အရောင်းကောင်တာမှာ ထိုင်နေကြတဲ့ ဆိုင်ရှင်ညီအစ်ကိုနှစ်ယောက်ကိုတွေ့လို့ ကျွန်တော်ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးလိုက်တယ်။ ညီအစ်ကိုနှစ်ယောက်ကလဲ သူတို့ဟာ မက်, မက်ဒေါနယ် နဲ့ ဒစ်ခ်မက်ဒေါ်နယ် ဖြစ်တယ်လို့ ပြန်ဖြေကြတယ်။ သူတို့ဟာ ကျွန်တော်နဲ့ အသက် မတိမ်းမယိမ်း ဖြစ်တယ်။ စားသောက်ဆိုင် တစ်ခုမှာ ကျွန်တော်တို့ ညစာစားကြရင်းနဲ့ စကားတွေ အများကြီးပြောဖြစ်ကြတယ်။
သူတို့ရှင်းပြတဲ့ ဆိုင်ရဲ့လုပ်ငန်း လုပ်နည်းတွေဟာ ရိုးရှင်းသလို လွယ်ကူတယ်။ မြန်ဆန်ထိရောက်မှုလည်း ရှိတယ်။ ဝန်ထမ်းတွေကို လုပ်ငန်းအဆင့်ဆင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို စာရေးပြီး ညွှန်ကြားကြတယ်။ ဝန်ထမ်းတွေကလည်း ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာ လုပ်ဆောင်ကြရတယ်။
သူတို့ဆိုင်မှာ ဟမ်းဘာဂါတစ်ခုကို ၁၀ ဆင့်နဲ့ ရောင်းပေးတယ်။ ဟမ်းဘာဂါမှာ ဒိန်ခဲတုံးလေးတစ်ခု ထည့်ပေးရင် ၄ ဆင့် ပိုယူတယ်။ အာလူးကြော် တစ်ထုပ်ကို ၁၅ ဆင့်၊ အအေးတစ်ခွက်ကို ဆင့်၂၀ နဲ့ ကော်ဖီ တစ်ခွက်ကို ၅ ဆင့်နဲ့ ရောင်းပေးတယ်။ ဟမ်းဘာဂါနဲ့ ဖျော်ရည်တွေကို ဈေးနှုန်းသက်သာစွာ ရောင်းပေးတာမို့ လူတိုင်း ဝယ်စားနိုင်ကြတယ်။
ညစာစားပြီးကြတော့ သူတို့က ကျွန်တော့်ကို မကြာခင်မှာဖွင့်မယ့် ဆိုင်သစ်အတွက် ဒီဇိုင်းဆွဲပေးဖို့ ဗိသုကာတစ်ယောက်ဆီကို ခေါ်သွားကြတယ်။ ဗိသုကာက သူဆွဲထားတဲ့ ဆိုင်ပုံစံဒီဇိုင်းကိုပြပြီး ရှင်းပြတယ်။ ဆိုင်ကို အနီနဲ့ အဖြူ ဆေးရောင်တွေ သုတ်ထားပြီး အဝါရောင်အနည်းငယ် ရောထားတယ်။ ဆိုင်ရဲ့ပြတင်းပေါက်တွေဟာ ခေတ်မှီလှပတဲ့ ပုံစံတွေဖြစ်ကြပြီး မှန်အကြီးကြီးတွေ တပ်ဆင်ထားကြတယ်။ လာဝယ်ကြသူတွေအတွက် တန်းစီဖို့ ဆိုင်မှာ နေရာကျယ်ကျယ်ဝန်းဝန်း ထားပေးထားတယ်။ ဆိုင်ထဲမှာ ထိုင်စားတဲ့သူတွေအတွက်လည်း စားပွဲနဲ့ ကုလားထိုင်တွေထားဖို့ နေရာလုပ်ပေးထားတယ်။ ဆိုင်အနောက်ဘက်မှာ ရုံးခန်းနဲ့ စတိုခန်းတွေ ပါတယ်။
ဆိုင်းဘုတ်နဲ့ အခုံးကြီးတွေဟာ ကြီးမားလွန်းလို့ လေပြင်းပြင်းတိုက်ရင် ပြုတ်ကျနိုင်သလားလို့ ဗိသုကာကို မေးကြည့်လိုက်တယ်။ သူက ပြုတ်မကျအောင် ကွန်ကရစ်တွေထဲမှာ သံချောင်းတွေ ထည့်ပြီး သေချာခိုင်ခံ့အောင်း လုပ်ထားတယ်တဲ့။ ခြုံပြီးပြောရရင် မက်ဒေါ်နယ် ဆိုင်သစ်ပုံစံကို အတော်လေးသဘောကျမိတယ်။ ဆိုင်သစ်ထဲမှာ အိမ်သာတွေ ထားပေးထားတယ်။ ညစာစားတုန်းမှာလည်း မက်ဒေါ်နယ် ညီအစ်ကိုက အာလူးချောင်းကြော်ဟာ သူတို့ဆိုင် အောင်မြင်မှုရဲ့ အဓိကအချက်လို့ပြောပြီး အာလူးချောင်းကြော်လုပ်နည်း အသေးစိတ်ကိုလည်း ရှင်းပြခဲ့တယ်။
လူတော်တော်များများဟာ ဟမ်းဘာဂါနဲ့ တွဲရောင်းပေးတဲ့ အာလူးချောင်းကြော်ကို သိပ်အရေးမကြီးဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ မက်ဒေါ်နယ် ညီအစ်ကိုကတော့ အာလူးချောင်းကြော်လုပ်တာကို အလွန်အလေးထား ဂရုစိုက်ကြတယ်။
ဒါကြောင့်မို့လည်း သူတို့ရဲ့အာလူးချောင်းကြော်ဟာ တမူထူးခြားတဲ့ အရသာရှိတယ်။ ဆိုင်ကလည်း အာလူးချောင်းကြော်အတွက် အချိန်နဲ့ ငွေတွေကို ရက်ရက်ရောရော ပေးထားတယ်။ သူတို့ဟာ ဝယ်လာတဲ့ အာလူးတွေကို အမိုးအကာပါတဲ့ စတိုခန်းထဲမှာ သိမ်းထားကြတယ်။ အာလူးဆိုတာ ကြွက်တွေ အလွန်ကြိုက်တတ်ကြလို့ သူတို့ရန်က ကာကွယ်ဖို့ ခြင်းတွေမှာ သံဇကာကွက်စိတ်စိတ်လေးနှစ်ထပ် ကာထားကြတယ်။ ဒါကြောင့် အာလူးတွေဟာ ကြွက်တွေရန်က ကင်းဝေးသလို လေကောင်းလေသန့်လည်းရလို့ လတ်ဆတ်နေပါတယ်။
အပိုင်း(၅) အား ဆက်လက်ဖတ်ရှုရန် >> မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 5)
ဗန်းမော်သိန်းဖေ ဘာသာပြန်ထားသော မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။