hapeye

စီးပွားရေးလောကအတွက် အခြေခံကျတဲ့ ဗျူဟာ (၃)ရပ် (အပိုင်း-၁)

တကယ်တော့ စီးပွားရေးလုပ်တယ်ဆိုတာ စစ်တိုက်သလိုပါပဲ။ စစ်သည်အရေအတွက် များခြင်း၊ နည်းချင်းက စစ်ပွဲတစ်ခုရဲ့ ရှုံးခြင်း၊ နိုင်ခြင်းကို မဆုံးဖြတ်ပေးနိုင်သလို၊ အရင်းအနှီး နည်းခြင်းများခြင်းကလည်း အောင်မြင်တဲ့လုပ်ငန်း ဖြစ်အောင် မဖော်ဆောင်ပေးနိုင်ပါဘူး။

    ဒါဆိုရင် ဘယ်လိုအရာက အဆုံးဖြတ်ပေးတာလဲ။ ??

ဗျူဟာပါ။ စစ်တိုက်တော့မယ်ဆို စစ်သားအနည်းအများ ဆိုတာထက် ဗျူဟာကောင်းခြင်းက တိုက်ပွဲကို အနိုင်ရဖို့ ပိုသေချာစေပါတယ်။ ဒီလိုပါပဲ စီးပွားရေးလုပ်တဲ့အခါမှာလည်း အလုပ်ဖြစ်ပြီးရော ဆိုပြီး လုပ်လိုက်တာက ပန်းတိုင်မရှိတဲ့လမ်းကို လျှောက်ရသလိုပါပဲ။ စီးပွားရေးဗျူဟာလည်း မရှိ၊ အလုပ်မဖြစ်သေးခင်မှာ လောဘစိတ်ဝင်ပြီး ဝင်ငွေထက်ထွက်ငွေ များသွားတာတွေ၊ လူပေါင်းမှားတာတွေ၊ အလျင်စလို လုပ်မိတာကြောင့် ကိုယ်ဖြစ်ချင်သလို ဖြစ်မလာပဲ ဒေဝါလီခံလိုက်ရတာလည်း ကြားဖူး၊ ဖြစ်ဖူးကြမှာပါ။

အခု…. စာဖတ်သူ မိတ်ဆွေထဲမှာလည်း တနိုင်တပိုင် စီးပွားရေးလုပ်နေသူတွေ၊ လုပ်ဖို့ စဉ်းစားနေသူတွေ၊ SMEs လုပ်ငန်းရှင်တွေ ပါပါလိမ့်မယ်။ လုပ်တော့ လုပ်နေတာပါပဲ ရောင်းအား၊ ဝယ်လိုအားတွေက တိုးတက်မှုမရှိဘူး။ တိုးတက်ဖို့ လမ်းလည်း မမြင်ဘူး။ ဒါဆို ဗျူဟာခင်းရပါတော့မယ်။ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် အခြေခံကျတဲ့ Plan (၃)ခု ရှိပါတယ်။ ဒါတွေကတော့ ….
(၁) – မိတ်ဆွေတို့ရဲ့လုပ်ငန်း ဝင်ငွေထွက်ငွေ၊ ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ အလုပ်သမားဆိုင်ရာ ကိစ္စရပ် စတာတွေကို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်အောင် မောင်းနှင်ပေးမယ့် “Business Plan”။
(၂) – ဈေးကွက်ကို ထိုးဖောက်ပြီး ရောင်းလိုအား၊ ဝယ်လိုအားကို မြင့်တက်လာအောင် လုပ်ပေးမယ့် “Marketing Plan”။
(၃) – မိတ်ဆွေတို့ရဲ့ လုပ်ငန်းကို ဥပဒေအရ အကျိုးခံစားခွင့် ရရှိအောင်၊ တရားဝင် ခိုင်မာလာအောင်၊ မူပိုင်ဖြစ်အောင် ဆောင်ရွက်ပေးမယ့် “Legal Plan”။

    “Business Plan တစ်ခုရေးဆွဲဖို့ ဘာတွေ သိထားသင့်လဲ။”

(၁) – ဈေးကွက်ကိုလေ့လာခြင်း

မိတ်ဆွေတို့အနေနဲ့ မိမိ စီးပွားရေးလုပ်ငန်းက ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို သုံးစွဲနေသူတွေက ဘယ်သူတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဥပမာအနေနဲ့ မိတ်ဆွေက စာအုပ်ရောင်းတယ်ပဲထား၊ ဒါဆိုရင် အဓိကအများဆုံး ဝယ်ယူသူတွေက ကျောင်းသား၊ ကျောင်းသူတွေဆိုတာ သိထားရပါမယ်။ ဒါ့အပြင် မိတ်ဆွေတို့ရဲ့ ထုတ်ကုန်ကို ဝယ်ယူနေသူတွေအပေါ်လည်း နားလည်ထားဖို့ လိုပါလိမ့်မယ်။ စိတ်သဘောထား၊ ဝင်ငွေအခြေအနေနဲ့ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ကုန်ပစ္စည်းအမျိုးအစားကိုပါ လေ့လာထားဖို့ လိုပါတယ်။ ဒါတင်မကသေးပါဘူး မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းနဲ့ အပြိုင်ထုတ်လုပ်နေသူ ဘယ်လောက်ရှိတယ် ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာလည်း သိထားဖို့လိုပါတယ်။
(၂) – နောင်ကာလအတွက် ဈေးကွက်ကို ကြိုတင်လေ့လာခြင်း

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ ကာလအတွင်းမှာ ကုန်ပစ္စည်းတွေ ဘယ်လောက်ရောင်းရတယ်၊ ဝယ်လိုအား တက်လာသလား ကျသွားတာလား ဆိုတာကို သုတေသန လုပ်ထားဖို့ လိုသလို မိတ်ဆွေတို့ရဲ့ ပြိင်ဘက်တွေကရော ဈေးနှုန်းဘယ်လောက်နဲ့ အရေအတွက် ဘယ်နှစ်ခု ရောင်းရလဲဆိုတာကို လေ့လာထားဖို့ လိုပါတယ်။ ဒါမှလည်း နောင်ကာလတွေမှာ ကုန်ပစ္စည်း ဘယ်လောက် ထုတ်လုပ် ရောင်းချရနိုင်တယ် ဆိုတာကို ခန့်မှန်းနိုင်မှာပဲ ဖြစ်ပါတယ်။
(၃) – နေရာရွေးချယ်ခြင်း

ကျွန်တော် ခုနက ပြောခဲ့သလို မိတ်ဆွေတို့ရဲ့ ထုတ်ကုန်ကို ဝယ်နေသူတွေက ဘယ်သူတွေလဲဆိုတာ သိရပါမယ်၊ သူတို့က ဘယ်လိုလုပ်ငန်းမျိုး လုပ်ကိုင်နေကြတယ်၊ ဘယ်ဒေသတွေမှာ နေထိုင်ကြတယ်၊ သူတို့ရဲ့ လိုအပ်ချက်နဲ့ ဆန္ဒသဘောထားတွေ ဘယ်လိုရှိတယ် ဆိုတာ လေ့လာထားဖို့လိုသလို သူတို့ဟာ ကျောင်းသား ကျောင်းသူတွေလား၊ အလုပ် လုပ်ကိုင်နေကြသူတွေလား၊ ဝယ်ယူသွားတဲ့ ပစ္စည်းကိုရော ဘယ်လိုနေရာတွေမှာ သုံးကြလဲ၊ အိမ်မှာလား အလုပ်မှာလား ဒါမှမဟုတ် တခြားနေရာတွေမှာ သုံးကြတာလား စသဖြင့် Research လုပ်ထားဖို့လိုပါတယ်။ အကယ်၍ မိတ်ဆွေက စားသောက်ဆိုင်လေးတစ်ခု ထပ်ဖွင့်ချင်တယ်၊ လူစည်ကားတဲ့ နေရာကလည်း ဈေးတွေ ခေါင်ခိုက်နေတော့ ဘတ်ဂျက်နဲ့ မကိုက်ဘူး။ ဒါဆိုရင်တော့ ဘယ်လိုလူမျိုးက ဘယ်လိုအချိန်မျိုးမှာ ကိုယ့်ဆိုင်ကို လာစားမလဲဆိုတာ ကြည့်ရပါတော့မယ်။ ဥပမာ ကျောင်းသား၊ ဝန်ထမ်း၊ အလုပ်သမားတွေကို အဓိက ပစ်မှတ်အနေနဲ့ ထားကြည့်ပါ ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အားလပ်ချိန်နဲ့ ရုံးဆင်းချိန်တွေမှာ အပန်းဖြေရင်း စားချင်သောက်ချင်ကြတဲ့အတွက် မိတ်ဆွေတို့ရဲ့ ဆိုင်ကို လာဖို့က သေချာသလောက်ကို ဖြစ်နေပါပြီ။ အဲ့တော့ လူစည်ကားရာ နေရာအစား ကျောင်း၊ Company၊ ပန်းခြံ စတဲ့နေရာတွေမှာလည်း ဖွင့်လို့ရနိုင်ပါသေးတယ်။
(၄) – ထုတ်လုပ်မှု ပုံစံရေးဆွဲခြင်း

ဒီအပိုင်းမှာတော့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် အကြမ်းဖျင်း အစီအစဉ်ကစလို့ စက်ကိရိယာတွေ ဘယ်လို တပ်ဆင်မယ်၊ ဘယ်လောက် တပ်ဆင်မယ်၊ ကုန်ထုတ်လုပ်မှု အဆင်ဆင့် ဘယ်လိုရှိတယ် စတာတွေကိုပါ စဉ်းစားရပါတော့မယ်။ မိတ်ဆွေတို့ရဲ့ လုပ်ငန်းက ထုတ်ကုန်ကို ဝယ်ယူနေသူ အရေအတွက်ကိုကြည့်ပြီး ဈေးကွက်ထဲမှာ ကိုယ့်ထုတ်ကုန်နဲ့ စားသုံးသူရဲ့လိုအပ်ချက် ကိုက်ညီနေအောင် ဘယ်လို စီစဉ်ရမယ်၊ အဲ့ဒီအတွက် ကုန်ကြမ်း ဘယ်လောက်လိုတယ်၊ ဘယ်လောက်ကုန်ကျမယ်ဆိုတာကိုပါ တွက်ချက်ထားဖို့လိုပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းထုတ်လုပ်မယ့် စက်ရုံ၊ အလုပ်လုပ်ဖို့ ရုံးခန်းနေရာကို ဝယ်မှာလား၊ ငှားမှာလား၊ ဆောက်မှာလား အကယ်၍ ဆောက်မယ်ဆိုရင်လည်း ဆောက်လုပ်ခွင့်၊ အဆောက်အအုံပုံစံနဲ့ ငွေကြေးကုန်ကျ စရိတ်တွေကိုပါ တွက်ချက်ထားသင့်ပါတယ်။
(၅) – ဖွဲ့စည်းမှု ပုံစံရေးဆွဲခြင်း

စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းက တစ်ဦးတည်း ပိုင်လား၊ အစုစပ် လုပ်ငန်းလား၊ ကုမ္ပဏီလုပ်ငန်းလား ဆိုတာကို သိထားရပါမယ်။ ဒီလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဖို့အတွက်ကလည်း တရားဝင် ခွင့်ပြုချက်၊ အဖွဲ့အစည်းတစ်ခုခုကို ထူထောင်ရန် လိုအပ်သည့် တင်ပြစားများနဲ့ ခွင့်ပြုမိန့်များ စတာတွေကို စီစဉ်ရပါတော့မယ်။ နောက်ပိုင်း ဝန်ထမ်း၊ အလုပ်သမား ဘယ်လောက် ထားရှိမယ်ဆိုတာတွေပါ ခန့်မှန်း တွက်ချက်ပြီး ရာထူးနဲ့အလုပ်တာဝန်ကို မျှတအောင် စီမံခန့်ခွဲရပါမယ်။ အရေးကြီးဆုံးအပိုင်းကတော့ ဝန်ထမ်းတွေကို လစာသတ်မှတ်တဲ့နေရာမှာ ပြိုင်ဘက်လုပ်ငန်းတွေမှာ သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ အရမ်း ကွာဟမနေဖို့ပါပဲ။
(၆) ဘဏ္ဍာရေးကိစ္စရပ်များ ရေးဆွဲခြင်း

ဒီအပိုင်းကတော့ နည်းနည်းရှုပ်ပါတယ်။ မိတ်ဆွေတို့လုပ်ငန်း စတင်ဖို့အတွက် ငွေဘယ်လောက် လိုအပ်တယ်ဆိုတာကို ခန့်မှန်းထားရပါမယ်။ အဲ့ငွေကို ဘယ်နေရာကရမယ်၊ ချေးမယ် ဆိုတာကိုလည်း သိထားဖို့ လိုပါသေးတယ်။ ဝင်ငွေနဲ့ အသုံးစရိတ် တစ်ခုချင်းအလိုက်၊ ခေါင်းစဉ်အလိုက် ခန့်မှန်းထားရပါမယ်။ မိတ်ဆွေတို့ရဲ့ လုပ်ငန်းလည်ပတ်ရန်အတွက် ပထမနှစ်မှာ ငွေသားဘတ်ဂျက် ဘယ်လောက်ရှိတယ်၊ ငွေသား စီးဆင်းမှုနဲ့ ငွေသားစီးထွက်မှုက ဘယ်လောက်ဆိုတာ တွက်ချက်ထားဖို့ လိုပါတယ်။

ခန့်မှန်းထားတဲ့ ရပိုင်ခွင့်တွေမှာ ငွေသားပိုင်ဆိုင်မှု အပါအဝင် လုပ်ငန်းအခြေအနေ၊ ငွေသားရင်းနှီးမြှုပ်နှံမှု၊ ချေးငွေတွေနဲ့ ခန့်မှန်း လက်ကျန် ရှင်းတမ်းတွေကို ရေးဆွဲထားဖို့လိုပါတယ်။

တကယ်တော့ Business Plan ဆိုတာ အောင်မြင်ဖို့ သက်သက်ကြီး တစ်ခုတည်း မဟုတ်ပါဘူး။ မိတ်ဆွေတို့ရဲ့လုပ်ငန်း ချေးငွေရဖို့အတွက်လည်း အထောက်အကူပြုပါသေးတယ်။ စီးပွားရေး စီမံချက် ရေးဆွဲခြင်းဆိုတာ မိတ်ဆွေတို့ စီးပွားရေးလုပ်ရာမှာ မလွှဲမသွေ ကြုံတွေ့ရမယ် ပြဿနာတွေ၊ ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲမှုတွေကို ကြိုတင်သိမြင်နိုင်တာကြောင့် Entrepreneur တိုင်းအတွက် အရေးပါတဲ့ အချက်လို့လည်း ဆိုရပါဦးမယ်။ နောက်အခေါက်တွေမှာလည်း Marketing Plan, Legal Plan, Legal Concerns အပိုင်းတွေကို ဆွေးနွေးပေးသွားပါဦးမယ်။

Phoe Phyu & Associates Law Firm Website မှ ကူးယူဖော်ပြပါသည်။

Related Posts