အဖိုးမဖြတ်နိုင်သော ကူညီမှုလေးတစ်ခု

တစ်နေ့ မာခ့် ကျောင်းမှ အိမ်သို့ပြန်စဉ် လမ်းမှာသူ့ရှေ့က ကောင်လေးတစ်ယောက် ခလုတ်တိုက်ပြီး လဲတာနှင့် ကြုံရသည်။ ‌ကောင်လေးလက်ထဲတ တစ်ပွေ့တစ်ပိုက်ပါလာသည့် ပစ္စည်းတွေအားလုံး လွတ်ကျသည်။ စာအုပ်တွေ၊ ဆွယ်တာအင်္ကျီနှစ်ထည်၊ ဘေ့စဘော ဘက်တံ၊ လက်အိတ်။ တိပ်ရီကောဒါငယ် တစ်ခု။

ပြန့်ကျဲသွားသောပစ္စည်းတွေကို မာ့ခ်က ကူ၍ကောက်ပေးသည်။ ပြီး၊ သွားရမည့်လမ်းချင်းလည် တူနေတော့ သူ့ပစ္စည်းတစ်ချို့တစ်ဝက်ကို မျှ၍သယ်ပေးသည်။ နှစ်ယောက်သား လမ်းအတူ လျှောက်လာရင်း ကောင်လေးနာမည် ဘီလ်လို့ခေါ်တာ၊ ဘေ့စဘော့ ဝါသနာပါတာ၊ ဗီဒီယိုဂိမ်းကြိုက်တာတွေ မာခ့်သိရသည်။ သည့်အပြင်၊ သမိုင်းဘာသာရပ်ကိုစိတ်ဝင်စားသော်လည်း အခြားဘာသာတွေ သူမလိုက်နိုင်သည့်အကြောင်း၊ လောလောဆယ်မှာလည်း ရည်းစားနှင့် ကွဲလာသည်အကြောင်းတွေ သူ့ကိုပြောပြသည်။

လမ်းမှာ ဘီလ်၏ အိမ်သို့ အရင်ရောက်သည်။ သူက မာခ့်အား အအေးသောက်ရင်း တီဗွီကြည့်ရင်း ခဏတဖြုတ် ဝင်ထိုင်ရန်ခေါ်သည်။ သို့နှင့် ခင်ရာမင်ကြောင်းစကားတွေ ပြောဆိုဖြစ်ကြသည်။ နေ့လယ်ပိုင်းအချိန်လေးမှာ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ကုန်လွန်ခဲ့သည်။ သည့်နောက် မာ့ခ် အိမ်သို့ပြန်ခဲ့သည်။

နောက်ပိုင်း ကျောင်းမှာ သူတို့တွေကြသည်။ နေ့လယ်စာလည်း တစ်ကြိမ်နှစ်ကြိမ် အတူတူစားဖြစ်ကြသည်။ အလယ်တန်း အောင်ပြီး အထက်တန်းရောက်ကြတော့ တစ်ကျောင်းတည်းပင် တက်ဖြစ်ကြရာ အဲသည်နှစ်ပိုင်းတွေအတွင်လည်း ကျောင်းမှာမကြာခဏဆုံရပြန်သည်။

ကျောင်းဆင်ပွဲမတိုင်မီ သုံးပတ်ခန့်အလိုမှာတော့ ဘီလ်က မာ့ခ်အား စကားပြောချင်သည်ဟု ဆိုသည်။

နှစ်ဦးတည်းရှိသည့်အခါ ဘီလ်က ယခင်နှစ်အတန်ကြာကာလ သူတို့စတွေ့ကြသည့်နေ့ကအကြောင်း အစချီသည်။

“အဲ့ဒီနေ့က ငါ ဘာကြောင့် ပစ္စည်းတွေအများကြီး အိမ်သယ်လာပါလိမ့်လို့ မင်းမစဉ်းစားမိဘူးလား” သူကမေးသည်။

မာ့ခ် မစဉ်းစားမိခဲ့။

“အဲ့ဒီနေ့က ငါ ကျောင်းက ငါ့ပစ္စည်းတွေ ထည့်တဲ့ ဗီရိုအကန့်လေးကို‌ ပြောင်အောင်ရှင်းလာခဲ့တာ၊ တခြားလူတွေအတွက်ရှင်းလင်းစရာ ချန်မထားခဲ့ချင်လို့၊ ငါ့မှာ အမေသောက်တဲ့ အိပ်ဆေးပြားတွေ မသိမသာ ယူထားတာရှိတယ်၊ အဲ့ဒီနေ့က အိမ်ရောက်ရင် အိပ်ဆေးသောက်ပြီး သတ်သေမလို့ပဲ၊ ဒါပေမဲ့ မင်းနဲ့ ရယ်စရာမောစရာတွေပြောရင်းဆိုရင်း အသိဉာဏ်ပြန်ဝင်လာတယ်။ ငါတစ်ယောက်တည်း ရှိပြီး ကိုယ့်ကိုယ်ကို စောစောက စိတ်ကူးအတိုင်း လုပ်လိုက်မိတယ်ဆိုရင် ခုလို ပျော်စရာကောင်းတဲ့ အချိန်လေးမျိုး ကြုံရမှာမဟုတ်ဘူး၊ နောင်တစ်သက်လုံး ကြုံရခံစားရမယ့် ပျော်ရွှင်စရာတွေ အားလုံးနဲ့လဲ ကင်းဝေရလိမ့်မယ်ဆိုတာကို သွားတွေးမိလိုက်တယ်၊ အဲ့တာကြောင့်မို့ သူငယ်ချင်း အဲ့ဒီနေ့က ငါ့စာအုပ်တွေ ကူကောက်ပေးခဲ့တာဟာ သာမန်ကူညီမှုလေး မဟုတ်ဘူး၊ ငါ့အသက်ကို ကယ်ဆယ်လိုက်တာလို့ ငါပြောချင်ပါတယ် သူငယ်ချင်း”

[မူရင်း။  ။ John W.Schlatter ၏ A Simple Gesture]

ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts