တ် ရင့်ကျက်တည်ငြိမ်ခြင်း

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း ၁)

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း – လောကတွင် အောင်မြင်နေသူတို့ကား စိတ်ဓာတ်ရင့်ကျက်ခိုင်မာသူများ ဖြစ်ကြ၏။ လောကဓံ၏ အထု အထောင်း၊ အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲခံယူကာ ဘဝတိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်သူတို့ကား စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်သူများ ဖြစ်ကြကုန်၏။

သို့သော် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှုကို အလွယ်တကူ ရယူနိုင်ကြပါသလော။ အဖြေကား “မလွယ်ကူ” ဟုပင် ဖြေရပေမည်။

လူတစ်ယောက်၏ ဘဝသက်တမ်းတစ်လျှောက် ဖွံ့ဖြိုးမှုအစဉ်ကို လေ့လာပါမှ စိတ်ဓာတ်ရင့်ကျက်မှု မည်သို့မည်ပုံ တိုးတက်ဖွံ့ဖြိုးသည်ကို ခပ်ရေးရေးသိနိုင်မည် ဖြစ်ပေသည်။

နို့စို့ကလေးငယ်တို့ကား သူတို့အလိုဆန္ဒနှင့် သူတို့ သက်တောင့် သက်သာနေနိုင်မှုကိုသာ သိ၏။ ထို့ကြောင့် နို့ဆာလျှင် ငို၏ ။ အနှီးစိုလျှင် ငို၏။ လူကြီးမိဘတို့ကလည်း သူတို့ငိုသံကြားလျှင် အဆောတလျှင် ဂရုစိုက်ကြရသည်သာ ဖြစ်၏။ သူတို့ အလိုဆန္ဒကို ဖြည့်စွမ်းရသည် ဖြစ်၏။

အသက် သုံးနှစ်အရွယ်ကလေးသည် သူလိုလားသည့် ကစားစရာကို မရခဲ့သော် စိတ်ဆိုး စိတ်ကောက်၏။ ကလေးသဘာဝကို နားလည်သော မိဘတို့ကမူ သည်အရွယ်တွင် သည်လိုအပြုအမူမျိုးရှိစမြဲ ဖြစ်ကြောင်း လက်ခံ၏။ ထို့ကြောင့် တစ်ခါတစ်ရံ လစ်လျူရှု၏။ တစ်ခါတစ်ရံ စိတ်အပြောင်းအလဲ ဖြစ်အောင် လုပ်ပေး၏။ သို့သော် “စိတ်ကောက်ခြင်း” ကား အရွယ်နှင့်မလိုက်လျောဟု မဆိုကြကုန်။

အသက် ၂၀ ရွယ် လူငယ်တစ်ယောက်က မိမိခဲတံကျိုးသွားသောကြောင့် စိတ်ကောက်စိတ်ဆိုး အမျိုးမျိုး ဟစ်အော်ငိုကြွေး၍ အသက် သုံးနှစ်ကလေးငယ်ကဲ့သို့ ပြုမူလာချေသော် မည်သို့ဝေဖန်ကြမည်နည်း။

သုံးနှစ်အရွယ်ကလေးက သူ၏အသက်နှင့်အညီ စဉ်းစား၊ ခံစား ပြုမူခြင်းမှာ သူ့ အရွယ်အတွက် သင့်လျော်သော စိတ်ဓာတ်ရင့်ကျက်မှုကို ညွှန်ပြနေပေသည်။ သို့သော် အသက် ၂၀ ကျော်အရွယ်ရောက်ပြီးသူ တစ်ဦးသည် ကလေးငယ်ကဲ့သို့၎င်း၊ ဆယ်ကျော်သက် မြီးကောင်ပေါက်ရွယ်ကဲ့သို့၎င်း၊ ပြုမူကျင့်ကြံခဲ့သော် ထိုသူအား စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုမရှိသူဟုပင် ဆိုရမည်ဖြစ်၏။ အချုပ်ဆိုရသော် လူတစ်ဦးသည် သူ၏ ဇာတာသက်နှင့်အညီ စိတ်ဓာတ်ပိုင်းတွင်လည်း ဖွံ့ဖြိုးတိုးတက်ပါမှ ပတ်ဝန်းကျင်လောကနှင့် အဆင်ပြေစွာ ဆက်ဆံလှုပ်ရှားနိုင်၍ ရင့်ကျက် တည်ငြိမ်သူတစ်ဦးဟု အသိအမှတ်ပြုခြင်း ခံရပေမည်။

သို့သော် အရွယ်ရောက်ပြီးသူတစ်ဦးသည် အချိန်မရွေး နေရာမရွေး ရင့်ကျက်တည်ငြိမ်မှုကို ဖော်ပြလိမ့်မည်ဟုကား တထစ်ချ မှတ်ယူမထားသင့်ပေ။ ပုံစံအားဖြင့် အိမ်ထောင်ရှင်မတစ်ဦးသည် မိမိသားသမီးများကို မွေးမြူစောင့်ရှောက်ရေးတွင် ရင့်ကျက်မှုရှိသော်လည်း၊ နိုင်ငံရေးခံယူချက်နှင့် စီးပွားရေးကိစ္စ ဆုံးဖြတ်ချက်များတွင်မူ လင်ယောက်ျား၏အပေါ် မှီခိုအောင်း မှီခိုပေလိမ့်မည်။

အချိန်ကို စနစ်တကျ သုံးစွဲတတ်ပါက ဘဝတွင် အောင်မြင်မှုသရဖူ ဆောင်နိုင်ကြောင်းကို စိတ်ဓာတ်မရင့်ကျက်သူတို့ နားလည် သဘောပေါက်ခြင်း မရှိကြပေ။

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်သူ

လူတစ်ယောက်သည် အရွယ်ရောက်ပြီးသည့်နောက် စိတ်ဓါတ် ရင့်ကျက်မှုရှိရန် လိုအပ်သည်။ ကလေးဆံသော၊ မြီးကောင်ပေါက်အရွယ်ဆံသော အပြုအမူတို့သည် ယခုအချိန်တွင် သူနှင့် မလိုက်လျောတော့ကြောင်း သိလာရမည်ဖြစ်၏။ ဟာသဉာဏ်ရှိခြင်း၊ ကြိုတင်စဉ်းစားတတ်ခြင်း၊

ကိုယ့်ကိုကိုယ် အားကိုးခြင်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိခြင်း၊ မလိုလားအပ်သည့် အပြုအမူတို့ကို ထိန်းချုပ်နိုင်ခြင်း၊ ဘက်မလိုက်ခြင်း စသော အရွယ်ရောက်ပြီးသူတို့ ထားရှိရမည့် စစ်မှန်သော သဘောထားများ ရှိမှသာ လူတစ်ယောက်ကို စိတ်ဓါတ်ရင့်ကျက်မှုရှိသူဟု ဆိုနိုင်မည်ဖြစ်၏။ အရွယ်ရောက်ပြီးစေကာမူ စိတ်ဓါတ်ရင့်ကျက်မှုမရှိသူတစ်ဦးသည် တကိုယ်ကောင်းဆန်ခြင်း၊ ဖြစ်ရပ်မှန်နှင့်ကိုက်ညီအောင် မစဉ်းစားတတ်ခြင်း၊ ထိန်းချုပ်မှုမရှိခြင်း၊ တာဝန်မသိတတ်ခြင်းနှင့် မှီခိုလွန်းခြင်း စသည့်ခြင်းရာ လက္ခဏာတို့ကို ဖေါ်ပြတတ်ပေ၏။

စာရေးဆရာ ‌ဒေါက်တာကျော်စိန် ရေးသားထားသော သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts