အဝီစိမှသည် မဟာအဝီစိသို့ (အပိုင်း - ၁)

အဝီစိမှသည် မဟာအဝီစိသို့ (အပိုင်း – ၁)

ငဘမှာ မေ့မြော၍နေသည်နှင့် မိမိ အာဟာရပြတ်နေသည်မှာ ဘယ်နှစ်ရက်ရပြီကိုပင်လျှင် မမှတ်မိတော့ပြီ။ ပထမ၌ ထမင်းစ၍ မပေးသည့်နေ့ကို မှတ်ထားသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ရေတွက်၍ ရသေးသည်။ လေးရက်မြောက်နေ့၌ ရေကိုမျှပင် မမှီဝဲရပြီ။ တစ်ခါတစ်ခါ အားပြတ်၍ နစ်မြောသွားလေရာ မိမိမှတ်လာသော ရက်တို့မှာ အဆုံးအစ မထင်သော သံသရာထဲတွင် ပျောက်ကွယ်၍ သွားလေသတည်း။

နားထဲမှ လေတွေထွက်သည်။ မျက်လုံးများလည်း ဝေလာပြီ။ ရင်တုန်သည်မှာလည်း တဒုန်းဒုန်းနှင့် လက်ချောင်းကလေးများမှာ ကတုန်တယင်ဖြစ်နေပြီး အာခေါင်ခြောက်၍ ရင်လည်းပူသည်။ တစ်ခါတစ်ခါ သတိလည်လာလျှင် ငရဲ၊ တိရစ္ဆာန်၊ ဖြိတ္တာ၊ အသူရကာယ်ဘုံတို့သည် လူ့ပြည်နှင့် တစ်ဆက်တည်း တည်ကြောင်းကို အဘိုးဖြစ်သူက ငဘ ငယ်စဉ်အခါက ပြောပြဖူးသည်ကို အမှတ်ရပြီး သဘောပေါက်မိသည်။ ငဘမှာ ယခုအခါ ငရဲပြည်နှင့် ကြမ်းတစ်ပြေးတည်း နေခဲ့ရပေပြီ။

ကယောင်ကတမ်း ဖြစ်နေစဉ် ငဘဘေးမှာ ခပ်ကွေးကွေးကလေးနေသော ဓားပြဗိုလ်တစ်ယောက်ကို ဂျပန်စစ်ပုလိပ်သားများနှင့် သုဘရာဇာနှင့် တူသော လူတစ်စုက ဆွဲယူသွားသည်ဟု အမှတ်ထားလိုက်သည်။ ငဘ အဖို့ သတိလက်လွတ် မဖြစ်မီကတည်းက သူ့မျက်စိအောက်မှ ပျောက်သွားသော သူများ၊ အညှဉ်းပန်းအနှိပ်စက်ခံရသော သူများကို မြင်နေကျ တွေ့နေကျ ဖြစ်လေရာ တောသားတို့ အသက်တစ်ချောင်းတန်ဖိုးမှာ သစ်တစ်ရွက်, ဖက်တစ်ချပ် လောက်မျှ တန်ဖိုးမရှိသည်ကို သူ ကောင်းကောင်းကြီး တွက်မိသည်။ မြန်မြန်သေရလျှင် မြန်မြန်ကိစ္စတုံးမှာပဲ။ သို့သော် မသေဘဲ ကျန်ရစ်ခဲ့လျှင် ဒုက္ခ။

မိမိ ပူပင်မိသည့်အတိုင်း ယခု ဖြစ်ရပြီ။ မသေမရှင်နှင့် အားပြတ်ကာ နေရသည်။ ရှေ့ကိုလည်း ဘယ်လို ခံစားရဦးမည် မသိ။ သတိ မရတစ်ချက် ရတစ်ချက်နှင့် ကယောင်ကတမ်းဖြစ်သည့်အခါများတွင် ကင်ပေတိုင် ခေါ် ဂျပန်စစ်ပုလိပ်ရုံးသားများက သူ၏အသားကို ဓားနှင့်လှီး၍ မီးပုံကြီးတွင် ကင်စားကြသည် ဟူ၍ပင် အိပ်မက်မက်သည်။ အားမပြတ်မီ ခံစားရသော ဝေဒနာများကိုလည်း တစ်ဖန် အသစ်ပြန်၍ ပြန်၍ ခဏခဏ ခံစားရသည်။ ရောက်စက အကျဉ်းသမားတစ်ဦးကို ခြေလက်တုပ်၍ ပက်လက်လှန်ထားစေပြီးမှ နှာခေါင်းနှင့်ပါးစပ်ကို ပိတ်စိမ်းပါးအုပ်ပြီးလျှင် ကျိုက်ကျိုက်ဆူနေသော ရေနွေးဖြင့် လောင်းချရာ ခံရသူခမျာမှာ ဆန့်ငင် ဆန့်ငင်နှင့် မြောမေ့သွားသည်ကို ငဘ တွေ့ခဲ့ရသည်။ ကာယကံရှင်မှာ မည်သို့ ခံစားရမည် မသိ။ ဘေးက မကြည့်ချင်ဘဲနှင့် ကြည့်နေရသော ငဘခမျာ၌ပင်လျှင် တက်၍, ချက်၍ သွားသေးသည်။ ထိုအကျဉ်းသမားမှာလည်း သုံးခါလောက် ရေနွေး အပက်ခံရပြီးသည့်နောက် တုတ်တုတ်မျှ မလှုပ်တော့၍ အသက်ပျောက်သွားပြီဟု ယူဆရတော့သည်။

တစ်ခါတစ်ခါလည်း စစ်ပုလိပ်က တရားခံများကို လေးယောက်တစ်တွဲ၊ ငါးယောက်တစ်တွဲ ခေါ်ထုတ်သွားသည်။ ယင်းသို့ ထုတ်သွားသည့်နေ့ကစပြီး သူတို့သတင်း အစအန မကြားရပြီ။ အကျဉ်းသမားအချင်းချင်း တီးတိုးပြောဆိုချက်အရမှာ ကိုယ့်တွင်းကိုယ်တူးပြီး အရှင်လတ်လတ် မြေမြှုပ်ခံရသည် ဆိုသည်။

လက်သည်းခွံအောက်သို့ တွယ်အပ် ရိုက်သွင်းခြင်း၊ ပြုတ်တူဖြင့် လက်သည်းခွာခြင်း၊ တုတ်၌ လက်ပြန်ကြိုးတုပ်၍ ဇောက်ထိုးဆွဲထားခြင်း၊ ရေကို ဗိုက်တင်းအောင် ရေနံဆီတစ်ပုံး အပြည့်လောက်ကို အသောက်ခိုင်းပြီးမှ ဗိုက်ပေါ်သို့ စစ်သားစီးဖိနပ်ဖြင့် တက်ဆောင့်ခြင်း စသည်ဖြင့် ယဉ်ကျေးသော လူမျိုးတို့၏ ချစ်ဖွယ်သော အမူအရာတို့ကို ငဘမှာ ကိုယ်တွေ့မျက်မြင် ဖြစ်လေရာ အာဟာရပြတ်၍ ကယောင်ကတမ်းဖြစ်တိုင်း ငရဲခန်းကြီးကို ခဏခဏ ပြန်မြင်ရလေသည်။

အပြစ်ကျူးလွန်လျှင် ကျူးလွန်သည့်အလျောက် အပြစ်ပေးရန် တာဝန်မှာ ကမ္ဘာပေါ်ရှိသမျှသော အစိုးရတိုင်း၏ တာဝန်ဖြစ်သည်။ ပြစ်မှုနှင့်လျော်စွာ အပြစ်ပေးခြင်းသည် တရားသဖြင့် ဖြစ်သည်။ ဂျပန်တို့ ကြီးစိုးသောအခါတွင်၌မူကား အပြစ်ဒဏ်ဟူသည်မှာ ဂျပန်တစ်ဦးတစ်ယောက်၏ ကောင်းသော ဆိုးသော စိတ်ထားအပေါ် တည်သည်။ စိတ်ဆိုးသူနှင့် တွေ့လျှင် ဆိုးသည့်အလျောက် လောကငရဲကို ခံရပြီးမှ မချိမဆံ့ အသက်ထွက်သည်။ ကောင်းသူနှင့် တွေ့ရလျှင် မြန်မြန် အသက်ထွက်ရ၍ သက်သာ၏ဟု ဆိုရမည်။ တစ်ခါတစ်ရံ အပြစ်ရှိပါလျက်နှင့်လည်း လွှတ်ချင်က လွှတ်လိုက်သည်။ ဂျပန်စနစ်အရ အပြစ်ရှိသူတစ်ယောက်ကို အပြစ်ပေးရာ၌ အပြစ်ကင်းမဲ့သူ တစ်ရာမျှ အချောင်သက်သက် ထိခိုက်နစ်နာလျှင် ဘာမျှဝန်မလေး။ တစ်ဦးတစ်ယောက်သည် အပြစ်တစ်ခုဖြင့် အစွပ်စွဲခံရအံ့၊ ထိုသူသည် မိမိ၌ အပြစ်မရှိကြောင်း မထုချေနိုင်သမျှ ကာလပတ်လုံး ထိုသူ၌ အပြစ်ရှိပြီ ဟူ၍ ဂျပန်တို့က ယဉ်ကျေးစွာ ယူဆသည်။ ဤသို့သော ယဉ်ကျေးမှု၏ အစွမ်းအားဖြင့် ယခုအခါ ဂျပန်တို့သည် ကမ္ဘာ၏ အရှေ့တစ်ခြမ်းကို အနိုင်အုပ်စီးမိတော့မည်ဟု အထင်ကြီးကာ သွေးနားထင် ရောက်နေပြီ မဟုတ်ပါလော။

တစ်နေ့သော် ငဘ မြောမေ့နေရာမှ သတိရလာစဉ် ရင်တွင် ကြယ်နှစ်ပွင့်တပ်ထားသော ဂျပန်စစ်သားတစ်ဦးက ရေလာတိုက်သည်။ မျက်နှာကို ရေနှင့် ပက်သည်။ ထိုနေ့အဖို့ မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဖော်လေးဦး မရှိတော့ပြီ။

ဘာအကြောင်းကြောင့် မပြောတတ်၊ ငဘ ထမင်းရည် စ၍ သောက်ရသည်။ တဖြည်းဖြည်း အစာကို စားရသည်။ လေးငါးရက်ကြာသော် အင်အား တစ်ဖန် ပြန်၍ ပြည့်တင်းလာသည်။

မြန်မြန် အမှုစစ်၊ မြန်မြန် ဖြောင့်ချက်ပေး၊ မြန်မြန် သေရလျှင် ကျေးဇူးပါပဲ ဟု ငဘ တွေးမိသည်။

ထို့ကြောင့် ထမင်းလာပို့သော ဂျပန်အား သူ့အမှု ဘယ်တော့စစ်မလဲ ဟု မေးလိုက်သည်။

ထိုဂျပန်လည်း ‘ဗိုလ်ကြီးမာ့စတား’ ထံ သွားရောက်ကာ ငဘ ပြောပြသည့်အတိုင်း အစီရင်ခံလေသည်။

ကင်ပေတိုင်အဖွဲ့၏ ဂျပန်စစ်ဗိုလ်ကြီးလည်း ငဘကို ရှေ့တော်သို့ သွင်းစေ၏။

‘ကျွန်တော် ဓားပြတိုက်လာပါတယ်၊ မှန်ပါတယ် ဗိုလ်ကြီး၊ အပြစ်ရှိပါတယ်။ ဒန်အိုးတို့၊ စလယ်ဝင်အိုးတို့ ဒယ်အိုးတို့ကို ကျွန်တော် တိုက်လာခဲ့မိပါတယ်’ ဟု ငဘက သူ့ကိုမမေးမီ ဖြောင့်ချက်ပေး၏။

စစ်ဗိုလ်ကြီးက ‘ဒီအကောင် ညာတယ်’ ဟု ဆိုကြောင်း စကားပြန်မှ တစ်ဆင့် ငဘ သိရ၏။

‘အင်း-အမှန်မှာတော့ ကျွန်တော် ညာပြောတာပဲ၊ ကျွန်တော် ဓားပြတိုက်တယ်လို့၊ ဟုတ်-ဟုတ် မဟုတ်ဟုတ် ဖြောင့်ချက်ပေးလိုက်လျှင် ဒီဝဋ်က ကျွတ်မလားလို့ ပြောတာပဲ၊ ဓားပြတိုက်ရာမှာ မပါကြောင်း သိလို့ ကျွန်တော့်ကို လွှတ်မှာဖြင့်လဲ လွှတ်ပါတော့’ ဟု ဆိုပြန်၏။

ဂျပန်စစ်ဗိုလ်ကြီးက ‘ဒီ အကောင် လိမ်တယ်’ ဟု မှတ်ချက်ချကြောင်း စကားပြန်ကျေးဇူးဖြင့် တစ်ဆင့် သိရပြန်၏။

သည်တစ်ခါမှ ခက်တော့သည်။ ဘာကို ဘယ်လိုလုပ်ပြီး ပြောရမှန်း မသိနိုင်တော့ပြီ။ တောသားဖြစ်၍ အကင်းကလည်း မပါး၊ ကိုယ့်ဘာသာစကားနှင့် ကိုယ်တောင်မှ စကားရိပ် စကားငွေ့ နားမလည်။ စကားကို ဘာပြော၍မှ ဘယ်အဓိပ္ပာယ်ရောက်မှန်း မသိ၊ ဂျပန်လို့ ကွိ-ကွ-နိ နဲ့ ဒက်စက၊ အရိမတ်စက၊ အယုတ္တ၊ အနတ္တတွေကိုလည်း နားမလည်။

ဤသို့လျှင် စိတ်တထင့်ထင့်နှင့် နေရသည်မှာ ရက်အတော်ညောင်းပြီး၊ အာဟာရပြတ်ရာမှ နာလန်ထူလာသဖြင့် နဂိုရည်ကို မမှီသေးသော်လည်း အတော်အတန် အသားအရေ ပြည့်တင်းလာပြီ။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts