ဆေးဝါးအသုံးပြုရာတွင် မှားတတ်သည့် အမှားများ

ဆေးဝါးအသုံးပြုရာတွင် မှားတတ်သည့် အမှားများ

ဆေးဝါးအသုံးပြုရာတွင် မှားတတ်သည့် အမှားများ

ဆေးဝါး ကို နည်းလမ်းမှန်ကန်စွာ အချိန်ကိုက်အသုံးပြုနိုင်ရင် ဆေးဝါးရဲ့ အာနိသင်ကို အကောင်းဆုံး ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် တချို့ ဆေးဝါး တွေက အစာမရှိတဲ့အချိန်၊ တချို့တွေက အစာနဲ့အတူ၊ တချို့တွေက ညအိပ်ရာဝင်ချိန်မှာ မှီဝဲသင့်ပြီး တချို့ဆေးဝါးတွေကို သစ်သီးဖျော်ရည်တွေနဲ့ အတူ မမှီဝဲသင့်ပါဘူး။ ဒါ့ကြောင့် ဆေးဝါးအသုံးပြုရာမှာ မှားတတ်တဲ့အမှားတွေဖြစ်ပြီး အမှားမဖြစ်အောင် ရှောင်ကြဉ်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်စဉ်းဆေးခတ်အပြီး မျက်စိပိတ်မထားခြင်း
မျက်စဉ်းဆေးခတ်အပြီးမှာ သင့်မျက်စိကို ပိတ်ထားပြီး မျက်လုံးအတွင်းဘက် ထောင့်နေရာသို့ သင့်လက်ချောင်းနဲ့ အနည်းဆုံး နှစ်မိနစ်ခန့် ဖိထားသင့်ပါတယ်။ ဒီလိုပြုလုပ်မှသာ မျက်စဉ်းဆေးတွေကို လည်ချောင်းထဲကို မဝင်ရောက်သွားအောင် ကာကွယ်ပေးနိုင်မှာပါ။ သင့်လျှာက မျက်စဉ်းဆေးအရသာကို ခံစားနေရရင် သင့်ရဲ့ မျက်စဉ်းဆေး အတော်များများက လည်ချောင်းထဲကို ရောက်ရှိနေပါပြီ။ အထူးသဖြင့် ပဋိဇီဝပါဝင်တဲ့မျက်စဉ်းဆေး ဒါမှမဟုတ် ရေတိမ်ရောဂါအတွက် ခတ်ရတဲ့ မျက်စဉ်းဆေးတွေအတွက် အလွန်အရေးကြီးပါတယ်။ မျက်စဉ်းဆေးခတ်ရာမှာ အောက်မျက်ခမ်းကို ခွက်ခွက်လေးဖြစ်အောင် လက်နဲ့ဆွဲဖြဲပြီး အဲဒီနေရာကို မျက်စဉ်းထည့်ပေးရပါမယ်။ မျက်စိအဆန်ထဲကို မျက်စဉ်းခတ်ရမှာ မဟုတ်ပါဘူး။ မျက်စဉ်းခတ်အပြီးမှာ မျက်လုံးကို ပေကလပ်ပေကလပ်မလုပ်ဘဲ မျက်စိကို ခဏပိတ်ထားပါမှ မျက်စဉ်းဆေးဟာ မျက်လုံးအတွင်းနေရာအနှံ့ကို ရောက်ရှိသွားမှာပါ။ မျက်စိထဲကို မျက်စဉ်းဆေးတကယ်ဝင်သွားပြီဆိုရင် မျက်စဉ်းတစ်စက်နဲ့တစ်စက်ခြား နှစ်မိနစ်-သုံးမိနစ်ခန့် ခြားရပါမယ်။

အစာနဲ့အတူ ပါရာစီတမောဆေးဝါး မှီဝဲခြင်း
ခေါင်းကိုက်တာ ဒါမှမဟုတ် ခါးနာတဲ့အခါမှာ မှီဝဲရတဲ့ ပါရာစီတမောဆေးဝါးကို အစာအိမ်မှာ အနာဖြစ်မှာစိုးရိမ်တဲ့အတွက် အစာနဲ့အတူ သောက်သုံးတတ်ကြပါတယ်။ ဒီလိုလုပ်တာက မှားယွင်းပါတယ်။ အစာနဲ့အတူ မှီဝဲတာကြောင့် ဆေးရဲ့ အာနိသင်က ၄၅ မိနစ်ကြာမှရရှိမှာပါ။ ပါရာစီတမောဆေးဝါးဟာ အစာအိမ်ကို ဒုက္ခမပေးနိုင်ပါဘူး။ မှီဝဲတဲ့ပမာဏ များလွန်းမှသာလျှင် အသည်းကို ဒုက္ခပေးတတ်ပါတယ်။

နှာခေါင်းဆေးဖျန်းအပြီး ရှူသွင်းခြင်း
လူအများစုဟာ နှာခေါင်းဆေးဖျန်းအပြီးမှာ ဆေးကိုရှူသွင်းတာလိုမျိုး အမှားတွေပြုလုပ်တတ်ပါတယ်။ ဒီလိုပြုလုပ်တာကြောင့် နှာခေါင်းဖျန်းဆေးတွေက လည်ချောင်းအတွင်း ရောက်ရှိသွားနိုင်တဲ့အတွက် ဘာအာနိသင်မှ မရရှိတော့ပါဘူး။ နှာခေါင်းဆေးဖျန်းအပြီးမှာ ပုံမှန်အတိုင်း အသက်ရှူရပါမယ်။ တချို့လူတွေကလည်း နှာခေါင်းတဖက်ကို ပိတ်ပြီး ကျန်တဖက်ထဲကို ဆေးဖျန်းထည့်တတ်ပါတယ်။ ဒီလိုလုပ်တာကြောင့် နှာခေါင်းအလယ်ရိုးအပေါ် ဖိအားသက်ရောက်သွားပြီး ဆေးရဲ့ လိုအပ်တဲ့ပမာဏကို ရရှိမှာ မဟုတ်တော့ပါဘူး။ နှာစေးနှာပိတ်ဖြစ်နေတာက ဓါတ်မတည့်မှု ဒါမှမဟုတ် အအေးမိတာကြောင့်ဖြစ်ပြီး ဒီလိုဖြစ်တာကြောင့် နှာခေါင်းရဲ့အသားစိုင်တွေမှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်ကာ အချွဲတွေ ပိုမိုထွက်ရှိလာတတ်ပါတယ်။ ဒါကြောင့်နှာခေါင်းရဲ့ ဘေးပတ်လည်မှာရှိတဲ့ အသားစိုင်နေရာကို ဆေးတိုက်ရိုက်ဖျန်းရမှာ ဖြစ်ပါတယ်။ စာအုပ်ဖတ်နေသလိုမျိုး အောက်ဘက်ကို မျက်လုံးက ကြည့်ရှုနေတဲ့ အနေအထားနဲ့ ညာလက်က ဆေးဘူးကို ကိုင်ပြီး ဘယ်ဘက်နှာခေါင်းကို ဖျန်းပေးပါ။ ပြီးရင် တစ်ဖက်ပြောင်းကာ ဖျန်းပါ။ ဆားရည်ကို နှာခေါင်းဖျန်းဆေးဖြင့် အသုံးပြုပေးနိုင်ပါတယ်။ အအေးမိရောဂါအတွက် အသုံးပြုရတဲ့ နှာပိတ်ပျောက်ဖျန်းဆေးတွေက နှာခေါင်းအမြှေးပါးအတွင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကို ကျုံ့စေနိုင်တဲ့အတွက် သုံးရက်မှ ခုနစ်ရက်အတွင်းသာ အသုံးပြုသင့်ပါတယ်။ အသုံးပြုတာများလွန်းရင် နှာပိတ်တာ ပိုမိုဆိုးရွားနိုင်တာကြောင့်ပါ။

အကိုက်အခဲပျောက်ဆေးကို မပွတ်လိမ်းဘဲ အသုံးပြုခြင်း
အကိုက်ခဲပျောက်လိမ်းဆေးတွေကို အဆစ်ကိုက်တာ ဒါမှမဟုတ် ကြွက်သားနာကျင်တာအတွက် အသုံးပြုတတ်ကြပါတယ်။ သူ့ကို အရေပြားပေါ်မှာ ပွတ်လိမ်းသင့်ပါတယ်။ ဒါမှ အဲဒီနေရာမှာသွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး ဆေးဝါးစုပ်ယူမှုကောင်းကာ နာကျင်မှုကို ဖြစ်စေတဲ့ ရောင်ရမ်းမှုတွေ လျော့ကျသွားနိုင်ပါတယ်။

ကပ်ခွာများကို ဖြတ်၍ အသုံးပြုခြင်း
အကိုက်အခဲပျောက်ဆေး၊ ဟော်မုန်းဆေး ဒါမှမဟုတ် နီကိုတင်းကပ်ခွာတွေကို ကပ်ခွာထဲမှ လိုသလောက်ကိုသာ ကတ်ကြေးနဲ့ဖြတ်ပြီး အသုံးပြုရင် ဆေးဝါးရရှိတဲ့ ပမာဏနည်းလွန်းတာ ဒါမှမဟုတ် များလွန်းတာတွေ ဖြစ်သွားတတ်ပါတယ်။ ဒီကပ်ခွာတွေက ဆေးဝါးတွေပါဝင်တဲ့၊ အထူးပြုလုပ်ထားတဲ့ အလွှာပျက်စီးသွားပြီး ဆေးပမာဏနည်းတာ ဒါမှမဟုတ် များတာ ဖြစ်သွားတတ်ပါတယ်။

အိပ်ရာမဝင်ခင် နားအစက်ချ ဆေးရည် အသုံးပြုခြင်း
နားအစက်ချ ဆေးရည်အသုံးပြုရာမှာ ဦးခေါင်းကို တစ်ဖက်စောင်းပြီး ထည့်ကာ နားအတွင်းကို ဆေးရောက်ရှိအောင် တစ်မိနစ် နှစ်မိနစ်ခန့် စောင်းထားပေးရပါမယ်။ အိပ်ရာမဝင်မီ နားအစက်ချ ဆေးရည်ထည့်တာကို ရှောင်ကြဉ်ရပါမယ်။ အိပ်လိုက်တဲ့အတွက်ကြောင့် နားထဲက ဆေးတွေ ပြန်ထွက်သွားနိုင်တာကြောင့်ပါ။

ရင်ကျပ်ပန်းနာအတွက် ရှူဆေးအသုံးပြုရာတွင် အမြန်ရှူခြင်း
ရင်ကျပ်ပန်းနာရှူဆေး အသုံးပြုရသူတွေက သုံးယောက်မှာ တစ်ယောက်နှုန်းက ဆေးအသုံးပြုနည်း မမှန်ကန်တတ်ပါဘူး။ ရှူဆေးကို မြန်မြန်ရှူသွင်းလိုက်တာကြောင့် ဆေးက အဆုတ်ထဲကို ဝင်ရောက်မှု နည်းသွားပြီး လည်ချောင်းထဲကိုသာ ဝင်ရောက်သွားနိုင်ပါတယ်။ ပန်းနာရှူဆေးထည့်ပြီး ငါးစက္ကန့်ခန့် အသက်ရှူသွင်းပါ။ ပြီးရင် အဆုတ်ထဲကို ဆေးတွေ ရောက်ရှိသွားအောင် ၁၀ စက္ကန့်ခန့် အသက်ရှူအောင့်ထားပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး စက္ကန့် ၃၀ ခြားရပါမယ်။

အန်ဂျိုင်နာအတွက် ဖျန်းဆေးအသုံးပြုရမှာ ကြောက်ရွံ့နေခြင်း
အန်ဂျိုင်နာ(Angina) ခေါ်တဲ့ ရင်ဘတ်အောင့်ရောဂါရှိသူတွေအတွက် ဂလစ်စရိုင်းနိုက်ထရိတ်ခေါ်တဲ့ ဖျန်းဆေးကို လျှာအောက်မှာ အသုံးပြုဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဒီဆေးဝါးက သွေးကြောတွေကို ကျယ်ပြန့်စေကာ ရင်ဘတ်အောင့်တာကို သက်သာစေနိုင်ပါတယ်။ လူအများစုက ဒီဆေးဝါးကို အရေးပေါ် အခြေအနေဖြစ်မှသာ လျှာအောက်ထဲ ဖျန်းရမယ်လို့ ထင်မှတ်နေကြပါတယ်။ အမှန်တကယ်တော့ ဒီဆေးကို အသုံးပြုတာကြောင့် အန္တရာယ်မရှိနိုင်ပါဘူး။ အန်ဂျိုင်နာဖြစ်မယ့် အနေအထားတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဆေးဝါးအသုံးပြုပြီး ငါးမိနစ်အကြာမှာ နာကျင်တာ မသက်သာခဲ့ရင် နောက်တကြိမ်ထပ်အသုံးပြုပေးပါ။ ဘယ်လိုမှ မသက်သာခဲ့ရင် နှလုံးတိုက်ခိုက်ခံရတဲ့ (Myocardial Infarct) လက္ခဏာမို့ အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်ပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts