အေမီဂရေဟမ် (အပိုင်း ၁)

ဝါရှင်တန်မှ တစ်ညလုံး လေယာဉ်စီးလာရသဖြင့် ဒင်ဗာရှိ မိုင်(လ)ဟိုက် ဘုရားရှိခိုးကျောင်း ရောက်သည့်အချိန်မှာ ကျွန်တော် ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ သည် ဘုရားရှိခိုးကျောင်းမှာ ကျွန်တော် ဟောပြောပွဲ သုံးပွဲနှင့် ကြီးပွားအောင်မြင်ရေး ဆွေးနွေးပွဲတစ်ပွဲ ကြီးမှူးပြုလုပ်ရမည် ဖြစ်သည်။

ဘုရားကျောင်းထဲအဝင်မှာ ဒေါက်တာဖရက်ဗို့ဂ်က စကားတစ်ခွန်းပြောသည်။

“ဆန္ဒတစ်ခု ပြည့်စေမှုဆိုတဲ့ ဖောင်ဒေးရှင်းအကြောင်း ဆရာသိတယ်နော်”

“ဟုတ်ကဲ့၊ သိပါတယ်”

ဆန္ဒတစ်ခုမှာ ကွယ်လွန်ခါနီး လူများ၏ အလိုဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဖောင်ဒေးရှင်းအဖွဲ့တစ်ခု ဖြစ်သည်။

ဒေါက်တာ ဗို့ဂ်က ဆက်ပြောသည်။

“အခု ဒီမှာ အေမီဂရေဟမ်ဆိုတဲ့ မိန်းကလေးတစ်ယောက် ရောက်နေပါတယ်၊ လူကီးမီးယား သွေးကင်ဆာ နောက်ဆုံးအဆင့်လို့     ဆိုတယ်၊ သုံးရက်လောက်ပဲ ခံမယ်လို့ တွက်ထားကြတယ်၊ မိန်းကလေးက သူ မသေခင်မှာ ဆရာ့ဟောပြောပွဲ နားထောင်ချင်တဲ့ ဆန္ဒရှိနေတယ်”

ကျွန်တော် အံ့အားသင့်သွားသည်။ ဝမ်းမြောက်ကျေနပ်မှု မယုံကြည်နိုင်မှု စိုးရွံ့တုန်လှုပ်မှုတွေ အားလုံးတစ်ပြိုက်နက် ခံစားလိုက်ရသည်။

တကယ်မှ ဟုတ်ပါ့မလား ကျွန်တော်တွေးမိသည်။ သွေးကင်ဆာနှင့် ကွယ်လွန်ရမည့် ကလးတစ်ယောက်သည် ဝေါ့ဒစ္စနေ၏ အံ့ဖွယ်ကမ္ဘာလို နေရာမျိုးကို တမ်းတချင် တမ်းတမည်၊ စတောလုံးတို့ အာနိုးတို့လို ရုပ်ရှင်ဇာတ်လိုက်တွေကို တွေ့ကောင်းတွေ့ချင်မည်။ မာ့က်ဗစ်တာဟန်ဆင်၏ ဟောပြောပွဲကို တက်ရောက်သွားချင်သည်ဆိုတာ ဟုတ်နိုင်ပါ့မလား။ ကျွန်တော့်ထံက ကြားရမည့် ထက်သန်တက်ကြွရေး ဒေသနာတွေကို သေခါနီးရက်ပိုင်းမှာ သူတစ်ကယ်ပဲ နားထောင်ချင်သည်လား။

ကျွန်တော့် အတွေးတွေ ရုတ်တရက် ပြတ်သွားသည်။

“ဟောဒီမှာ အေမီပါ” ဗို့ဂ်က မိတ်ဆက်ပေးပြီး သူမ၏ သေးသွယ်ဖျော့တော့သော လက်ကလေးကို ကျွန်တော့်လက်ထဲ ထည့်ပေးသည်။

ကျွန်တော့်ရှေ့မှာ ရပ်နေသူက ကလေးငယ်တော့ မဟုတ်၊ အသက် ၁၇ နှစ်အရွယ် မိန်းမပျိုလေးတစ်ဦး။ ခေါင်းပေါ်မှာ လိမ္မော်ရောင်နှင့် အနီရောင် တောက်တောက် ခေါင်းစည်းပဝါတစ်ခု ခြုံထားသည်။ ပဝါအောက်မှာ ဆံပင်တစ်မျှင်မျှမရှိ။ ကင်ဆာအတွက်ပေးသည့် ဆေးများကြောင့် ဆံပင်တွေအားလုံး ကျွတ်ကျသွားခဲ့ပြီ။ သူမ ခန္ဓာကိုယ်က သေးကွေးကျုံလှီကာ ချည့်နဲ့နဲ့လေး ဖြစ်နေသည်။

“ကျွန်မ ရည်မှန်းချက် နှစ်ခုရှိတယ်၊ တစ်ခုက အခြေခံပညာ အဆင့်မြင့်တန်း အောင်သွားဖို့နဲ့ နောက်တစ်ခုက ဆရာကြီးရဲ့ ဟောပြောပွဲကို နားထောင်ခွင့် ရဖို့ပါ၊ ဆရာဝန်ကြီးတွေကတော့ အဲဒီ နှစ်ခုလုံး ဖြစ်နိုင်မယ် မထင်ကြပါဘူး၊ ကျွန်မမှာ အဲဒီလောက်အထိ ခွန်အားမရှိတော့ဘူးလို့ ယူဆကြတယ်၊ အခု ကျွန်မကို မိဘတွေနဲ့ အတူပြန်နေဖို့ ဆေးရုံက ခွင့်ပေးလိုက်ပါတယ်၊ ဒါ ကျွန်မ ဖေဖေနဲ့ မေမေပါ”

ကျွန်တော်အကြီးအကျယ် ထိခိုက်ခံစားလိုက်ရသည်။ ကျွန်တော့်မျက်လုံးအစုံထဲ မျက်ရည်တွေ စုဝေးလာသည်။ ရင်ထဲ စို့နင့်ကာ မချိတင်ကဲ ဖြစ်သွားမိသည်။

သည်နောက်မှ ကြိုးစား၍ပြုံးကာ သူ့ကိုပြန်၍ပြောရသည်။

“သမီးတို့ မိသားစုတစ်ခုလုံးကို ဖိတ်ခေါ်ပါတယ်၊ ဘဘ ဟောပြောပွဲ နားထောင်ချင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်”

သည့်နောက်တော့ စို့လာသည့် မျက်ရည်စတွေကို အသာတို့ကာ နှုတ်ဆက်ခွဲခွာကြသည်။ သို့သော် ရင်ထဲ ဦးခေါင်းထဲမှာကား ခံစားမှုနှင့် အတွေးများ လှုပ်ရှားရိုက်ခတ် ကျန်ရစ်လေသည်။

ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts