ပုလဲသီ၏ ရပ်တည်မှု

ဆေးစက်ကျရာ အပိုင်း (၂)

ဆေးစက်ကျရာ – အပိုင်း (၂)

ဆေးစက်ကျရာ – အပိုင်း (၁) ကို ဖတ်ရှုလိုပါလျှင် အောက်ဖော်ပြပါ link မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6847

မီက အလုပ်ထွက်၍ နိုင်ငံခြားသို့ လိုက်ပါနေထိုင်ရန် ဆုံးဖြတ်လိုက်သောအခါ သီ ပေါက်ကွဲခဲ့ရလေသည်။

“မီ .. နင် ဘယ်လိုကြီး ဆုံးဖြတ်လိုက်တာလဲဟင်၊ နင့် ဘဝကို ဒီလိုဆုံးဖြတ်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး၊ နင့်ရည်မှန်းချက်တွေကို လွယ်လွယ်နဲ့ စွန့်ပစ်လိုက်တော့မှာလား၊ ပါမောက္ခကြီးဖြစ်တဲ့အထိ နင်ကြိုးစားမယ်ဆို …”

သီက စိတ်တိုနေခဲ့သော်လည်း မီကတော့ အပေါ်စီးဆန်ဆန်အပြုံးကလေးဖြင့် …

“ဒီလိုဆုံးဖြတ်သင့်လို့ ဒီလိုဆုံးဖြတ်လိုက်တာပေါ့ … သီရယ်”
“နင်… ဟိုမှာ ဘယ်လိုရပ်တည်မှာလဲ”

သီ့ မေးခွန်းကြောင့် မီက မျက်ခုံးလေးပင့်လိုက်ပြီး ခပ်ဟက်ဟက်ကလေး ရယ်ပြန်ကာ…

“ငါ အားကိုးလောက်တဲ့ ငါ့အမျိုးသား ရှိတယ်၊ ငါ့ ရပ်တည်မှုအတွက် ပူစရာလိုသေးလို့လား …”

“ရပ်တည်မှု ! အဲ့ဒီရပ်တည်မှုဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို နင်သေသေချာချာ သိရဲ့လား မီ…”
“ရော် … မြန်မာစာဆရာမကို ဘယ်လိုမေးခွန်းမျိုး လာမေးနေတာလဲ”

သီက မီ့ကိုကြည့်ကာ သနားကြင်နာစွာ‌ ပြုံး‌လိုက်ရင်း…

“နင့် ဘာသာ မြန်မာစာမှာ မိုးပျံနေအောင် တော်နေလည်း တကယ်တမ်းကျတော့ ရပ်တည်မှုဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို နင်သေသေချာချာ မသိပါဘူး မီ၊ နင် မသိလို့သာ ဒီလိုဆုံးဖြတ်ချက်မျိုး ချလိုက်တာပါ”

“နင်က ငါ့ဆုံးဖြတ်ချက်ကိုမှားတယ်လို့ ပြောချင်တာလား သီ …”

“နင် ဆုံးဖြတ်ပြီးပြီပဲ၊ ငါဘာပြောပြော အကြောင်းမထူးတော့ပါဘူး မီ၊ မှားတယ် မှန်တယ်ဆိုတာ နင် တစ်နေ့တော့ သိလာမှာပါ”

“ဒါဆို… နင့်ကို တစ်ခု ပြန်မေးပါရစေ၊ နင်ကရော ဘဝအတွက် အာမခံချက် ရေရေရာရာမရှိတဲ့ သာမန် ယောက်ျားတစ်ယောက်ကို ဘာဖြစ်လို့ နင့်ဘဝခရီးဖော်အဖြစ် ရွေးချယ်ခဲ့တာလဲ သီ …”

“ငါ သူ့ကိုချစ်တယ်၊ ပြီးတော့ သူ့စိတ်ဓာတ်ကို ကြိုက်တယ်၊ သူက ရိုးသားတယ်၊ သူတစ်ပါးအပေါ် စာနာစိတ် ရှိတယ်၊ သည်းခံနားလည်နိုင်စွမ်း ရှိတယ်၊ ယောက်ျား ပီပီသသ တာဝန်ယူတတ်တဲ့ စိတ်မျိုးရှိတယ်”

“အစိုးမရတဲ့ စိတ်ကို ကြိုက်တယ်ဆိုတာ တော်တော် ရူးမိုက်တာပဲ။ အဲ့ဒီစိတ်မျိုး သူ့မှာအမြဲရှိနေနိုင်မယ်လို့ နင်ယုံကြည်နေတာလား၊ စိတ်ဆိုတာ အမျိုးမျိုးပြောင်း နေနိုင်တယ်၊ ငါကတော့ နင် အဲ့ဒီလူကို ယူမယ်ဆိုတာ သက်သက် စိတ်ကူးယဉ်တာလို့ပဲ ထင်တယ်၊ ဘာတစ်ခု မှ အထင်ကြီးစရာမရှိတဲ့သူကို နင်မို့လို့ဟာ၊ ငါတော့နင့်ကို အရမ်းနှမြောတယ် သီ၊ တကယ်ဆို နင့်ဘဝမှာ သူ့ထက်သာတာတွေ တွေ့ခဲ့ဖူးတာပဲ၊ တစ်ချိန်တုန်းက နင်သံယောဇဉ်ရှိခဲ့ဖူးတဲ့ အမေရိကား ထွက်သွားတဲ့လူ နောက်ကို လိုက်သွားရင် နင့်ဘဝက အရမ်းမြင့်မားသွားမှာ သေချာတယ်”

“အခုက နိမ့်ကျနေလို့လား …”

“မနိမ့်ပေမယ့် မြင့်မှမမြင့်တာ…

“အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ဘဝ တိုးတက်မြင့်မားဖို့ ရင်းနှီးမြှုပ်နှံတာမှ မဟုတ်ဘဲ မီ၊ ပြီးတော့ ငါ့အတွက် ရပ်တည်မှု ရေရေရာရာမရှိတဲ့ နေရာမျိုးမှာ ငါမနေနိုင်ဘူး”

“လာပြန်ပြီ ဒီရပ်တည်မှု၊ ဟိုလူက ပညာလည်းတတ်၊ ပိုက်ဆံလည်း ရှိတာပဲ၊ နင့်ကို ရှာကျွေးမှာပေါ့ …”

“ရပ်တည်မှုဆိုတာ ပိုက်ဆံနဲ့ မဆိုင်ပါဘူး မီရယ် …”

“နင်ကလည်း အနုပညာသမားလို့ မပြောရဘူး၊ နည်းနည်းတော့ ကြောင်လိုက်ရမှ …”

မီက အထင်သေးစွာ ပြောသောအခါ သီက မီ့ရဲ့ ယုံကြည်မှုဖြင့် ဝံ့စားလှသော မျက်နှာကလေးကို ငေးကြည့်လိုက်ရင်း …

“ဥပမာတစ်ခု ပြောပါရစေ မီ၊ ငါ ပန်းချီဆွဲနေတဲ့ ဆေးစက်တစ်စက်ဟာ ကင်းဗတ်ပြားပေါ်မှာ မလွဲမသွေ အရေးပါနေပေမယ့် အဲ့ဒီဆေးတစ်စက်ကို သမုဒ္ဒရာထဲ သွားချပေးလိုက်ပြီးရင်တော့ အဲ့ဒီဆေးတစ်စက်ရဲ့ ဖြစ်တည်မှုက ပျောက်ဆုံးသွားပြီ၊ သူ့ထက် များပြားအင်အား ကြီးမားတဲ့ သမုဒ္ဒရာရေနဲ့ အရောခံလိုက်ရလို့လေ။ သူဟာ သမုဒ္ဒရာပဲ၊ ဆေးတစ်စက်မဟုတ်တော့ဘူး၊ သူ့ကို ဆေးတစ်စက်အဖြစ် ဘယ်သူကမှ အသိအမှတ် မပြုတော့ဘူး မီ…”

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts