲထည့်လိုက်တာပါ။ အခုကြည့်စမ်း၊ အရင်က မာတယ်ဆိုတဲ့ အာလူးဟာ ပျော့သွားပြီ။ အရင်က ဖိကိုင်လိုက်ရင် ကွဲသွားနိုင်တဲ့ ကြက်ဥကျတော့ မာသွားပြီ။ ကော်ဖီစေ့တွေကျတော့လည်း အရင်က ကိုက်စားလိုက်ရင် ခါးလိုက်တာ၊ ကော်ဖီအရည်ဖြစ်ပြီး အခုတော့ မွှေးလိုက်တာနော်”။

“သမီး လူ့လောကကြီးမှာ ဒုက္ခအခက်အခဲဆိုတာ ရှောင်လွှဲလို့ မရဘူး။ အမြဲတွေ့နေမှာပဲ။ အခက်အခဲဆိုတာနဲ့ ရင်ဆိုင်ရပြီး တချို့ဟာ စိတ်ဓာတ် မာကျောကြံ့ခိုင်သွားကြတယ်။ တချို့ကျတော့လည်း ဘဝကို အရှုံးပေးလိုက်တဲ့ လူပျော့လူညံ့တွေ ဖြစ်သွားကြတယ်။ တချို့ကျပြန်တော့ ပတ်ဝန်းကျင်က ချစ်ခင်လေးစားရတဲ့လူ ဖြစ်သွားကြတယ်။ အဲဒီတော့ သမီးလေးက ဘယ်လိုလူစားမျိုးဖြစ်ချင်လဲဆိုတာ စဉ်းစားပေါ့။ ကဲ သမီးလေးလည်း ထမင်းဆာရောပေါ့။ ထမင်းစားကြရအောင်”တဲ့။

ဒုက္ခအခက်အခဲတွေကြုံရင် သင်ဘယ်လိုတုံ့ပြန်မလဲ။ အာလူးလို ပျော့သွားချင်သလား၊ ကြက်ဥလိုမာသွားချင်သလား၊ ကော်ဖီလို သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေချင်သလား။ သင်ဖြစ်လိုတာ သင့်စိတ်ပေါ်မှာပဲ မူတည်ပါတယ်။

ဗန်းမော် သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts