ဖိစီးမှုနှင့် ရိုးစင်းမှု (အပိုင်း ၂)

ဖိစီးမှုနှင့် ရိုးစင်းမှု (အပိုင်း ၂)

(Stress and Simplicity, Part II)

အရောင်းသွက် စာရေးဆရာမ အီလိန်းစိန့်ဂျိမ်စ်း၏ (သင့်ဘဝကို ရိုးစင်းအောင် လုပ်ပါ) အဆိုအရ ဘဝတွင် သင့်ဦးစားပေးမှု သုံးခုသာ ရှိသင့်သည်။ သင်အလုပ်လုပ်ပါက ယင်းသည် တစ်ခုဖြစ်သည်။ သင့်မှာ မိသားစုရှိပါက ယင်းသည် နှစ်ခုဖြစ်သည်။ သင့် တတိယမြောက် ဦးစားပေးမှုသည် အဘယ်နည်း။ ကျန်းမာရေးလိုက်စားခြင်းလား။ ဘုရားကျောင်းအလုပ်လား။ စေတနာ့ဝန်ထမ်းအလုပ်လား။ သင်၏ နံပါတ် ၄၊၅၊၆၊ တို့ကို စွန့်လွှတ်မှသာ ဘဝတွင် အမှန်စင်စစ် ထူးကဲမှု ရရှိနိုင်မည်။ သင် အရာရာကို အကောင်းဆုံးလုပ်ရန် မဖြစ်နိုင်ပါ။

ကျွန်မ၏အကြံပြုချက်အချို့မှာ-

(၁) ဗြုတ်စဗျင်းတောင်းများကို ရှင်းထုတ်ပါ (Get rid of cluter)။     ။ စက္ခုအာရုံတွင် ယင်းသည် ဖိစီးမှုပေးသည်။ ကျွန်မတို့ အလုပ်ဧရိယာကို ကြည့်လိုက်ပြီး စနစ်တကျရှိနေသည်ကို မြင်ရလျှင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ပခုံးကို တစ်ထစ် လျှော့ချလိုက်တတ်ကြသည်။ ကျွန်မတို့အများစုသည် တစ်နေ့လျှင် ပျမ်းမျှ မိနစ် ၃၀ ခန့် အထားမှားမိသည့်ပစ္စည်းတစ်ခုကို ဗြုတ်စဗျင်းတောင်းထဲတွင် ရှာဖွေရန် သုံးစွဲရသည်။

(၂) အီးမေးလ်နှင့် စပ်လျဉ်းပြီး အာသာဆန္ဒမထိန်းနိုင်ခြင်း မဖြစ်ပါနှင့် (Stop being compulsive about email)။     ။ သင့်တစ်နေ့တာ၏ မည်သည့်အချိန်ပိုင်းများတွင် အီးမေးလ်စစ်မည်ကို သတ်မှတ်ထားပါ။ သင်သက်သောင့်သက်သာရှိဖို့နှင့် အာရုံစိုက်နိုင်ဖို့အတွက် အီးမေးလ်အဝင်များအားလုံးကို ဦးစွာဖတ်ရမည်ဟု သတ်မှတ်ချက် မရှိပါ။

(၃) ဘဝသည် အပြေးပြိုင်ပွဲတစ်ခု မဟုတ်ပါ၊ အမြန်နှုန်းလျှော့ပါ (Life a not a race – slow it down)။      ။ ယင်းသည် သင့် ဖိစီးမှုအတိုင်းအတာကိုလည်းကောင်း၊ သင့်အမှားနှုန်းကိုလည်းကောင်း လျော့နည်းစေမည်။

(၄) ‘နိုး’ ပြောတတ်အောင် လေ့ကျင့်ထားပါ (Learn to say ‘no’)။      ။ သင်၏ ဦးစားပေးမှုသုံးခုကို သတိရပါ (အထက်ဖော်ပြပါ စိန့်ဂျိမ်း၏အကြံပြုချက်)။ ထိုဦးစားပေးမှုများနှင့် သက်ဆိုင်သည့် တောင်းဆိုချက်များကိုသာ ‘ရက်စ်’ ဟု လက်ခံပါ။

မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့် လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ် မှ ကူးယူဖော်ပြထားပါသည်။

Related Posts