နောက်ထပ်လျှို့ဝှက်ချက် ၂ခု၊ ရုံးမှအဆင်မပြေသည့်နေ့ကို ပြောင်းလဲယူခြင်း

လူဖြစ်လာရခြင်းသည် ရှင်သန်ရန်နှင့် တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်သည်။

လူဖြစ်လာတာ ဘာအတွက်လဲ၊ ဘာတွေလုပ်ကြမလဲဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။ လူဖြစ်လာတာ ဘာအတွက်ဆိုတာ သိမှပဲ ရည်ရွယ်ချက်ရှိသူတွေ Purposeful ဖြစ်လာတယ်။ ဦးတည်ရာ ပန်းတိုင် ရှိလာကြတယ်။ ဦးတည်ရာ မရှိတဲ့ သူတွေဟာ ပဲ့မပါတဲ့ လှေလိုပဲ လွင့်မျောချင်ရာ လွင့်မျောနေလေ့ ရှိတယ်။ လူဖြစ်လာရင် ပထမဆုံးလုပ်ရမှာက ရှင်သန်ရန် ဖြစ်တယ်။
          ရှင်သန်တဲ့ သတ္တဝါတွေဟာ အသက်ရှူကြတယ်။ အစာစားတယ်။ ရေသောက်တယ်။ ကြီးထွားတယ်။ ဖွံ့ဖြိုးတိုးတက်တယ်။ မျိုးပွားတယ်။ လူတွေအတွက်ကြတော့ ဒါတွေအပြင် မိမိ မိသားစု၊ မိမိလူမျိုး၊ မိမိနိုင်ငံကို ကာကွယ်ကြတယ်။
          ဒီနေရာမှာ ကြီးထွားတာ Grow နဲ့ ဖွံ့ဖြိုးတိုးတက်တာ Development က မတူပါဘူး။ ကြီးထွားတယ်ဆိုတာက ရုပ်ဝတ္ထု ကြီးလာတာ။ အကောင်အထည် အရေအတွက်ပဲ။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာက အကောင်အထည် အရေအတွက်ရော၊ အရည်အချင်း Essence ပါ ပြောင်းလဲသွားတာကို ခေါ်တယ်။
          ဥပမာအားဖြင့် ရေနွေးကရားတစ်အိုး တည်ထားပါစို့။ ရေနွေးအိုးထဲမှာရှိတဲ့ရေမှာ အပူချိန်ဟာ တဖြည်းဖြည်း မြင့်သည်ထက် မြင့်လာမယ်။ ဒါက ကြီးထွားခြင်းပါပဲ။ နောက်ဆုံး ရေဆူအမှတ် ရောက်ပြီဆိုတာနဲ့ ရေအဖြစ်ကနေ အငွေ့အဖြစ်ကို ပြောင်းလဲသွားတော့တာပါပဲ။ ဒါက အရေအတွက်တင်မကတော့ဘူး၊ အရည်အချင်းပါ ပြောင်းသွားတာ ဖြစ်တယ်။
          ဒုတိယဥပမာအနေနဲ့ကတော့ ပိုးတုံးလုံးကောင်လေးတွေအကြောင်း ပြောချင်ပါတယ်။ ပိုးတုံးလုံးကောင်လေးတွေဟာ အစာအာဟာရစားပြီး တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အရွယ်ရောက်လာပြီဆိုရင်တော့ ပိုးတုံးလုံးကောင်လေးတွေအဖြစ်ကနေ ပုံသဏ္ဍာန် လုံးဝမတူတော့တဲ့ လိပ်ပြာအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီလိုမျိုး အသွင်သဏ္ဍာန်ရော၊ အရည်အချင်းပါ ပြောင်းလဲသွားတာမျိုးကို ဖွံ့ဖြိုးတိုးတက်တာလို့ ခေါ်တယ်။
          လူတွေမှာလည်း ဒီအတိုင်းပါပဲ။ အစာရေစာစားပြီး အချိန်ကြာလာတာနဲ့ ကိုယ်ခန္ဓာက ကြီးထွားလာပါတယ်။ သို့သော် လူမှာက အလိုအလျောက် ဖွံ့ဖြိုးတိုးတက်မှု မဖြစ်ဘူး။ ဘာမှမလုပ်တော့ဘူးဆိုရင် လူတွေဟာ ကြီးအိုကြီး ပဲ ဖြစ်ကုန်တယ်။ ကြီးထွားဖွံ့ဖြိုးခြင်း Grow up မဖြစ်နိုင်တော့ဘူး။
          လူဖြစ်လာရင် လူ့တာဝန်တွေ ရှိတယ်။ ကောင်းမွန်တဲ့ဘဝကို ဖန်တီးကြရမယ်။ မိမိကိုယ်မိမိ ကျန်းမာအောင် ကျင့်ကြံကြရမယ်။ ကြီးထွားအောင် ဆောင်ရွက်ကြရမယ်။ ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရမယ်။ အတတ်ပညာ သင်ရမယ်။ အသိပညာတိုးအောင် လုပ်ရမယ်။ အသိဉာဏ် မြင့်မားလာအောင် လုပ်ရမယ်။ ဝင်ငွေရှာရမယ်။ စုဆောင်းရမယ်။ တိုးပွားအောင် လုပ်ရမယ်။ မျိုးပွားအောင် လုပ်ရမယ်။ အစာရေစာ ပေါများအောင် လုပ်ရမယ်။ မိမိနေထိုင်တဲ့ နေရာကို ပိုကောင်းလာအောင် လုပ်ရမယ်။ ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းကို တည်ဆောက်ကြရမယ်။ ရိုးသားရမယ်။ မျှတရမယ်။ သမာသမတ်ကျရမယ်။ မဆုတ်မနစ်သောဇွဲ ရှိရမယ်။ ဒါတွေက လူတွေရဲ့တာဝန်ပဲ။
          မွေးလာတဲ့ သက်ရှိသတ္တဝါအားလုံးဟာ သေခြင်းနဲ့ပဲ အဆုံးသတ်ကြတာ ဖြစ်တယ်။ တချို့က ငါကတော့ သေရမှာပဲ၊ ဒီတော့ ဒီလောက်နဲ့ တော်ပြီ၊ ဒီနေရာမှာ ရပ်ပြီ၊ ဒီဘဝကို စွန့်လွှတ်မယ်ဆိုပြီး ယူဆကြတာ ရှိတယ်။ ဒီလိုယူဆလိုက်တာနဲ့ ဒီလူတွေဟာ သေဆုံးသွားတာနဲ့ တူတယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိတော့ဘူး။
          တကယ်တော့ လူ့ဘဝဆိုတာက တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်နိုင်တဲ့ အခွင့်အလမ်း ဖြစ်တယ်။ လူဆိုတာ မွေးလာတာနဲ့ ဘာမှမလုပ်တတ်ဘူး။ အသက်ရှူဖို့ ငိုအောင်တောင် တစ်ခါတစ်ရံ ရိုက်ပေးရတယ်။ စကားပြောတတ်ဖို့၊ လမ်းလျှောက်တတ်ဖို့ ဝေလာဝေး။ ဒါပေမယ့် သိပ်မကြာပါဘူး။ ဝမ်းလျားထိုးမှောက်မယ်၊ နောက်. . .ထိုင်တတ်လာမယ်၊ ရပ်တတ်လာမယ်၊ ပြေးတတ်လာတာပါပဲ။ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ဆို စကား စပြောမယ်။ တချို့က စောပြောပြီး တချို့က ပြောတာနောက်ကျတယ်။ အစကတော့ လွယ်တဲ့ စကားလုံးတွေပဲ ပြောတတ်တယ်။ နောက်ပိုင်းတော့ ခက်တဲ့စကားလုံးတွေ ပြောတတ်လာမယ်။ ဒါနဲ့ ရပ်သွားမလားဆိုတော့ ရပ်မသွားဘူး။ လူ့ဘဝဟာ ရပ်သွားတယ်ဆိုတာ မရှိဘူး။
          ဘာလုပ်ငန်းပဲဖြစ်ဖြစ်၊ ဘာအတတ်ပညာပဲဖြစ်ဖြစ် ရပ်သွားတယ်ဆိုတာ မရှိဘူး။ အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေတာ ဖြစ်တယ်။ ဒါကို နားမလည်ဘဲ ကိုယ်က ငါကတော့ ဒီလောက်ဆို တော်ပြီ၊ အသက်ကြီးပြီ ရပ်လို့ရပြီဆိုတာနဲ့ သေဆုံးသွားတာနဲ့ အတူတူပါပဲ။ ဘာမှအကျိုးမရှိတော့ပါဘူး။ လူ့ဘဝဟာ ဖြည့်ရခြင်း ဆိုတဲ့ သဘော ဖြစ်တယ်။ မပြည့်သေးတဲ့ အရာတွေကို အမြဲဖြည့်နေရတာ ဖြစ်တယ်။ မဖြည့်ဘူးဆိုရင် ဘယ်တော့မှ မပြည့်စုံတော့ဘူး။ ဒါကြောင့် လူ့ဘဝဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts