ကျောရိုးပျက်စီးစေနိုင်သည့် အမူအကျင့်များ

ကျောရိုးပျက်စီးစေနိုင်သည့် အမူအကျင့်များ

ကျောရိုးပျက်စီးစေနိုင်သည့် အမူအကျင့်များ

လူတိုင်းလူတိုင်းဟာ ခါးနာတဲ့ဝေဒနာကို ဘဝရဲ့တစ်ချိန်ချိန်မှာ ခံစားခဲ့ကြဖူးမှာပါ။ သင့်ရဲ့ ဘဝနေထိုင်မှုပုံစံ၊ သင်လုပ်နေတဲ့အလုပ်တွေကြောင့် ခါးနောက်ကျောနာကျင်နိုင်သလို သင်အမှတ်မထင်ပြုလုပ်မိတဲ့ နေ့စဉ် အမူအကျင့်တွေကြောင့်လည်း ခါးနာတတ်ပါတယ်။ သင့်နောက်ကျောရိုးကို ပျက်စီးစေနိုင်တဲ့၊ သင်ကိုယ်တိုင် ထင်မှတ်မထားမိတဲ့ နေ့စဉ်ပြုလုပ်နေကျ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ရောဂါမျိုးစုံ ရရှိနိုင်တဲ့အထဲမှာ ခါးနာတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လေ့လာမှုအများအပြားအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် ခါးနောက်ကျောဝေဒနာ ပိုမိုခံစားရတယ်လို့ သိရပါတယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းတွေက ခါးနောက်အတွင်း သွေးရောက်ရှိမှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့်ပါ။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှု လျော့နည်းသွားနိုင်တဲ့အတွက် အရိုးဆဲလ်သစ်တွေ ထပ်မံမထွက်ရှိနိုင်တော့ဘဲ နာတာရှည်ခါးနောက်ကျောဝေဒနာ ဖြစ်နိုင်ခြေ အလွန်မြင့်မားသွားပါတယ်။

ဇီဝနရီ ရုတ်တရက်ပြောင်းလဲခြင်း
ခန္ဓာကိုယ်ရဲ့ ဇီဝနရီ(biorhythm) အပြောင်းအလဲဖြစ်ခဲ့ရင် ခါးနောက်ကျောက တည်ဆောက်ပုံတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ခါးနောက်ကျော ချပ်ပြားအတွင်းမှာရှိတဲ့ ဆဲလ်တွေရဲ့ ကျန်းမာရေးအခြေအနေတွေဟာ ကိုယ်တွင်း နေ့/ည စက်ဝန်းပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝနရီရုတ်တရက် အပြောင်းအလဲဖြစ်တာကြောင့် နောက်ကျောရိုးဆဲလ်တွေရဲ့ လုပ်ဆောင်မှု ယိုယွင်းသွားပါတယ်။ ဒီလိုဖြစ်တာကြောင့် နာတာရှည်ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်လာပြီး ကျောရိုးချပ်ပြားတစ်ခုနဲ့တစ်ခုကြားလည်း ပျက်စီးလာပါတယ်။ ခါးနောက်ကျောရိုးမ ကျန်းမာလိုရင် အိပ်ချိန်မှန်မှန်အိပ်ဖို့လိုပြီး အိပ်ရေးဝဖို့ လိုအပ်ပါတယ်။

မတ်တပ်ရပ်ပြီး အလုပ်လုပ်ခြင်း
တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်တာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သိထားကြပါတယ်။ အဲဒီလိုပဲ တစ်နေကုန်မတ်တပ်ရပ်ပြီး အလုပ်လုပ်တာကလည်းထိုင်ပြီး အလုပ်လုပ်တာနည်းတူ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ မတ်တပ်ရပ်ပြီး အလုပ်လုပ်ချိန်ကြာတာက နောက်ကျောရိုးသာမက ပခုံးနဲ့ဇက်အပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်မတို့ရဲ့ အရိုးတွေနဲ့ ကြွက်သားတွေ ကျန်းမာနေဖို့အတွက် မကြာခဏကွေးဆန့်နေဖို့ လိုအပ်ပါတယ်။ တစ်နေရာတည်းမှာပဲ အချိန်အကြာကြီး မတ်တပ်ရပ်နေတာကြောင့် ခန္ဓာကိုယ်အနေအထားပေါ်မှာ ဖိအားသက်ရောက်ပြီး ခါးနောက်ကျောရိုး နာကျင်နိုင်ပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုခြင်း
မိုဘိုင်းဖုန်းတစ်လုံးရဲ့ အလေးချိန်ဟာ ၁၀၀ ဂရမ်လောက်သာရှိပေမဲ့ ဖုန်းနဲ့စာရိုက်တဲ့အခါမှာ ခါးနောက်ကျောရိုးပေါ်မှာ ပေါင် ၅၀ လောက် ဖိအားသက်ရောက်မှုရှိသွားနိုင်ပါတယ်။ လေ့လာမှု အများအပြားအရ နေ့စဉ်နေ့တိုင်း ဖုန်းနဲ့ စာအကြာကြီးရိုက်တာကြောင့် (Status တင်တာ၊ Comment ပေးတာ) သဘာဝအတိုင်း ကောက်ကွေ့နေတဲ့ ခါးနောက်ကျောရိုးရဲ့ အနေအထား ပျက်ယွင်းနိုင်ပါတယ်။

လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ အနေအထားကျန်းမာအောင် ထိန်းသိမ်းနိုင်ဖို့နဲ့ ခါးနောက်ကျောရိုးသန်မာဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ခါးနောက်ကျောရိုးဟာလည်း ကွေးနိုင်ဆံ့နိုင်ဖို့ လိုအပ်တဲ့အတွက် ယောဂလေ့ကျင့်ခန်း ဒါမှမဟုတ် ခါးနောက်ကျောရိုးအပေါ် ဖိအားများများမကျရောက်တဲ့ လေ့ကျင့်ခန်းမျိုးပြုလုပ်ဖို့ လိုအပ်ပါတယ်။

အလုပ်တွင် မပျော်ရွှင်ခြင်း
အလုပ်မှာ မပျော်တဲ့သူတွေက စိတ်ကျန်းမာရေးအခြေအနေပေါ်မှာ သက်ရောက်မှုရှိနိင်သလို ခါးနောက်ကျောရိုးပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ အလုပ်မှာ မပျော်ရွှင်သူတွေက ခါးနောက်ကျောရိုးပြဿနာတွေ ခံစားရတယ်လို့ သိရပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts