ချွေတာပါ၊ စုဆောင်းပါ

ချွေတာ ပါ၊ စုဆောင်း ပါ

ဖွံ့ဖြိုးတိုးတက်လိုသူတိုင်းဟာ ချွေတာ ဖို့လိုသလို စုဆောင်း ဖို့လည်း လိုပါတယ်။

ချွေတာ ဖို့ဆိုတာက မစားရက်၊ မသောက်ရက်၊ မသုံးရက်၊ မစွဲရက် ဖြစ်နေဖို့ မလိုပါဘူး။ မိမိရှင်သန်ရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို စားသောက်ဖို့လိုတယ်။ အဝတ်အစားကို ရည်ရွယ်ချက်ရှိရှိ ဝတ်ဖို့လိုတယ်။ အချက်အချာကျတဲ့နေရာမှာ နေဖို့လိုတယ်။ ပျော်ရွှင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးအတွက် လိုအပ်တာမှန်သမျှကို သုံးစွဲကြရမှာ ဖြစ်တယ်။ သို့သော် မလိုအပ်ဘဲနဲ့တော့ မဖြုန်းတီးမိဖို့ လိုပါတယ်။

ဒီနေရာမှာ Economy ဆိုတဲ့ အင်္ဂလိပ်စကားလေးတစ်လုံးကို နားလည်ဖို့လိုတယ်။ Economy ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်တွေက အများကြီး ရှိပါတယ်။ ပထမအဓိပ္ပာယ်က မူလထက် ဈေးနည်းနည်းသက်သာတဲ့ အရာတွေကို Economy လို့ ခေါ်တယ်။ ဒါကြောင့် လေကြောင်းလိုင်းတွေမှာ Business Class ဆိုတာရယ်၊ Economy Class ကတော့ ဈေးသက်သာတာပေါ့။ ဒီထက်အရေးကြီးတဲ့ အဓိပ္ပာယ်ကတော့ တွက်ချေကိုက်ခြင်းပဲ ဖြစ်ပါတယ်။ တွက်ချေကိုက်တယ်ဆိုတာက အရင်းအမြစ်တွေ Resources တွေကို အနည်းဆုံး အသုံးပြုပြီး အကျိုးအများဆုံးရှိအောင် လုပ်တတ်တာပဲ ဖြစ်တယ်။

အရင်းအမြစ်လို့ ပြောလိုက်တာနဲ့ ငွေတွေ၊ လူတွေပဲ မဟုတ်ဘူး။ ရေ၊ လျှပ်စစ်၊ မိတ်ဆွေ၊ အစားအစာ၊ လောင်စာ အစရှိသည်အားလုံးဟာလည်း အရင်းအမြစ်တွေ ဖြစ်တယ်။ ဒီအရင်းအမြစ်တွေကို အနည်းဆုံးသုံးပြီး အကျိုးအများကြီးရအောင် လုပ်နိုင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်တဲ့သူတွေ ဖြစ်လာမယ်။

ဒါကြောင့် ထမင်းတစ်စေ့၊ ရေတစ်ပေါက်၊ ဓာတ်ဆီတစ်စက်၊ လျှပ်စစ်တစ်ယူနစ်၊ ငွေတစ်ကျပ်ကိုမျှ မဖြုန်းတီးကြဖို့ လိုတယ်။

မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ ရှာဖွေလို့ရရှိလာတဲ့ အရင်းအမြစ်တွေကိုလည်း စုဆောင်းရမယ်။ ဒီလို စုဆောင်းတဲ့နေရာမှာလည်း မိမိကိုယ်မိမိ စုဆောင်းနေစရာ မလိုပါဘူး။ မိမိအတွက် မရှိမဖြစ် လိုအပ်တာတွေကို သုံးပြီးတော့ စုဆောင်းကြရမှာ ဖြစ်တယ်။ ဒီလို ချွေတာခြင်းနဲ့ စုဆောင်းခြင်းကို အသက်ထက်ဆုံး လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

# Open More Online

Related Posts