ကိုယ်ချင်းစာနိုင်မယ့်သူ

ကိုယ်ချင်းစာနိုင်မယ့်သူ

ကိုယ်ချင်းစာနိုင်မယ့်သူ

တစ်နေ့မှာ ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် ခွေးလေးတွေ ရောင်းတဲ့ဆိုင်ကို ရောက်လာတယ်။ ရောက်ရောက်ချင်းပဲ ကောင်လေးက ဆိုင်ရှင်ကို မေးလိုက်တယ်။ ခွေးလေးတွေကို ဘယ်လောက်နဲ့ ရောင်းပါသလဲတဲ့။ ဆိုင်ရှင်က ခွေးလေးတစ်ကောင်ကို ဒေါ်လာ ၃၀ နဲ့ ၅၀ ကြား ရောင်းတယ်လို့ ပြန်ဖြေတယ်။ ကောင်လေးက သူ့အင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံအကြွေတွေကို ထုတ်ပြီး ရေတွက်လိုက်တယ်။ ပြီးတော့ ဆိုင်ရှင်ကို ပြောလိုက်တယ်။ “ကျွန်တော့်မှာ လောလောဆယ်တော့ ၂ ဒေါ်လာနဲ့ ၃၅ ဆင့်ပဲရှိတယ်ဗျ။ ဒါနဲ့ ခွေးလေးတွေကို ကြည့်ခွင့်ရမလားခင်ဗျာ”တဲ့။

ဆိုင်ရှင်က ကောင်လေးကိုပြုံးကြည့်ရင်း လေတစ်ချက် ချွန်လိုက်ပါတယ်။ ဆိုင်နောက်ဘက်ကနေ ခွေးလှလှလေးတွေ ငါးကောင် လိုက်ပြေးထွက်လာကြပြီး သူတို့အနားရောက်လာကြတယ်။ ဒါပေမဲ့ ခွေးလေးတစ်ကောင်ကတော့ ခြေထော့နဲ့ထော့နဲ့ နဲ့ နောက်ကျမှရောက်လာတယ်။ ကောင်လေးက ဆိုင်ရှင်ကိုမေးလိုက်တယ်။ “ဒီခွေးလေးက ဘာဖြစ်လို့လဲဗျ”။ ဆိုင်ရှင်က ပြန်ဖြေတယ်။ “တိရစ္ဆာန်ဆရာဝန်ကပြောတယ်။ သူ့မှာ မွေးကတည်းက ပေါင်အဆစ်ရိုး ပါမလာဘူး”တဲ့။ ဒါကြောင့် သူတစ်သက်လုံး ဒီလိုပဲဖြစ်နေမှာပါ”။

ကောင်လေးက “ကျွန်တော် ဒီခွေးလေးကိုဝယ်ချင်တယ်ဗျာ။ ရောင်းပါနော်”တဲ့။ ဆိုင်ရှင်က “အဲဒီခွေးလေးကို မဝယ်ပါနဲ့ကွာ။ မင်း တကယ်လိုချင်ရင် ငါ အလကားပေးပါ့မယ်” ပြောလိုက်တော့ ကောင်လေးဟာ ခဏတွေသွားတယ်။ နောက်မှ ဆိုင်ရှင့်မျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြန်ပြောလိုက်ပါတယ်။ “ကျွန်တော် ခင်ဗျား အလကားပေးတာ မယူချင်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူလည်း တခြားခွေးတွေလို တန်ဖိုးရှိပါတယ်။ ကဲဗျာ အခုလောလောဆယ်တော့ ကျွန်တော့်မှာပါတဲ့ ၂ ဒေါ်လာ ၃၅ ဆင့်ပဲယူထားလိုက်ပါ။ ကျန်တာတော့ လစဉ် ၅ဆင့်စီ အကြွေးကြေတဲ့အထိ ဆပ်သွားပါမယ်”

ဆိုင်ရှင်က “အေးလေ မင်းဒီလောက်ဝယ်ချင်နေတော့လဲ ဝယ်ပေါ့ကွာ။ ဒါပေမဲ့ မင်းခွေးလေးဟာ တခြားခွေးလေးတွေလို ဘယ်တော့မှ ပြေးနိုင်၊ ခုန်နိုင်မှာ မဟုတ်တော့ဘူး။ မင်းနဲ့လည်း ကစားနိုင်မှာ မဟုတ်ဘူးနော်”

ကောင်လေးက ရုတ်တရက် သူ့ ညာခြေထောက်ကို ဒူးထောက်လိုက်ပြီး သူ့ ဘယ်ဘက် ဘောင်းဘီခြေထောက်ကို လိပ်တင်လိုက်ပါတယ်။ အဲဒီမှာ လိမ်ကောက်နေပြီး သေးသိမ်နေတဲ့ သူ့ခြေထောက်ကို ဆိုင်ရှင်မြင်လိုက်ရတယ်။ ကောင်လေးက ဆိုင်ရှင်ကိုမော့ကြည့်ရင်း ပြောလိုက်တာက “ကျွန်တော်လည်း ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ။ ဒီခွေးလေးမှာ သူ့ကိုနားလည်ပေးနိုင်တဲ့ လူတစ်ယောက်လိုနေတယ်လေ။ နားလည်ပေးနိုင်သူက ကျွန်တော်ပဲဗျ”

မှတ်ချက်။ ကြိုက်လွန်းလို့ Chicken Soup for the Soul စာအုပ်က “Puppies for Sales” ကို ယူထားတာပါ။

ဗန်းမော် သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts