ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း

ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း

ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း ~~~~
အောက်ပါစာပိုဒ်များသည် ဂေါ့ဂျိယ (Gorgias) ဂါထာမှကောက်နုတ်သော စာပိုဒ်များဖြစ်သည်။ ဂေါ့ဂျိယ ဂါထာသည် ထိုခေတ်တွင် အလွန်ထင်ရှားကျော်စောသော ဆိုဖီဆရာကြီး ဂေါ့ဂျိယကို အကြောင်းပြု၍  အမည်ပေးထားသော ဂါထာဖြစ်သည်။

ဆိုဖီဆရာဆိုသည်မှာ အရပ်ရပ်အနယ်နယ်လှည့်၍  အဖိုးအခယူကာပညာသင်ပေးသောဆရာဖြစ်သည်။ တစ်ဖက်သားနားကျအောင်၊ ကိုယ့်အလိုသို့ ပါအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ စီကာပတ်ကုံး စကားပြောတတ်သော အဟောကောင်း အပြောကောင်း ဝစာနလင်္ကာရပညာသည် ထိုခေတ်တွင် ဆိုဖီဆရာတို့ အထူးသင်ပေးသော ပညာရပ်တစ်ရပ်ဖြစ်သည်။ ဆော့ခရတ္တိနှင့် ပလေးတိုးတို့၏ အမြင်တွင် ဆိုဖီဆရာ အချို့သည် အများအားဖြင့် အပေါ်ယံသမားများသာဖြစ်၍  မိမိတို့ကိုယ်ကို မိမိတို့ အထင်ကြီးသူများဖြစ်သည်ဟုလည်းကောင်း၊ အတွေ့အကြုံသိ၊ ဘဝအသိတို့ထက် အစဉ်အလာအားဖြင့် ဖတ်ရွတ်လာကြသော စာများကိုသာ ပို၍ အလေးဂရုပြုကာ ပြန်လည်ဖတ်ရွတ်တတ်၍ အသိကြီး သိနေကြပြီဟု ကျေနပ်နေကြသူများဖြစ်သည်ဟုလည်းကောင်း ဆိုပါသည်။

အောက်ပါစာပိုဒ်များတွင် အသက် ၈၀အရွယ်ရှိသော ဆိုဖီဆရာကြီးဂေါ့ဂျိယနှင့် တပည့်ဖြစ်သူ ဆိုဖီဆရာကလေး ပေါလတို့ကတစ်ဖက်၊ ဆော့ခရတ္တိကတစ်ဖက် စကာစစ်ထိုးကြပုံအကြောင်း တစ်စိတ်တစ်ဒေသကို တွေ့နိုင်ပါသည်။ စကားစစ်ထိုးကြသော အပြောကောင်း၏ သဘော (ဝါ) ဝစနာလင်္ကာရပညာ၏ သဘောအကြောင်းဖြစ်သည်။ ဂေါ့ဂျိယနှင့် ပေါလတို့သည် ဝစနာလင်္ကာရပညာထက်မြက်သော ပညာသည် လောက၌မရှိသလောက်ဖြစ်သည်ဟု ယူဆကြသည်။ ဆော့ခရတ္တိသည် ထိုအယူအဆကို သူအသုံးပြုလေ့ရှိသော မေးမြန်းစိစစ်နည်းဖြင့် ခွဲခြမ်းစိတ်ဖြာ၍ပြသည်။ ထို့နောက် ဝစနာလင်္ကာရပညာသက်သက်သည် နှုတ်မှုဖြင့် သွေးဆောင်သောသဘော၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတစ်ပါးယုံအောင်ပြုရသော သဘော၊ ပရိသတ်ကို ကြိုက်လုံးပေးနိုင်အောင် ကျင်လည်ရသော သဘောတို့သာဖြစ်ကြောင်း၊ ဝစနာလင်္ကာရပညာကို မတတ်သော်လည်း မှန်သောကိစ္စ အကျိုးရှိသောကိစ္စတို့တွင် အမှန်ကိုပြောလျှင်၊ အကျိုးရှိသည်ကို ပြောလျှင် အပြောကောင်း အဟောကောင်းဖြစ်ကြောင်း။ ထို့ကြောင့် အပြောကောင်းအဟောကောင်းဖြစ်ချင်လျှင် (ဝါ) ဝစနာလင်္ကာရ ဆရာအစစ်ဖြစ်ချင်လျှင် အမှန်နှင့်အကျိုးကိုသိ၍ မှန်သောစကား အကျိုးရှိသောစကားကိုဆို၍ မှန်သောအမှု ကောင်းသောအမှုကို ပြုအပ်သည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts