ချမ်းသာလို့လှူတာလား၊ လှူလို့ချမ်းသာတာလား

ချမ်းသာလို့ လှူတာလား၊ လှူလို့ ချမ်းသာတာလား

ယနေ့ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေကြတဲ့ Bill Gates, Warren Buffet, Mark Zukerberg စတဲ့ ဘီလျံနာသူဌေးကြီးတွေဟာ အလှူအတန်း အရမ်းရက်ရောကြသူများ ဖြစ်ကြတယ်ဆိုတာ သူတို့အကြောင်းတွေကို ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ သူတို့ လှူကြတာတွေက ပညာရေးအတွက် ဆင်းရဲတဲ့အာဖရိကနိုင်ငံက ကလေးတွေ ပညာသင်ကြားရေး၊ တက္ကသိုလ်မှာ စာကြည့်တိုက်တွေဆောက်ပေးဖို့၊ ကျန်းမာရေးအတွက် ကင်ဆာရောဂါ၊ AIDS ရောဂါကုသပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးရှာဖွေတွေ့ရှိဖို့ သုတေသနလုပ်ငန်း စတာတွေအတွက်ပါ။ သူတို့ အမေရိကန်အစိုးရဆီက အလုပ်ရဖို့ ဖားပြီးလှူတာ မဟုတ်ပါ။ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးလှူတာ မဟုတ်ဘဲ လုံးဝ စေတနာသန့်သန့်နဲ့ လှူကြတာပါ။

သူတို့ ဘယ်လောက်များလှူကြတာလဲ။ ဘယ်လောက်ရက်ရောကြသလဲ။ သူတို့ချမ်းသာသမျှရဲ့ ပိုက်ဆံရဲ့ ၈၀ရာခိုင်နှုန်းလောက်ထိ လှူကြပါတယ်။ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဖြစ်ပါတယ်။ သူတို့ကို ဘာကြောင့် လှူတာလဲလို့ မေးရင် သူတို့က ခုလိုပဲ ရိုးရိုးလေး ပြောကြတယ်။ သူတို့ ချမ်းသာတာဟာ လူတွေရဲ့ ပိုက်ဆံနဲ့ပါ။ ဒါကြောင့် လူတွေကို ပြန်ကူညီတာပါတဲ့။

သူတို့ရှိသမျှ စည်းစိမ်တွေ အကုန်လောက်နီးပါး အလကားလှူနေကြတာ သူတို့ဆင်းရဲသွားတယ်လို့ ကြားမိသလား။ ပိုပိုပြီးတောင် ချမ်းသာလာကြတာ အများအသိပါ။ ဒီတော့ ရှိသမျှနီးပါးလှူနေတာ သူတို့ ဘာကြောင့် ပိုပြီးချမ်းသာလာကြတာလဲဆိုတာ သိချင်လို့ ရှာဖွေကြည့်မိတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးရေးထားတာ မတွေ့မိပေမယ့် အဲဒီအဖြေကို ရနိုင်တဲ့ အောက်စာပိုဒ်လေးတွေကို တွေ့မိလိုက်တယ်။

လူတွေဟာ မိမိမှာရှိတဲ့ စည်းစိမ်ဥစ္စာကို ကုန်သွားမှာစိုးလို့ မလှူမတန်း ချွေတာစားရင်းနဲ့ ခြစ်ကုတ်စုထားရင်းနဲ့ သူ့ရဲ့ပစ္စည်းဥစ္စာဟာ တတိတိနဲ့ ဖြည်းဖြည်းချင်း ကုန်သွားတယ်တဲ့။

မိမိမှာရှိတဲ့ပိုင်ဆိုင်မှုတွေကို ပေးကမ်းစွန့်ကြဲလှူဒါန်းသူဟာ သူ့ရဲ့ ပစ္စည်းဥစ္စာတွေ လျော့သွားတယ်။ လျော့သွားတဲ့ ဥစ္စာတွေကို ပြန်ဖြည့်ဖို့ အကြံဉာဏ်တွေ ဖြစ်ညှစ်ထုတ်သုံးလိုက်ပြီး စီးပွားရှာတော့ ပစ္စည်းဥစ္စာတွေ အရင်ကထက် ပိုတိုးပွားရရှိပါတယ်တဲ့။

များများပေးလေ၊ ပေးသူဆီ များများပြန်လာလေတဲ့။

ဒီစာကို ဖတ်မိသူတွေ အားလုံးနီးပါးဟာ ဘီလျံနာသူဌေးကြီးတွေ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် ငွေတွေ ဘီလီယံချီပြီး လှူဖို့ မတိုက်တွန်းပါဘူး။ တိုက်တွန်းချင်တာက မိမိမှာ ရှိတာလေးတွ သူများကိုမျှဝေပေးပါ။ ပေးကမ်းစွန့်ကြဲပါ။ ကူညီပေးပါ။ ဟာ …. သူဌေးမှမဟုတ်တာ၊ ဘာတွေများမျှဝေစွန့်ကြဲရမှာလဲလို့ မေးချင်ပါလိမ့်မယ်။ လူတွေဟာ ပိုင်ဆိုင်မှုလို့ ပြောလိုက်ရင် ပစ္စည်းဥစ္စာ ငွေကြေးလို့ပဲ ထင်ကြတယ်။ လူတွေမှာ ပိုင်ဆိုင်တာတွေ အများကြီးပါ။ လူသားအချင်းချင်း မေတ္တာမျှဝေလို့ရတယ်။ မေတ္တာပို့လို့ရတယ်။ ပညာတတ်သူက တတ်ထားတဲ့ပညာကို မျှဝေပေးလို့ရတယ်။ တခြားလူတွေကို သင်ပေးလို့ရတယ်။ လုပ်အားစိုက်ထုတ်ကူညီလို့ရတယ်။ စိတ်အားငယ်နေသူကို နှုတ်နဲ့ အားပေးကူညီလို့ရတယ်။ မိမိမဝတ်တော့တဲ့ အင်္ကျီအဟောင်း၊ ဖိနပ်အဟောင်းတွေကို မရှိဆင်းရဲသားတွေကို ပေးကမ်းလို့ရပါတယ်။ တချို့ဆိုရင် ခန္ဓာကိုယ်ကိုပါ လှူဒါန်းထားကြတယ်။ အများကြီးပါ။

များများပေးလေ၊ ပေးသူဆီ များများပြန်လာလေပါ။ မေတ္တာများများပေးသူဟာ မေတ္တာတွေ အများကြီးပြန်လာမှာပါ။ ပညာ များများမျှဝေပေးသူဟာ ပိုပိုပြီး ပညာတွေ တိုးလာမှာပါ။ စိတ်ခွန်အားပေးသူမှာ စိတ်ခွန်အားတွေ တိုးလာပါလိမ့်မယ်။

စဉ်းစားစေချင်လို့ ရေးပေးလိုက်တာပါ။ ဘာသာရေးရှုထောင့်က ရေးထားခြင်းမဟုတ်ပါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူရေးသားဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts