ကျွန်တော်အကြီးအကျယ် ထိခိုက်ခံစားလိုက်ရသည်။ ကျွန်တော့်မျက်လုံးအစုံထဲ မျက်ရည်တွေ စုဝေးလာသည်။ ရင်ထဲ စို့နင့်ကာ မချိတင်ကဲ ဖြစ်သွားမိသည်။
သည်နောက်မှ ကြိုးစား၍ပြုံးကာ သူ့ကိုပြန်၍ပြောရသည်။
“သမီးတို့ မိသားစုတစ်ခုလုံးကို ဖိတ်ခေါ်ပါတယ်၊ ဘဘ ဟောပြောပွဲ နားထောင်ချင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်”
သည့်နောက်တော့ စို့လာသည့် မျက်ရည်စတွေကို အသာတို့ကာ နှုတ်ဆက်ခွဲခွာကြသည်။ သို့သော် ရင်ထဲ ဦးခေါင်းထဲမှာကား ခံစားမှုနှင့် အတွေးများ လှုပ်ရှားရိုက်ခတ် ကျန်ရစ်လေသည်။
ကျွန်တော် တက်ရောက်ခဲ့ဖူသည့် စိတ်စွမ်းအားဖြင့် ရောဂါကုသသည့်ပွဲများအကြောင်း ပြန်၍တွေးမိသည်။ အမေရိကန်၊ ကနေဒါ၊ မလေးရှား၊ နယူးဇီလန်နှင့် ဩစတေးလျနိုင်ငံများက စိတ်ကုပွဲကြီးများမှာ အတော်ဆုံး စိတ်ကုဆရာဝန်ကြီးများ တန်ခိုးသတ္တိဖြင့် ကုစားပြပုံများကို ကျွန်တော်ကိုယ်တိုင် တက်ရောက်ကြည့်ရှုကာ ဝေဖန်ခဲ့ ဆွေးနွေးသုတေသနပြုခဲ့ဖူးသည်။ သည်ကုသနည်းနှင့် ရောဂါတွေ တကယ်ပျောက်ကင်းသလား၊ ဘာကြောင့် ပျောက်သလဲ၊ ဘယ်လိုပျောက်သလဲ။
အဲသည်နေ့ နေ့လည်ဟောပြောပွဲသို့ အေမီနှင့် သူ့မိဘများ တက်ရောက်လာကြသည်။ ကျွန်တော့်ပွဲက ဘဝကို ပို၍ဖွံ့ဖြိုးကြွယ်ဝစွာ နေထိုင်ဖြစ်အောင် ကြိုးစားအားထုတ်ရန် လှုံ့ဆော်သည့် နိုးကြားတက်ကြွရေး တရားပွဲ။ ကျွန်တော့် ဒေသနာကို မကြားနာရသေးမီပင် ထက်သန် တက်ကြွနေကြသည့် ပရိသတ်က ခန်းမကြီးတစ်ခုလုံး ပြည့်လျှံနေသည်။
ဟောပြောပွဲအစမှာပင် ပရိသတ်အား သူတို့ဘဝတစ်သက်တာလုံး အသုံးဝင်သွားမည့် ကုသရေးနည်းနာ တစ်ရပ်ကို လက်တွေ့သင်ကြားလိုပါသလားဟု ကျွန်တော် မေးကြည့်သည်။ တစ်ခန်းလုံးက လက်တွေ မိုးပေါ်ထောင်လာသည်။ အားလုံး တညီတညွတ်တည်း သိချင်ကြသည်ပဲ။
ကျွန်တော် ပရိသတ်အား မိမိတို့လက်ဖဝါးနှစ်ဖက်ကို နာနာပွတ်ခိုင်းလိုက်သည်။ ပြီး လက်ဖဝါးနှစ်ခုကို နှစ်လက်မခန့်ခွာ၍ ယှဉ်ထားပြီး သည်လက်နှစ်ဖက်က ထွက်လာသည့် ကုသနိုင်မှုစွမ်းအားကို ခံစားကြည့်ခိုင်းသည်။ ထို့နောက် အနီးကပ်ထိုင်ကြသူ နှစ်ယောက်တစ်တွဲစီကို မိမိထံက ထွက်သည့် စွမ်းအင်နှင့် သူ့ထံက ထွက်လာသည့် စွမ်းအင်တွေ အပြန်အလှန် ခံစားမိအောင် စမ်းသပ်ကြည့်စေသည်။ပြီး “ခင်များတို့မှာ ကုသခံစရာ ရောဂါတစ်ခုခုရှိတယ်ဆိုရင် ဒီမှာ တစ်ခါတည်း အကုသခံလိုက်ကြပါ” ဟု ကျွန်တော် ပြောလိုက်သည်။
ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။