ကုလသမဂ္ဂမှ ထုတ်ပြန်သော လူ့အခွင့်အရေး ကြေညာစာတမ်း

ကုလသမဂ္ဂမှ ထုတ်ပြန်သော လူ့အခွင့်အရေး ကြေညာစာတမ်း

  1. ဤကမ္ဘာတွင် လူဟူသမျှတို့သည် မိသားစု အဖွဲ့ဝင် ညီအစ်ကို မောင်နှမများသဖွယ် ဖြစ်၏။ ထို့ကြောင့် သင်သည် လူချင်း ဆက်ဆံရာ၌ ကြင်နာစွာ၊ ဖော်ရွေစွာ၊ ယဉ်ကျေးစွာ ပြုမူသင့်၏။
  2. လူ့အခွင့်အရေး ဟူသမျှတို့သည် ဆင်းရဲချမ်းသာ မရွေးစေရ၊ မျက်နှာကြီးငယ် မလိုက်စေရ၊ ဖို မ မရွေးစေရ၊ အဖြူအမည်း မခွဲစေရ၊ နိုင်ငံရေးဝါဒ ကိုးကွယ်သော ဘာသာ ကွဲပြားစေကာမူထပ်တူ ထပ်မျှ လူတိုင်းရရှိစေရမည်။
  3. သင်သည် အသက်ရှင်စွာ နေထိုင်ခွင့်ရှိ၏။ သင့်အား မည်သူမျှ သတ်ပစ်ခွင့်မရှိ။
  4. သင့်အား မည်သူကမျှ ကျွန်စာရင်း သွင်းခွင့်မရှိ။
  5. သင့်အား သိက္ခာပျက်လောက်အောင် မည်သူကမျှ အနာတရ ဖြစ်စေခြင်း၊ ဒဏ်ခတ်ခြင်း ပြုလုပ်ခွင့် မရှိ။
  6. သင်သွားလေရာ အရပ်၌ မည်သူမဆို သင့်အား လူကဲ့သို့ ဆက်ဆံစေရမည်။
  7. ဥပဒေအရ သင်သည် မည်သူနှင့်မဆို အခွင့်အရေးတန်းတူ ရရှိမည်ဖြစ်သည်။
  8. သင်၏ တစ်စုံတစ်ခုသော အခွင့်အရေးကို အခြားသူတစ်ဦးက ကျူးလွန်သည် ဖြစ်အံ့။ ထိုအခွင့်အရေး ပြန်လည် ရရှိစေရန် တရားရုံးတော်က သင့်အတွက်တောင်းဆိုပေးရမည်။
  9. သင်သည် ဥပဒေကို ကျူးလွန်သူ မဟုတ်က သင့်အားမည်သူကမှ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နယ်နှင်ဒဏ် ပြည်နှင်ဒဏ်ခတ်ခြင်းများ မပြုလုပ်နိုင်။
  10. သင့်အား ဥပဒေကျူးလွန်သည်ဟု အပြစ်တင်ခံရအံ့။ ထိုအမှုအတွက် အဂတိ ကင်းရှင်းသော ရုံးတော်တွင် လူသိရှင်ကြား တရားမျှတစွာ စစ်ဆေးရမည်။ဆက်
  11. သင်၏ပြစ်ချက်ကို ရုံးတော်မှ အတည်မပြုမီ သင့်အားအပြစ်ရှိသူ တစ်ဦးအနေဖြင့် မဆက်ဆံစေရ။ ဥပဒေမတီထွင်မီက ဖြစ်ပွားခဲ့သော အမှုကိစ္စအတွက် သင့်အား အပြစ်မပေးနိုင်။ သင့်အား အပြစ်ဒဏ်ခတ်ရာတွင်လည်း ဥပဒေစာအုပ်၌ ပါရှိသော သတ်မှတ်ချက်ထက် ပိုမိုကြီးလေးခြင်း မရှိစေရ။
  12. ဥပဒေ၏ ခွင့်ပြုချက် မရှိဘဲ သင်၏စာများကို ဖောက်ဖတ်ခွင့်မရှိ။ သင်၏ အိမ်ခြံအတွင်းသို့ အခွင့်မရှိ မဝင်စေရ။
  13. သင်၏တိုင်းပြည်အတွင်း၌ သင်ကြိုက်သလို သွားလာနိုင်သည်။ သင့်တိုင်းပြည်မှ ထွက်ခွာခွင့်ရှိသည်။ ပြန်လာခွင့်လည်းရှိသည်။
  14. သင်၏တိုင်းပြည်တွင်း၌ သင့်အတွက်လုံခြုံမှုမရှိလျှင် လည်းကောင်း၊ တရားမျှတစွာ ဆက်ဆံမှုမရှိဟု ယူဆလျှင် လည်းကောင်း သင့်တိုင်းပြည်ကို စွန့်ခွာ၍ အခြားနိုင်ငံတစ်ခုသို့ပြောင်းရွှေ့ နေထိုင်ခွင့်ရှိသည်။ သင်သည် အပြစ်ရှိသူ မဟုတ်မှသာ ဤသို့ပြုမူနိုင်သည်။
  15. သင်သည် နိုင်ငံတစ်ခု၏ တိုင်းရင်းသားအဖြစ် ခံယူခွင့်ရှိသည်။ အခြားနိုင်ငံတစ်ခု၏ တိုင်းရင်းသားဖြစ်လိုကလည်း သင့်အားမည်သူမျှ ပိတ်ပင်တားဆီးခွင့်မရှိ။
  16. အရွယ်ရောက်သော ယောက်ျားနှင့် မိန်းမတို့သည် မိမိချစ်သူနှင့် လက်ထပ်ကာ အိမ်ရာထူထောင်နိုင်သည်။ သဘောတူညီမှုမရှိဘဲ ထိမ်းမြားပေးစားခြင်း မရှိစေရ။
  17. သင်တစ်ဦးတည်းဖြစ်စေ၊ အခြားသူများနှင့်ပူးတွဲ၍ဖြစ်စေ ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။ သဘာတူညီမှုမရှိဘဲ သင်၏ပစ္စည်းကို မည်သူမျှ ယူငင်ခြင်းမပြုနိုင်။ အကယ်၍ အစိုးရက အလိုရှိလျှင် မူကား သင်၏ပစ္စည်းကို သိမ်းယူခွင့်ရှိသည်။
  18. သင်သည် လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာ ထင်မြင်ချက် ပေးခွင့်ရှိသည်။ သင်ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ်နိုင်သည်။ မကြိုက်လျှင်လည်း အခြားဘာသာသို့ ကူးပြောင်းနိုင်ခွင့်ရှိသည်။
  19. သင်သည် ပြောလိုရာပြော၍ ရေးလိုရာရေးနိုင်ခွင့်ရှိသည်။ ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် အကြံပေးခွင့်၊ အကြံသစ်ဉာဏ်သစ် ရယူခွင့်ရှိသည်။
  20. သင်သည် အစည်းအဝေး တက်ရောက်ခြင်း၊ အသင်းအဖွဲ့ ထူထောင်ခြင်း ပြုလုပ်နိုင်သည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းကြောင့် အများကို ဒုက္ခမရောက်စေရ။ သင်အလိုမရှိသော အစည်းအဝေးများကို အတင်းတက်ရောက်စေခြင်း၊ အသင်းအဖွဲ့များ၌ အတင်း ပါဝင်စေခြင်းများလည်း မရှိစေရ။
  21. သင်သည် လွတ်လပ်စွာ မဲပေးနိုင်သည်။ ရာထူးယူခွင့်လည်းရှိသည်။ အစိုးရက ပြည်သူကောင်းကျိုးအတွက် ပြုလုပ်သမျှတို့တွင် ပါဝင်အကျိုးခံစားခွင့်ရှိသည်။ ပြည်သူတို့ဆန္ဒကိုလည်း အစိုးရက လေးစားရမည်။
  22. အစိုးရက ပြည်သူများအား အငတ်ဘေး၊ ရောဂါဘေးစသည်တို့မှ ကာကွယ်ရေးပြုလုပ်ရာတွင် သင်လည်းပါဝင် အကျိုးခံစားခွင့်ရှိသည်။ သင်သည် လူစဉ်မီစွာ သိက္ခာရှိရှိ နေထိုင်ခွင့်ရှိသည်။
  23. သင်၏အရည်အချင်းအလျောက် အလုပ်အကိုင်ရှာဖွေခွင့်ရှိသည်။ လုံလောက်သော လခရရှိခွင့်၊ အလုပ်ချင်းတူလျှင် လခတူညီစွာရရှိခွင့်၊ အလုပ်ပြုတ်ခြင်းမှ ကာကွယ်ခွင့်၊ အလုပ်ခွင်သာယာခွင့်၊ အလုပ်သမား သမဂ္ဂထူထောင်ခွင့်တို့ ရှိစေရမည်။
  24. အလုပ်လုပ်ရာတွင် အပန်းဖြေခွင့်၊ သင့်တင့်သော အလုပ်ချိန် ကန့်သတ်ခြင်း၊ အချိန်ကာလ အားလျော်စွာ လခအပြည့်နှင့် ရက်အားများ ရရှိခွင့် ရှိစေရမည်။
  25. ကောင်းမွန်သော စားဝတ်နေရေး ရရှိစေရမည်။ ဆေးဝါးကုသခွင့်ရှိရမည်။ ကျန်းမာရေး ချို့တဲ့ချိန်၊ အိုမင်းမစွမ်း ဖြစ်ချိန်တို့၌ ပင်စင်လစာ ရရှိစေရမည်။ ကလေးသူငယ်များနှင့် မိခင်များအတွက် တူညီသော အခွင့်အရေးများနှင့်တကွ အထူးစောင့်ရှောက် ကြည့်ရှုမှုများ ရှိစေရမည်။
  26. မူလတန်းပညာရေးကို အခမဲ့ သင်ယူခွင့်ရှိသည်။ သင်တတ်နိုင်ပါက အထက်တန်းကျောင်းကြီးများတွင် ပညာဆက်လက် ဆည်းပူးခွင့်ရှိသည်။
  27. သိပ္ပံခေတ်၏ တိုးတက်မှု အရပ်ရပ်၌လည်းကောင်း၊ အနုပညာ ယဉ်ကျေးမှု အသွယ်သွယ်၌လည်းကောင်း သင်ပါဝင်ခံစားခွင့် ရှိသည်။ အကယ်၍ သင်ကိုယ်တိုင် သိပ္ပံပညာရှင်၊ သို့မဟုတ် အနုပညာရှင် ဖြစ်ပါက သင်၏တီထွင်မှု၊ ရေးသားဖန်တီးမှုတို့အတွက် ထိုက်သင့်သော အကျိုးခံစားခွင့်များ ရရှိစေရမည်။
  28. ဤအခွင့်အရေးများ အားလုံး ဖူးပွင့်ဝေဆာသော ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးတွင် သင်သည် ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင်ခွင့်ရှိသည််။
  29. ဤသို့ နေထိုင်ရာတွင် အများပြည်သူတို့အတွက် သင်ကရွက်ဆောင်ဖွယ်ရှိသော တာဝန်တို့၌ သင်ကကျေပွန်ရမည်။ ထိုတာဝန်များကို ရွက်ဆောင်ရာ၌ သင်က သူတစ်ပါး၏ အခွင့်အရေးကို မကျူးလွန်မိစေရန်ကိုလည်း အမြဲသတိပြုရမည်။
  30. မည်သူမဆို အစိုးရပင်ဖြစ်စေ၊ သာမန်လူတစ်ဦးပင်ဖြစ်စေ ဤလူ့အခွင့်အရေး ကြေညာစာတမ်း၌ ပါရှိသော အချက်အလက်တို့ကိုချိုးဖဲ့ ဖျက်စီးခွင့် လုံးဝမရှိစေရ။

ညိုမြရေးသားသော အိုးဝေ လက်ဖက်ရည်ကြမ်းဝိုင်း စာအုပ်မှ ကူးယူဖော်ပြထားသည်။

Related Posts