ကျရှုံးခြင်းကိုကိုင်တွယ်ဖြေရှင်းခြင်း။

ကျရှုံးခြင်းကိုကိုင်တွယ်ဖြေရှင်းခြင်း။

(Dealing with failure)


အမှားများပြုလုပ်မိသောဘဝသည် ဘာမျှမလုပ်သောဘဝထက်
ပို၍သိက္ခာရှိရုံသာ မဟုတ်၊ ပို၍အသုံးဝင်သည်။


George Bernard Shaw


ကျွန်မတို့ထဲမှ ကျရှုံးခြင်းကို ရင်ဆိုင်ရသည့်အခါ ငြိမ်းချမ်းမှုရှိသူများသည် လူနည်းစုသာ ဖြစ်သည်။ ကျရှုံးခြင်းသည် ထိတ်လန့်ဖွယ်ရာဖြစ်သည်၊ ကသိကအောက်ဖြစ်ရသည်၊ တစ်ခါတစ်ရံ ကုန်ကျစရိတ်များသည်၊ ထပ်ကြိုးစားပြီး ကျရှုံးပြန်လျှင် ပြန်ထူရန် ပို၍ခက်ခဲလာပါသည်။ သင် စေ့ဆော်မှုရှိပြီး လန်းဆန်းနေပါသလား။ ဟုတ်ပါပြီ။ ဤကဏ္ဍကို အနည်းငယ်လှည့်ပြီး ကျရှုံးခြင်းအကြောင်း နောက်တစ်နည်း ပြောကြည့်ပါမည်။
သင် ကျရှုံးခြင်းနှင့် ပတ်သက်ပြီး အောက်ဖော်ပြပါတို့နှင့် အလားတူသည့်ထွက်ဆိုချက်များကို မြင်ဖူးမည် ထင်ပါသည်။
–    သင်မပစ်သော ပစ်ချက်များကို မထိနိုင်ပါ။
–    သောမတ်စ်အက်ဒီဆင်သည် အောင်မြင်သည့်မီးသီး မတီထွင်နိုင်မီ အလားတူမီးသီးမျိုး ၉၉ လုံး တီထွင်ခဲ့သည်။

  ကျရှုံးခြင်းအတွက် တရုတ်အက္ခရာသည် ‘အခွင့်အလမ်း’ ဟု လည်း အဓိပ္ပာယ်ရသည်။


သို့သော် သင်သည် ကျရှုံးထားသူဖြစ်ပါက ဤအသိသည် ‘ကောင်းကောင်းမှပိုင်မုန့်’ နှင့် တူသည်။ ကျရှုံးခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော နည်းလမ်းများကို ကျွန်မ မပြောပြမီ ကျွန်မအလေးထားပြောလိုသည်မှာ ကျရှုံးခြင်းမည်သည် မိမိကိုယ်ကို သတ်မှတ်ချက်တစ်ခုသာဖြစ်သည်။ အခြားသူများအတွက် ကျရှုံးခြင်းဟု အဓိပ္ပာယ်ရသောအရာသည် သင့်အတွက် ထိုဖြစ်စဉ်ကို ပြန်လည် မွမ်းမံရန် ပို၍လေ့ကျင့်ရန်၊ မိမိအမှားများမှ သင်ယူရန် စသည့် အဓိပ္ပာယ်တို့ဆောင်နိုင်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူများအတွက် အရေးကြီးသည်ဟု မထင်ရသောကိစ္စသည် သင့်အတွက် စိတ်ထိခိုက်ဖွယ်ရာဖြစ်နိုင်သည်။ သို့သော် သင့်အနေဖြင့် ကျရှုံးခြင်းကို ဝန်ခံသည့်အချိန်တွင်မူ သင်လုပ်နိုင်သည့်အရာ နည်းသွားပြီဖြစ်ပြီး ထပ်ခါထပ်ခါ ပြန်ကြိုးစားရန်သာ ရှိတော့သည်။ သို့သော် ထိုသို့ကြိုးစားရန် အားအင်၊ သို့မဟုတ် သတ္တိကို သင်မည်သို့ ရရှိမည်နည်း။
ကျရှုံးခြင်းအတွက်ကြေကွဲပါ။
သင် မှားသွားခြင်းမရှိဟု ကိုယ့်ဘာသာလိမ်ညာခြင်းသည် ထိရောက်မှုရှိခဲပါသည်။

ပြဿနာတစ်ခုကို ငြင်းဆန်လျှင် ထိုပြဿနာသည် ရှင်သန်လာမည်။ အသိအမှတ်ပြုလျှင် သေးငယ်ပျောက်ကွယ်သွားမည်။

သင်အမှားတစ်ခုလုပ်မိသည်၊ တလွဲတချော် လုပ်မိသည်၊ မှောက်လျက်လဲပြီး မျက်နှာနှင့်ကျသည်၊ သူများအပြစ်မဟုတ် ဆိုသည်ကို ဝန်ခံခြင်းဖြင့်သာ ထိုပြဿနာကို ကျော်လွှားရန်ဖြစ်စဉ်ကို စတင်နိုင်ပေမည်။
ဒေါသထွက်ခြင်း၊ ငိုယိုခြင်း၊ မိမိကိုယ်ကို ဒဏ်ပေးခြင်း၊ တနုံ့တနုံ့စဉ်းစားခြင်း စသည့် မည်သည့်ဆန်ကျင်ဘက် စိတ်ခံစားမှုကို ဖြစ်ပေါ်စေသည်ဖြစ်စေ ယင်းသည် သင့်အား သင့်ကိုယ်သင် စိတ်ပျက်ခြင်းအတွက် ကြေကွဲခြင်းကိုပြသည်။


မှတ်ချက်။


သင်၏ ဆန့်ကျင်ဘက်စိတ်ခံစားမှုအတွက် အစားပိုစားခြင်း၊ အရက်သောက်ခြင်း၊ အခြားလူများအပေါ်အမျက်ထွက်ခြင်းစသည်တို့ လုပ်လျှင်မူ ယင်းသည် စိတ်ခံစားမှုဖြစ်စဉ်မဟုတ်ပါ။ ခံစားမှု လွှဲပြောင်းခြင်း၊ သို့မဟုတ် ရှောင်တိမ်းခြင်းသာဖြစ်သည်။ သင် လုပ်စရာရှိသည်ကို လုပ်ပါ။ ‘ပြဿနာကို ကျော်ဖြတ်နိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းမှာ ထိုပြဿနာရှိသောလမ်းမှ ဖြတ်ရန်သာဖြစ်သည်’ ဆိုသည့် ဆိုရိုးစကားကို အမှတ်ရပါ။ ပြီးလျှင် ဘာလုပ်ရမည်နည်း။


အကြောင်းတရားကို စိတ်ဖြာလေ့လာပါ။ (Dissect the case)


ယခုသင်ကျရှုံးခြင်းအတွက် နာကျင်မှုဖြစ်စဉ်ကို စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်အရ ကြေကွဲပြီးသည့်အခါ ကျရှုံးခဲ့ခြင်း၏ အကြောင်းတရားသည် အဘယ်ဖြစ်မည်နည်းဆိုသည်ကို ရှုမြင်သုံးသပ်ပါ။ နောင်မည်သို့ရှောင်သင့်သည်ကို မှတ်သားပါ။ မည်သို့ပင်ဆိုစေ သင့်အမှားမှ သင်ပြန်လည်သင်ယူခြင်းသည် တစ်ခုတည်းသောငွေရောင်အနားကွပ် (Sliver Lining) ဖြစ်သည်။


မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts