တစ်နေ့မှာ လယ်သမားတစ်ယောက်ရဲ့ မြည်းတစ်ကောင်ဟာ ရေခန်းခြောက်နေတဲ့ ရေတွင်းပျက်တစ်ခုထဲ ပြုတ်ကျသွားတယ်။ ရေတွင်းကနက်တော့ မြည်းဟာ အပေါ်ကိုပြန်မတက်နိုင်ဘူး။ မြည်းဟာ ကြောက်လန့်ပြီး သူ့သခင်ကြားအောင် အသံကုန်အော်တော့တယ်။
လယ်သမားလည်း သူ့မြည်းအော်သံကိုကြားလို့ ရေတွင်းဆီရောက်လာတယ်။ ရေတွင်းထဲ ငုံ့ကြည့်လိုက်တော့ သူ့မြည်းကို တွေ့ရတယ်။ ရေတွင်းကနက်တော့ သူလည်း မြည်းကို ဆယ်တင်ဖို့ မတက်နိုင်ဘူး။ ဒီတော့ လယ်သမားက စဉ်းစားတယ်။ သူ့မြည်းဟာ အိုနေပြီဖြစ်တဲ့အပြင် ဆယ်လို့လဲရမှာ မဟုတ်တော့ဘူး။ ရေတွင်းပျက်ကိုလည်း ကလေးတွေ ပြုတ်မကျအောင် မြေဖို့ပစ်ရမယ်။ အဲဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်အောင် ရေတွင်းကို မြေဖို့ပြီး မြည်းကိုပါ မြုပ်ပစ်လိုက်မယ်ပေါ့။
ဒါနဲ့ လယ်သမားဟာ ရွာပြန်ပြီး သူ့သူငယ်ချင်း ရွာသားတွေကို သွားခေါ်တယ်။ ရေတွင်းကို မြေဖို့ရအောင် အကူအညီပေးဖို့ပေါ့။ ရွာသားတွေလည်း ပေါက်တူး၊ ဂေါ်ပြားတွေနဲ့ ရောက်လာကြတယ်။ မြေကြီးတွေ တူးကော်ပြီး ရေတွင်းထဲကို ပစ်ချကြတယ်။
အချိန်တော်တော်ကြာ မြေဖို့ပြီးတော့ လယ်သမားကလည်း ရေတွင်းထဲငုံ့ကြည့်လိုက်တယ်။ မြည်းဟာ တွင်းထဲကို လူတွေဖို့ချလိုက်တဲ့ မြေကြီးအမှုန်အခဲတွေကို ခါချလိုက် ကျသွားတဲ့မြေကြီးတွေပေါ် တက်ရပ်ရင်းနဲ့ မြည်းဟာ တဖြည်းဖြည်းအပေါ်နားကို ရောက်လာတယ်။ လယ်သမားကလည်း သူ့သူငယ်ချင်းတွေကို မြေကြီးတွေ ဆက်ဖို့ခိုင်းတယ်။ မြည်းလည်း ဖို့တဲ့မြေကြီးပေါ်တက်တပ်ရပ်ရင်းနဲ့ ရေတွင်းထိပ်နားရောက်တော့ ခုန်ထွက် လွတ်မြောက်သွားတယ်။
ကျွန်တော်တို့ဘဝမှာလည်း တစ်ခါတစ်လေ ရေတွင်းထဲကျသလို ဆင်းရဲဒုက္ခတွင်းထဲ နစ်နေတတ်တယ်။ မြည်းလို ကယ်သူမဲ့တဲ့အဖြစ်မျိုး ရောက်နေတတ်တယ်။ အဲဒီထဲက နောက်ထပ် ဒုက္ခမြေကြီးတွေနဲ့ ထပ်ဖို့ခံရသေးတယ်။ အဲဒီကျလာတဲ့ ဒုက္ခတွေအောက်မှာ ဘာမှမလုပ်ဘဲ ငြိမ်ခံနေပြီး မိမိဘဝကို အရှုံးပေး စတေးပစ်လိုက်ရမလား။ ဒါမှမဟုတ် ကျရောက်လာတဲ့ ဒုက္ခတွေကိုမြည်းလို နင်းကျော်တက်ပြီး ဒုက္ခဆင်းရဲတွင်းကြီးထဲက လွတ်မြောက်အောင်လုပ်မလား။ သင့်ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်။
ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။