ဒုက္ခသည်ရောဂါ

တာဝန်နဲ့အပြစ်ဆိုတာကို နားမလည်မှုကြောင့် တချို့လူတွေဟာ သူများကို အပြစ်ပုံချတတ်တဲ့ စိတ်တွေ ပိုများလာတယ်။ တာဝန်ယူမှုဆိုတဲ့ အရာကို လူများခေါင်းပေါ် ပစ်တင်လိုက်ရတာကို အရသာတွေ့သူတွေလည်း ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ ခံစားရတာကိုး။
အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကြောင့် အပြစ်ပုံချရတာ အင်မတန်လွယ်လာတာတော့ အမှန်ပဲ။ အသေးဆုံး ပိစိကွေးပြဿနာတွေကအစ အဖွဲ့အစည်းတစ်ခုခုပေါ်၊ လူတစ်ယောက်ယောက်ပေါ်ကို အပြစ်ပုံချရတာကို နှစ်သက်စွဲလမ်းလာကြတယ်။ ဒီလိုလုပ်မှ မိုက်တယ်ဆိုပြီး ထင်တာတွေတောင် ရှိသေး။ မတရားဘူးဟေ့ဆိုပြီး လူပုံအလယ်မှာ ငိုချင်းချမှ လူအများ ဂရုစိုက်မှု၊ ကြင်နာသနားမှုကို ရတယ်ဆိုပြီး ထင်လာကြတယ်။ ထာဝရ ဒုက္ခသည် ကြီးတွေ ဖြစ်လေလေ၊ လူဂရုစိုက်ခံရလေလေဆိုပြီး ထင်တဲ့သူတွေ ရှိလာတယ်။
ဒုက္ခသည်ရောဂါ ဟာ အထက်မှာရော အောက်မှာပါ ကူးစက်နေပြီး ဆင်းရဲမရွေး၊ ချမ်းသာမရွေး အကုန်အဖျားတက်နေကြပြီ။ ကျွန်တော်ထင်တယ်။ ဒီခေတ်ကာလဟာ လူ့သမိုင်းမှာ ရှားရှားပါးပါးပဲ။ ဘယ်အလွှာကို ကြည့်ကြည့် ငါတို့သာ ဒုက္ခသည်တွေပါဆိုပြီး ဝိုင်းအော်နေကြတာ။ ဒီလို ပြောနေရတာကို သဘောတွေ့နေကြတာ။
ဒုက္ခသည်ရောဂါ ရဲ့ တကယ့်ပြဿနာအစစ်က ဘာလဲဆိုတော့ အမှန်တကယ် ဒုက္ခခံနေရတဲ့သူတွေကို မြင်ဖို့ခက်လာတာပဲ။ လူတိုင်းက ဒုက္ခသည်တွေပါဆိုပြီး ဝိုင်းအော်လေလေ၊ တကယ်ဒုက္ခရောက်နေတဲ့ သူတွေ မှေးမှိန်သွားလေလေပဲ မဟုတ်လား။
ဒီရောဂါဟာ ကြာလာတော့ စွဲသွားရော။ ငါမှန်တယ်၊ ငါ့ကို ဝိုင်းအနိုင်ကျင့်နေသူတွေသာ မှားတယ်ဆိုတဲ့စိတ်က ကြာတော့ သာယာမှုတစ်ခုဖြစ်လာတယ်။ ဒါမတရားဘူးဟေ့၊ ငါပြောသလိုလုပ်မှ တရားမယ်ဆိုတဲ့ စိတ်ကြီးဝင်မှုကို ကြိုက်လာတယ်။ ဘေးကဝိုင်းပို့ပေးတဲ့သူတွေကလည်း အများသား။
ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့အရာ၊ လွတ်လပ်မှုဆိုတဲ့အရာကို လိုချင်ရင် ကိုယ်နဲ့ အမြင်မတူသူတွေကိုလည်း လိုချင်မှရမယ်မဟုတ်လား။ တော်တော်များများက ဒါကို မေ့သွားကြပြီ။
ကျွန်တော်တို့ရဲ့ စစ်ပွဲတွေကို သေသေချာချာ ရွေးဖို့လိုတယ်။ ရန်သူကိုလည်း နားလည်ဖို့ ကြိုးစားရဦးမယ်။ ကိုယ်နဲ့သဘောထားချင်း မတိုက်ဆိုင်သူတိုင်းကို ဝါးလုံးနဲ့ ပတ်ရမ်းနေလို့ မဖြစ်ဘူး။ ဆိုရှယ်မီဒီယာကိုလည်း ချင့်ယုံမှရမယ်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ စဉ်းစားဆင်ခြင်မှုဆိုတဲ့ တန်ဖိုးတွေကို ပိုပြီး အရေးထားဖို့လိုတယ်။ အမြဲမှန်ချင်စိတ်၊ လက်စားချေမှု၊ အသနားခံလိုမှုဆိုတဲ့ တန်ဖိုးအမှားတွေကို ထိန်းဖို့လိုပါတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ဒီနေ့ပတ်ဝန်းကျင်မှာ တန်ဖိုးအမှန်တွေကို ရှာရတာ ကောက်ရိုးပုံထဲရောက်နေသလိုပဲ ဖြစ်တယ်။ အရှုံးပေးလို့တော့ မဖြစ်ပြန်ဘူး။ တည်ငြိမ်တဲ့ လူ့ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ တာဝန်ယူတတ်စိတ်ကို မွေးပြီး အပြစ်တင်ချင်စိတ်ကို လျော့မှရမယ်လေ။

ချမ်းမြေ့ဝင်း ဘာသာပြန်သော ဂရုမစိုက်ခြင်း အနုပညာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts