ဖိစီးမှုကိုအုပ်ထိန်းနိုင်သည်၊ သို့သော် ကုစားနိုင်မည်လား

ဖိစီးမှုကိုအုပ်ထိန်းနိုင်သည်၊ သို့သော် ကုစားနိုင်မည်လား

(Stress can be managed… but cured?)

ဖက်စ်များ၊ အီးမေးလ်များ၊ ကျောချင်းကပ် လုပ်ငန်းဇယားများဖြင့် ပြည့်နှက်နေသည့် ကျွန်မတို့ လက်ရှိလောကတွင် ဖိစီးမှုဆိုသည့် ဝေါဟာရသည် ဂုဏ်ထူးဆောင် အမှတ်သင်္ကေတကဲ့သို့ ဖြစ်လာသည်။ ကျွန်မတို့ကို တစ်ဦးဦးက အဆင်ပြေနေလားမေးခဲ့လျှင် ‘အင်း… အလုပ်တွေရှုပ်နေတယ်။ ဖိစီးမှုတွေအရမ်းများနေတယ်’ ဟု မလွဲမသွေဖြေကြသည်။ ‘အင်း… သက်သောင့်သက်သာ ရှိပါတယ်၊ ဒီနေ့အလုပ်တာဝန်တွေကို လုပ်ရတာလည်း စိတ်အေးလက်အေးရှိတယ်’ ဟုဖြေလျှင် သင့်အား ပျင်းရိပေါ့ဆသူတစ်ဦး၊ သို့မဟုတ် ထို့ထက် အကောင်းမြင်ပေးပါက ကြောင်တိကြောင်တောင်ဖြစ်နေသူတစ်ဦးဟု ထင်မှတ်လိမ့်မည်။

ဖိစီးမှုအုပ်ထိန်းရန် အစီအစဉ်တစ်ခုဆိုရာဝယ် များသောအားဖြင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ ပုံမှန်ထက်ကွဲပြားစွာ စားသောက်ခြင်း၊ တရားထိုင်ခြင်းနှင့် အိပ်ရေးဝအောင်အိပ်ခြင်းတို့ဖြစ်သည်။ ဤအရာတို့ကို ဘာကြောင့် ‘စီမံကိုင်တွယ်ရသည်’၊ သို့မဟုတ် သမားတော်တစ်ဦးမှ ‘ ပြဋ္ဌာန်းရသည်’ ဆိုခြင်း အကြောင်းမေးလျှင် ပိုအသုံးတည့်ပါမည်။ ကျွန်မတို့ ထိုအရာများကိုလုပ်ရန် ဘာကြောင့် သင်တန်းတစ်ခုတက်ဖို့ လိုအပ်သနည်း။

အဖြေမှာ သင်သည် သင့်ကိုယ်သင် ဦးစားပေးရမည့် သူတစ်ဦးအဖြစ် မမြင်ခြင်းကြောင့်ဖြစ်သည်။ သင်၏လုပ်ရန်ရှိစာရင်းတွင် သင်သည် ဂရုစိုက်မှုလိုအပ်နေသည့် အရေးပါသော ဆက်နွယ်မှုတစ်ရပ်အဖြစ် သင့်ကိုယ်သင် စာရင်းမသွင်းထားပါ။ သင်သည် သင့်ဘဝ၏ တန်ဖိုးရှိသော တန်ဆာပလာတစ်ခုဖြစ်ပြီး ထိုဘဝကို ထိရောက်စွာ ဖြတ်သန်းမည်ဆိုပါက သင့်ကိုယ်သင် အားပြန်ဖြည့်ရန် လိုအပ်ပါမည်။

သင့်ကိုယ်သင် တန်ဖိုးရှိသည်၊ အစားထိုးမရဟု ခံယူသည်နှင့် တစ်ပြိုင်နက် သင်သည် သဘာဝလှုံ့ဆော်မှုအရ လုံ့လအထူးစိုက်ရန် မလိုအပ်ဘဲ သင့်ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းအောင် လေ့ကျင့်  ထိန်းသိမ်းမည်။ သင့်အခင်ဆုံးသူငယ်ချင်း ကျင့်သုံးသည့် စည်းစနစ်ကိုလည်းကောင်း၊ ခေတ်ပေါ်စီးပွားရေး ကြော်ငြာအကြံပြုချက်များကိုလည်းကောင်း လိုက်နာရန် မလိုပါ။ သင့်ခန္ဓာကိုယ်၊ သင့်ဘဝ၊ သင့်စွမ်းရည်များနှင့် လိုက်ဖက်သည့် စည်းစနစ်များကို သင် ရှာဖွေတွေ့ရလိမ့်မည်။ သင့်ခန္ဓာကိုယ် ပုံမှန်လှုပ်ရှားရန်နှင့် မှန်ကန်စွာ စားသောက်ရန် သင့်တစ်ကိုယ်ရေလုပ်ဆောင်ချက်များကို သင်နှစ်သက်လိမ့်မည်။

သင့်ခန္ဓာကိုယ်က အဆီကို သိုလှောင်ထားသော်လည်း ကျန်းမာသန်စွမ်းမှုကိုတော့ သိုလှောင်ပေးထားခြင်းမရှိပါ။ သဘာဝ စည်းမျဉ်းများက ကျွန်မတို့ခန္ဓာကိုယ်ကို အုပ်ချုပ်သည်။ ဥပမာ- ပီစီရှေ့တွင် ကျွန်မတို့ တစ်နေ့လုံးထိုင်ရန် မသင့်တော်သလို တီဗီရှေ့တွင် တစ်ညလုံးထိုင်ရန်လည်း မသင့်တော်ပါ။

ဖိစီးမှုသည် ပြင်ဆင်၍မရနိုင်သလို ကုစား၍လည်းမရနိုင်သည့်အရာ ဖြစ်သည်။ သို့သော ယင်းက သင့်အနေဖြင့် သင့်ခန္ဓာကိုယ်ကို နားထောင်နေခြင်းမရှိဆိုသည်နှင့် သင့်ကိုယ်သင်လည်း နားထောင်နေခြင်းမရှိဆိုသည့်အချက်ကို ညွှန်ပြနေသည်။

မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts