တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း (အပိုင်း - ၄)

တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း (အပိုင်း – ၄)

‘မည်သည့်အရာမဆို စင်စစ် ကောင်းလည်းမကောင်း၊ ဆိုးလည်းမဆိုး၊ အကောင်းနှင့်အဆိုးသည် စိတ်၏ဖန်တီးမှုမျှသာ ဖြစ်သည်’ ဟု ရှိတ်စပီးယားက ပြောဖူး၏။ ‘များစွာသော လူတို့သည် မိမိတို့ စိတ်နိုင်သလောက် စိတ်ချမ်းသာကြသည်’ ဟူ၍ အေဗရာလင်ကွန်းက ပြောဖူးလေသည်။ ထိုစကားသည် မှန်၏။ ထိုစကားမှန်ကြောင်း သက်သေသာဓကတစ်ခုကို များမကြာမီက ကျွန်ုပ်သည် တွေ့ခဲ့ဖူး၏။ နယူးယောက်မြို့ရှိ လောင်းအိုင်လန်ဘူတာရုံအပေါ်ထပ်သို့ ကျွန်ုပ် တက်သွားသောအခါ ခြေမစွမ်းမသန်သော သူငယ်ကလေး လေးငါးဆယ်တို့သည် ကျွန်ုပ်၏ ရှေ့တည့်တည့်တွင် ချိုင်းထောက်တုတ်များဖြင့် လှေကားပေါ်သို့ အားစိုက်တက်နေကြသည်ကို တွေ့ရဖူး၏။ သူငယ်ကလေးတစ်ယောက်ကိုမူကား ပွေ့၍ တင်ယူရ၏။ ထိုသူငယ်ကလေးမျာ၏ ဝမ်းသာအားရရွှင်မြူးနေကြပုံကို မြင်ရသောအခါ ကျွန်ုပ်သည် အံ့အားသင့်သွား၏။ ထိုအကြောင်းကို သူငယ်ကလေးများအား စောင့်ရှောက်လျက် ပါလာသော လူကြီးတစ်ဦးကို ကျွန်ုပ်သည် မေးကြည့်၏။

‘ဟုတ်ကဲ့၊ ကလေးတွေဟာ ဒီလိုပဲ တစ်သက်လုံး ခြေမစွမ်းမသန် ဖြစ်ရတော့မယ်ဆိုတာကို သိသိချင်းတော့ အတော်ပဲ လန့်သွားတာပဲ၊ ဒီအလန့်ဟာလည်း ပျောက်သွားရော ကံစီမံတဲ့အတိုင်း ဖြစ်လာရတာပဲဆိုပြီး အခြားသန်သန်စွမ်းစွမ်း ကလေးတွေထက်ပင် ရွှင်ရွှင်ပျပျ ဖြစ်လာသေးတယ်’ ဟု ထိုလူကြီးက ကျွန်ုပ်အား ပြန်ပြောဖူး၏။

ကျွန်ုပ်သည် ထိုကလေးများကို ဆရာတင်ချင်သလိုလိုပင် ဖြစ်မိသေး၏။ မည်သည့်အခါမျှ မေ့နိုင်မည်မထင်။ ဒေါ့ကလပ် ဖယ်ယားဗင့် နှင့် ကွာရှင်းရန် စီစဉ်နေစဉ်က မေရီပစ်ဖို့ နှင့် ကျွန်ုပ်သည် တစ်ညနေခင်းအချိန်တွင် သွားရောက်စကားပြောဖူး၏။ ထိုအချိန်အခါက မေရီပစ်ဖို့ကို စိတ်မချမ်းသာ ဖြစ်နေသည်ဟု တစ်ကမ္ဘာလုံးက တွေးထင်နေကြ၏။ သို့ရာတွင် ကျွန်ုပ် တွေ့ခဲ့ဖူးသော စိတ်မချောက်ချားသည့်လူများထဲတွင် မေရီပစ်ဖို့လည်း ပါဝင်ကြောင်း ကျွန်ုပ်ကိုယ်တိုင် သိခဲ့ရ၏။ သူ၏မျက်နှာသည် ကြည်လင်လျက်ရှိ၏။ ထိုကဲ့သို့ ဖြစ်ရခြင်း၏ နည်းကောင်းသည် အဘယ်အရာနည်း။ ထိုနည်းကောင်းသည် သူရေးသည့် စာမျက်နှာ ၃၅ မျက်နှာရှိသော ‘ဘုရားကို ဖက်ပါလား’ စာအုပ်ထဲတွင် ရေးသားထားလေသည်။

အမေရိကန်ပြည်၏ နာမည်ကျော် အသက်နှင့် မီးအာမခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဖရန့်ကလင် ဘက်ဂျား ဆိုသူက ပြုံးရွှင်သည့် မျက်နှာရှိသော နှစ်ပေါင်းများစွာကပင် ဂရုပြု၍ ကြည့်မိသည်ဟု ကျွန်ုပ်အား ပြောပြဖူး၏။ ထို့ကြောင့် အာမခံထားချင်လောက်အောင်ဆွယ်ရန် လူတစ်ဦးဦး၏ အလုပ်ခန်းအတွင်းသို့ မဝင်မီ ခေတ္တမျှနား၍ ဝမ်းသာစရာကိစ္စများကို ပြန်လည်စဉ်းစားပြီးနောက် သူ၏မျက်နှာသည် ရွှင်ပျလာသောအခါမှ ရုံးခန်းတွင်းသို့ဝင်၍ ပြောစရာရှိသည်ကို ပြော၏။

အာမခံအလုပ်ကို မည်မျှ ကြီးကျယ်တိုးပွားအောင် ပြုလုပ်ရာတွင် အထက်ပါနည်းသည် များစွာ အကူအညီရသည်ဟု ဖရန့်ကလင် ဘက်ဂျားသည် များစွာ ယုံကြည်၏။ အဲဘက် ဟပ်ဘက်၏ အလွန်အဖိုးတန်သော အကြံပေးချက်ကို အောက်တွင် ဖတ်ပါ။ သို့ရာတွင် ဖတ်ရုံနှင့်မပြီး။ ထိုအကြံပေးချက်များကိုလည်း လိုက်နာဆောင်ရွက်နိုင်ပါမှ အကျိုးပြီးမည့် အကြောင်းကိုလည်း ကောင်းစွာသတိပြုပါ။

သင်သည် အိမ်အပြင်သို့ထွက်တိုင်း သင်၏ မေးကိုတင်း၍ ခေါင်းကို ခတ်မတ်မတ်ထားပါ။ အသက်ပြင်းပြင်း ရှိုက်ပေး၍ နေရောင်ကိုခံပါ။ သင်၏မိတ်ဆွေများကို ပြုံး၍ နှုတ်ဆက်ပြီးလျှင် လက်ဆွဲနှုတ်ဆက်ပါ။ တစ်ဖက်သား အထင်မှားမှာကို မကြောက်ပါနှင့် သင်၏ရန်သူများ အကြောင်းကို အချိန်ကုန်ခံ၍ မစဉ်းစားပါနှင့်။ သင်လုပ်လိုသောအလုပ်ကို သင်၏စိတ်ထဲတွင် စွဲနေပါစေ။ ထို့နောက် လမ်းကွေ့မနေဘဲ သင်အလိုရှိသော ကိစ္စကို ဆုံးခန်းတိုင်အောင် ဖြောင့်ဖြောင့်တန်းတန်း သွားပါ။ သင်လုပ်ချင်သော ကြီးကျယ်ခမ်းနားသည့် အလုပ်များပေါ်တွင် အစဉ်သတိရရှိပါစေ။ ထို့နောက် ရက်အတော်ကြာလာသောအခါ သန္တာပိုးသည် တသွင်သွင် စီးလျက်ရှိသော ရေအလျဉ်မှ မိမိအလိုရှိသော အစာကိုရအောင် ယူဘိသကဲ့သို့ သင်လုပ်လိုသောအလုပ်၏ အောင်မြင်ခြင်းအတွက် လိုအပ်သော အခွင့်အလမ်းကောင်းများကို သင်ကိုယ်တိုင် မသိမသာ ဆုပ်ကိုင်မိလျက်ရှိကြောင်းကို သင်သည် တွေ့ရပေလိမ့်မည်။ သင်ဖြစ်လိုသော လူစွမ်းကောင်းတစ်ယောက် ဘဝကို သင့်စိတ်တွင်းတွင် သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ထိုစဉ်းစားချက်သည် နာရီနှင့်အမျှ သင်ဖြစ်လိုသော ဘဝသို့ သင့်ကို ပြောင်းလဲပေးနေပေလိမ့်မည်။ အကြံအစည်သည် တန်ခိုးအကြီးဆုံးဖြစ်၏။ ရဲရင့်ခြင်း၊ ဖြောင့်မှန်ခြင်း၊ ရွှင်လန်းခြင်းတည်းဟူသော စိတ်ထားမှန်တို့ကို ရအောင်ရှာ၍ ထိုစိတ်ထားတို့ကို မပျောက်ပျက်ရအောင် ထိန်းသိမ်းပါ။ အမှန်ကို စိတ်ကူးနိုင်ခြင်းဖြင့် ကိစ္စတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ပေလိမ့်မည်။ အားလုံးသောအရာတို့သည် ဆန္ဒမှ ပေါက်ဖွားလာကြ၍ အဟုတ်တကယ် အလိုရှိလာလျှင် ဧကန်အမှန် ရသည်ချည်းသာ ဖြစ်၏။ ကျွန်ုပ်တို့၏ စိတ်က စွဲလမ်းသည့်အတိုင်း ကျွန်ုပ်တို့ ဖြစ်လာရတော့သည်။ သင်၏မေးကို တင်း၍ ခေါင်းကို မတ်မတ်ထားပါ။ ကျွန်ုပ်တို့သည် မီးခဲ ပြာဖုံးများ ဖြစ်ကြ၏။

ရှေးတရုတ်လူကြီးများသည် လူရေးလူရာတွင် အလွန်ပါးနပ်သူများ ဖြစ်ကြ၏။ သူတို့သည် စကားပုံတစ်ခုကို ထားခဲ့၏။ ထိုစကားပုံကို သင်နှင့်ကျွန်ုပ်တို့သည် စာနှင့်ရေး၍ ဦးထုပ်အတွင်းတွင် ကပ်ထားရန် ကောင်း၏။ ထိုစကားပုံသည်ကား ‘ပြုံးရွှင်သည့် မျက်နှာမရှိသူသည် ဈေးမရောင်းရပင်’ ဖြစ်လေသည်။

ဆိုင်အကြောင်းကို ပြောသောကြောင့် အိုပင်ဟင်း ကောလင်းကုမ္ပဏီအတွက် ဖရန့်အိုင်ဗင်ဖလက်ချား ရေးသားသော ကြော်ငြာစာတစ်ခုတွင် အောက်ပါ အိမ်သုံးပညာရှိစကားများ ပါဝင်လေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts