(က) အိမ်သာမဆောက်ကြခြင်း အကြောင်းပြချက်။
အချို့သော ရွာများတွင် မိမိတို့ ယင်လုံအိမ်သာဆောက်ကြခြင်းကို အောက်ပါအတိုင်း အကြောင်းပြကြလေ၏။
၁။ ဆင်းရဲ၍ မဆောက်ပါ။
၂။ မြေနေရာမရှိ မဆောက်ပါ။ ရေတွင်းနှင့်နီး၍ မဆောက်ပါ။
၃။ ဆွေမျိုးများ (သို့မဟုတ်) အိမ်ရှင်နှင့် ပေါင်းသုံးသဖြင့် ဆောက်ဖို့မလိုပါ။
၄။ မအားလပ်၍ မဆောက်ပါ။
၅။ မိဘဘိုးဘွားများကလည်း မဆောက်ခဲ့ကြ၍ မသုံးပါ။
၆။ အချို့အိမ်သာများ အလွန်နံသဖြင့် ယင်မလုံသဖြင့် ပတ်ဝန်းကျင်ကပြောသောကြောင့် တောထဲဘဲ ပြန်ထိုင်စွန့်ပစ်ကြပါသည်။
၇။ ရေမရှိ၍ မဆောက်ပါ။ အချို့က မဆောက်တတ်၍ မဆောက်ပါ။ ရေဝပ်ခြင်း၊ မြေပြိုခြင်းကြောင့် ဖြစ်ပါသည်။
၈။ မည်သူမျှ အိမ်သာဆောက်ရန် လိုအပ်ကြောင်း လာမပြော၍ မဆောက်ပါ။
(ခ) အိမ်သာမပြင်ခြင်း အကြောင်းပြချက်။
၁။ အိမ်သာပြင်ရန် ပျင်းရိခြင်းကြောင့် မပြင်ကြပါ။ မစင်ကိုရွံ၍ မပြင်ကြပါ။
၂။ အိမ်သာပြင်ရန် အရေးကြီးမှန်းမသိ၍ ဖြစ်သလို ဆက်သုံးခြင်းကြောင့် မပြင်ပါ။
၃။ အိမ်သာပြင်ရန် လာပြောသူမရှိသဖြင့် ဤအတိုင်း ပြိုသည်အထိ ဆက်သုံးနေပါသည်။
၄။ အိမ်သာပြင်ရန် ပစ္စည်းမလုံလောက်ပါ။
၅။ အိမ်သာပြင်ရန် ငွေကြေးမရှိပါ။
၆။ အိမ်သာပြင်ရန် ခက်၍၊ ရေဝပ်နေ၍ မပြင်ပါ။
(ဂ) အိမ်သာဆောက်လုပ်သုံးစွဲရာတွင် ကြုံတွေ့ရသော ပြဿနာ။
၁။ အချို့က တုတ်၊ စက္ကူများသုံး၍ အိမ်သာကြမ်းပြင်ပေါ်သို့ ပစ်ချတတ်ကြသည်။
၂။ အချို့က အိမ်သာယင်မလုံဘဲ ထားတတ်ကြသည်။
၃။ အိမ်သာခွက်ကို အဖုံးမတပ်ထားကြသဖြင့် ယင်ကောင်နှင့် ခြင်များ ဝင်နိုင်၊ ခိုအောင်းနိုင်သည်။
၄။ အိမ်သာတက်ပြီးတိုင်း သန့်ရှင်းစွာ ရေမလောင်းပါ။ မဆေးဘဲ ထားရှိသဖြင့် အနံ့အသက်ဆိုးလှသည်။
၅။ အချို့က အိမ်သာကို နိမ့်နိမ့်ကလေး၊ ကျဉ်းကျဉ်းကလေး ဆောက်၍ တက်လျှင် သက်တောင့်သက်သာ မရှိပါ။
၆။ အချို့က ရေအိုး၊ ရေပုံးသေးသေးကလေးသာ ထားရှိကြသဖြင့် ရေလောင်းဆေးရန် မလုံလောက်ပါ။ ထို့ကြောင့် အိမ်သာနံ၍ နောက်လူမတက်ချင်ဘဲ ရှိတတ်၏။
၇။ အချို့က အိမ်သာကို အိမ်နှင့် ဝေးဝေးတွင် ဆောက်လုပ်သဖြင့် ညအခါနှင့် နေမကောင်းဖြစ်သည့်အခါ သွားရာ၌ ဒုက္ခတွေ့ရသည်။
၈။ အချို့က အိမ်သာကို လူကြီးများသာ သုံး၍ ကလေးများအတွက် ပေးသုံးခြင်း၊ အသုံးပြုခြင်း မရှိပါ။
၉။ အိမ်သာနှင့် အိမ် ဝေးသောကြောင့် ကြောက်၍ မသွားခြင်း၊ ပျင်း၍ မသွားခြင်း၊ အောင့်နိုင်သမျှ အောင့်ထားခြင်းတို့ ဖြစ်သည်။
၁၀။ အိမ်သာ ရေထည့်ရန် ခက်ခဲသည့်အတွက် ရှိသည့်ရေကို ချွေတာသုံးကြသဖြင့် သန့်ရှင်းမှုမရှိဘဲ အနံ့အသက်ဆိုးဝါးစေသည်။
၁၁။ ရေထည့်ရန် မိသားစုအချင်းချင်း တွက်ကပ်တတ်ကြခြင်းတို့ ဖြစ်သည်။
ယင်လုံအိမ်သာအမျိုးအစားများ။
၁။ တွင်းတည့်အိမ်သာ သုံးကြသည်။ ရေမသုံးလျှင် ရသည်။ တုတ်၊ စက္ကူများသုံးလျှင် အထဲသို့ ပစ်ချရလွယ်သည်။ သို့သော် အနံ့အသက်ဆိုးလှသည်။ သန့်ရှင်းမှု မရှိပါ။
၂။ အချို့က တွင်းလွှဲအိမ်သာ သုံးကြသည်။ အနံ့အသက်နည်းသည်။ တုတ်၊ စက္ကူ၊ ရေ သုံးမျိုး သုံးကြသည်။ သို့သော် ရေအနည်းငယ် လောင်းရန် လိုအပ်သည်။ တုတ်၊ စက္ကူများသုံးပြီး ရေမလောင်းပါက အိမ်သာပိုက် ပိတ်ဆို့တတ်သည်။ မပိတ်ဆို့ရန် သုံးပြီးသား တုတ်၊ စက္ကူများကို အိမ်သာခွက်ထဲ မထည့်ဘဲ ပစ်ထားသူများကြောင့် ယင်နှင့် မစင် ထိတွေ့နိုင်သည်။
၃။ အိမ်သာပိုက်နှင့် တွင်းမလုံဘဲ ရှိတတ်သည်ကို သတိပြုရန် လိုသည်။ အိမ်သာခွက်အဖုံးမရှိလျှင် ယင်မလုံပါ။ တွင်း ယင် မလုံဘဲ ရှိတတ်သည်ကို သတိပြုပါ။
(ဤအချက်အလက်များကို အမျိုးသားကျန်းမာရေးကော်မတီ၊ ကျန်းမာရေးစီမံကိန်းစစ်တမ်းများမှ ရယူပါသည်)