ဖောက်သည်တွေ

ဖောက်သည်တွေ နဲ့ အမြဲအဆက်အသွယ်ရှိနေရေး

 စီးပွားရေးလုပ်ငန်းတွေမှာ အချင်းချင်းပြိုင်ဆိုင်မှုတွေ ပိုများလာတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ ဖောက်သည်တွေ အသစ်ရရှိရေးကိုချည်း အာရုံ စိုက်မနေသင့်ဘူး။ ရှိပြီးသား ဖောက်သည်တွေ ကိုယ့်ဆီမှာမြဲနေဖို့လိုတဲ့အတွက် သူတို့ကို တစ်နည်းနည်းနဲ့ ချီးမြှောက်သင့်တယ်။


အယူအဆ
    ဒီကနေ့ စီးပွားရေးလုပ်ငန်းအများအပြားဟာ ဖောက်သည်အသစ်ရရေးသာမက ရှိပြီးသား ဝယ်ယူအားပေးမှုတွေကိုလည်း ဆက်ထိန်းထားနိုင်ရေးအတွက် အကြိတ်အနယ်ကြိုးစားနေကြတယ်။ လုပ်ငန်းအချင်းချင်း ယှဉ်ပြိုင်စွမ်းအားကောင်းရေးနဲ့ ဖောက်သည်တွေနဲ့ အမြဲမပြတ်အဆက်သွယ်ရှိနေရေးအတွက် ဒီဖောက်သည်တွေအကြောင်း သိဖို့လိုတယ်။ အဲဒီအကြောင်းတွေ၊ သူတို့ရဲ့အချက်အလက်တွေကိုပေးတဲ့ ဝန်ဆောင်မှုတွေကို လိုနေတဲ့လုပ်ငန်း တွေလည်း အများအပြားရှိနေပါပြီ။ ဗြိတိန်နိုင်ငံရှိ WH Smith လို စာအုပ်ဆိုင်တွေကအစ အကြွေးဝယ်ကတ်ပြားကုမ္ပဏီတွေနဲ့ အမေရိကန်ပြည်ထောင်စုရှိ MCI လို တယ်လီဖုန်းလုပ်ငန်းဆောင်ရွက်သူတွေအထိ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းထံမှ ရရှိနိုင်ပါပြီ။ WH Smith မှာဆိုရင် ဖောက်သည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သန်းနဲ့ချီပြီး ကွန်ပျူတာထဲမှာ ထည့်သွင်း သိမ်းဆည်းထားတာတွေရှိပါတယ်။ MCI ဆိုရင်လည်း သူတီထွင်လိုက်တဲ့ မိသားစု၊ ဒါမှမဟုတ် မိတ်ဆွေတွေကိုအခြေခံပြီး သတ်မှတ်ပေးတဲ့ လျှော့ဈေးနှုန်းစနစ်ကြောင့် သူရဲ့ဈေးကွက်ဝေစုဟာ အပြင်းအထန် ပြိုင်ဆိုင်မှုတွေကြားထဲက ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်။ ဒီကုမ္ပဏီတွေဟာ ဖောက်သည်မြဲရေးအစီအစဉ်တွေကို စီးပွားရေးလုပ်ငန်းတွေမှာ အားပေးနေတာဖြစ်ပါတယ်။
    ဖောက်သည်မြဲရေးအစီအစဉ်တွေကို လေ့လာကြည့်ရင် အံအားသင့်စရာ အမြဲတွေ့ရတယ်။ ဥပမာအားဖြင့် Virgin Airline ဟာ ဖောက်သည်တွေနဲ့ အမြဲအဆက်အသွယ်ရှိနေရေးအတွက် အစီအစဉ်တစ်ရပ် ကျင့်သုံးခဲ့တယ်။ ဒီစနစ်ကို ကျင့်သုံးရင်း ဖောက်သည်အသစ်တွေကို အချိန်တိုတိုနဲ့ ရလာနိုင်ဖို့ဖြစ်ပါတယ်။ သူလုပ်ပုံကတော့ သူ့ရဲ့ပြိုင်ဘက်တွေသုံးတဲ့ အစီအစဉ်တွေထဲက ခရီးသည်တွေကို အထူးအခွင့်အရေးတွေပေးတယ်။ ဗြိတိသျှလေကြောင်းနဲ့ အကြိမ်တစ်သောင်းပြည့်အောင် ပျံသန်းစီးနင်းခဲ့သူ တွေကို အခမဲ့လက်မှတ်တစ်စောင်စီပေးတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် နောက်ထပ်ရရှိတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ Virgin Airline ဟာ ရှင်သန်ထက်မြတ်ပြီး အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေရှိတယ်ဆိုတဲ့ နာမည်ကောင်းဟာ ပိုမိုခိုင်မာလာခြင်းဖြစ်တယ်။


လက်တွေ့လုပ်ဆောင်ရန်
    ကိုယ့်ဖောက်သည်တွေ ကိုယ်နဲ့ထပ်ပြီး ဆက်သွယ်ဆောင်ရွက်လာအောင် အားပေးတဲ့အနေနဲ့ ဖောက်သည်မြဲရေး လုပ်ငန်းစဉ်တွေကို ကြံဆ ဆောင်ရွက်ပါ။
    ဒီလိုကြံဆရာမှာ ကိုယ့်ပြိုင်ဘက်တွေကရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေအခွင့်ထူးပေးသလဲ။ ကိုယ်က သူတို့ထက်သာအောင်၊ ဖောက်သည်တွေလည်း ပိုသဘောကျအောင် ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ ကြည့်ပါ။
    ဖောက်သည်တွေ ကိုယ့်ဆီမှာမြဲအောင်နဲ့ သူတို့နဲ့ အမြဲဆက်သွယ်လို့ ရနေနိုင်အောင် အမျိုးမျိုးအဖုံဖုံ ကြံဆလို့ရတယ်။ ဒါကြောင့် ကြံဆဖို့လိုတယ်။
    ဖောက်သည်တွေနဲ့ မျက်နှာချင်းဆိုင် တိုက်ရိုက်ဆက်ဆံရတဲ့ ဝန်ထမ်းတွေကိုလည်း ဖောက်သည်တွေ မြဲရေးအတွက် အကြံဉာဏ်ကောင်းတွေကို တောင်းကြည့်ပါ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာအယူအဆချက်များမှ ကူးယူဖော်ပြသည်။

Related Posts