ပန်းသီး

ပန်းသီး စားသုံးခြင်းကြောင့် ပျောက်ကင်းနိုင်သော ရောဂါများ

ပန်းသီး ဟာ သစ်သီးဝလံတွေထဲမှာ မျက်နှာပန်းလှသလောက် အဖိုးတန်တဲ့ သစ်သီးတစ်မယ်ပါ။ စိမ်းဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင်အသွေးက လှသလို အရသာကလည်း နူးညံ့ပြီး စွဲမက်ဖွယ် ကောင်းလှပါတယ်။ အများအားဖြင့် အချင်း ၅ စင်တီမီတာကနေ ၇ စင်တီမီတာထိ ရှိတတ်ပါတယ်။ အာဟာရဓာတ် အလွန်ကြွယ်ဝပြီး ရောဂါတွေကို ကာကွယ်နိူင်စွမ်း၊ အသားအရေကို နုပျိုလှပနိူင်စွမ်းနဲ့ ကျန်းမာသက်ရှည်စေနိူင်စွမ်း အရှိဆုံး သစ်သီးအဖြစ် ထင်ရှားလှပါတယ်။

ပန်းသီး စတင်ဖြစ်ထွန်းရာ
ပန်းသီး ကို အရှေ့ဥရောပနဲ့ အာရှအနောက်ပိုင်းဒေသတွေမှာ ရှေးကျလှတဲ့ ခေတ်တွေကတည်းက စိုက်ပျိုးဖြစ်ထွန်းနေတာ တွေ့ခဲ့ရ ပါတယ်။ အီဂျစ်နိူင်ငံ၊ ဘေဘီလုံနဲ့ ရှေးကျတဲ့ တရုတ်နိူင်ငံတွေရဲ့ မှတ်တမ်းတွေမှာ ပန်းသီးအကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ပန်းသီးကို နော်ဝေ၊ ဆွီဒင်စတဲ့ နိူင်ငံသားများကတော့ “Food of Gods” လို့ တင်စားခေါ်ဝေါ်ကြတယ်လေ။ ပန်းသီး မှာ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေ အမျိုးမျိုးရှိနေပြီး စိတ်ရော ခန္ဓာကိုယ်ကိုပါ ကျန်းမာနိူင်စွမ်းအပြည့်ရှိတယ်လို့ ယုံကြည်ထားကြလို့ပါပဲ။ အိန္ဒိယ နိူင်ငံမှာတော့ တောင်တန်းဒေသများဖြစ်တဲ့ Kashmir, Kulu နဲ့ Kumaon ဒေသတစ်ဝိုက်မှာ ပေါက်ရောက်ဖြစ်ထွန်းတာ တွေ့ရှိ ကြရပါတယ်။ ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးပေါင်း ၇၅၀၀ နီးပါးခန့် ရှိတာကိုလည်း လေ့လာ တွေ့ရှိကြရပါတယ်။ 

ပန်းသီးတန်ဖိုးနှင့် ဗီတာမင်အမျိုးမျိုး
Food Value

Hap Eye Knowledge Sharing

ပန်းသီး မှာ အာဟာရဖြစ်ထွန်းစေနိူင်စွမ်း များစွာပါရှိပါတယ်။ သတ္တုဓာတ်အမျိုးမျိုးနဲ့ ဗီတာမင်များစွာ ကြွယ်ဝတဲ့ အသီးပါ။ တန်ဖိုး ပေးရတာထက်ပိုပြီး အာဟာရပြည့်ဝနေတာ။ သကြားဓာတ်အနေနဲ့ ၉ ရာခိုင်နှုန်းကနေ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ သည်ထဲမှာ ဂလူးကို့စ် သကြား၂၅ ရာခိုင်နှုန်း၊ ကြံသကြား ၁၅ရာခိုင်နှုန်း သဘာဝ သစ်သီးအချိုဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်တယ်။ ပန်းသီးအစိမ်းဟာ အများအားဖြင့် ကစီဓာတ် အနည်းငယ်သာ ပါဝင်ပြီး မှည့်လာတဲ့အခါမှာ ချိုဆိမ့်တဲ့ ကစီဖြစ်ပေါ်လာတာပါ။ ပန်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ် ကလည်း ကစီဓာတ်တွေနဲ့အတူ တဖြည်းဖြည်း များလာတာပဲ။ သည်ထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ malic acid တွေ အများဆုံးပါဝင်နေတာပေါ့။ ပန်းသီးရဲ့ အခွံတွေ ခွာစားကြတာဟာ ဗီတာမင်စီတွေ များစွာဆုံးရှုံးကြရပါတယ်။ အခွံမှာက အတွင်းသားထက် ဗီတာမင်စီ ပိုများတယ်။ ဗီတာမင်အေ အနေနဲ့လည်း အတွင်းသားထက် အခွံမှာက ငါးဆ ပိုများနေပါတယ်။ 

Hap Eye Knowledge Sharing

ပန်းသီး ကိုအာဟာရဓာတ်ခွဲကြည့်တဲ့အခါ

ပန်းသီး ကို အာဟာရဓာတ်ခွဲကြည့်လျှင် ရေဓာတ် ၈၄.၆ ရာခိုင်နှုန်း၊ ပရိုတင်း ဝ.၂ ရာခိုင်နှုန်း၊ အဆီ ဝ.၅ ရာခိုင်နှုန်း၊ သတ္တုဓာတ် ၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒြိတ် ၁၃.၄ ရာခိုင်နှုန်း အသီးသီး ပါဝင်ပါတယ်။ ဗီတာမင် နှင့် သတ္တုဓာတ်များ အနေနဲ့ကတော့ ကယ်စီယမ် ၁၀ မီလီဂရမ်၊ ဖော့စဖရပ် ၁၄ မီလီဂရမ်၊ သံဓာတ် ၁ မီလီဂရမ်၊ ဗီတာမင်အေ ၄၀ အင်တာနေရှင်နယ်ယူနစ်၊ ဗီတာမင် E, H နဲ့ B အုပ်စု အနည်းငယ်စီ ပါဝင်ပါတယ်။ စုစုပေါင်း ၅၉ ကယ်လိုရီ ရရှိနိူင်ပါတယ်။ လူ့ခန္ဓာကျန်းမာရေးအတွက် တန်ဖိုး မဖြတ်နိူင်လောက်တဲ့ အစာကိုပြောပါဆိုရင် ပန်းသီးကိုပဲ ညွှန်းဆိုကြရမှာပါ။ ညစဉ် အိပ်ယာမဝင်မီ ပန်းသီးတစ်လုံး မှန်မှန်စားသုံးသူဟာ ကျန်းမာရေးအတွက် ဆရာဝန်ခေါ်စရာမလိုတော့ဘူးလို့တောင် အဆိုရှိခဲ့တာပဲလေ။ ပန်းသီးမှာ အဓိက ဆေးဖက်ဝင်နေတာက Pectin ပါ။ သဘာဝအစွမ်းထက် ပစ္စည်းဖြစ်ပြီး အခွံရော အသားမှာပါ ပါဝင်နေတာကို တွေ့ရပါတယ်။ Pectin ဟာ ခန္ဓာကိုယ်အတွက် အဆိပ် အတောက်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးနိူင်ဖို့ လိုအပ်နေတဲ့ gacturonic acid ကို အထောက်အပံ့လည်း ဖြစ်စေတယ်။ အစာအိမ်နဲ့ အစာလမ်းကြောင်းအတွင်းပိုင်းမှာ အစာမကြေခြင်းကို ကြေညက်စေပါတယ်။ နှလုံးအားနည်းခြင်းမှ ကာကွယ်ပေးပါတယ်။ ပန်းသီးမှာ အများဆုံးပါတဲ့ malic acid ဟာ အူ၊ အသည်းနှင့် ဦးနှောက်ကိုလည်း အများဆုံး စောင့်ရှောက်နိူင်ပါတယ်။ 

သွေးအားနည်းရောဂါ
Anaemia

Hap Eye Knowledge Sharing

ပန်းသီးမှာ Anaemia ရောဂါကို ပျောက်ကင်းစေနိူင်တဲ့ သံဓာတ်၊ အာဆင်းနစ်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်များစွာ ပါရှိနေတာ တွေ့ရပါတယ်။ လတ်ဆတ်တဲ့ ပန်းသီးရည်ကို မှန်မှန်သောက်ပေးခဲ့ရင် သိသာစွာ ရောဂါသက်သာနိူင်မှာပါ။ ပန်းသီးတစ်ကီလိုဂရမ် နေ့စဉ်စားသုံးနိူင်ရင် ပိုထိရောက်တာ တွေ့နိူင်မှာပါ။ ပန်းသီးရည် သောက်ပေးသင့်တဲ့ အကောင်းဆုံးအချိန်အခါကတော့ အစာမစားမီ တစ်နာရီခွဲ ဒါမှမဟုတ် အိပ်ရာမဝင်မီအချိန်ပဲဖြစ်ပါတယ်။ အရည်မညှစ်မီမှာ အလုံးလိုက် ရေဆေးသန့်စင်ပေးဖို့ မမေ့ပါနှင့်။ 

ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
Constipation and Diarrhoea 

ပန်းသီး

ပန်းသီးမှာ ထူးခြားတဲ့ စွမ်းအင်က ဝမ်းချုပ်ခြင်းရော၊ ဝမ်းပျက်ဝမ်းလျှောခြင်းကိုပါ သက်သာပျောက်ကင်းစေနိူင်ခြင်းပါပဲ။ ပန်းသီးစိမ်း လတ်လတ်ဆတ်ဆတ်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အနည်းဆုံး နှစ်လုံးလောက် နေ့စဉ်မှန်မှန်စားပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။ အကယ်၍ ဝမ်းပျက်၊ ဝမ်းလျှောခဲ့လျှင်တော့ ပန်းသီးကို မီးဖုတ်၍ဖြစ်စေ၊ ချက်ပြုတ်ပြီးတော့ဖြစ်စေ စားပေးပါ။ ဝမ်းပျက်ရာမှ ပုံမှန်အခြေအနေကို ပြန်လည်ရရှိနိူင်ပါတယ်။ 

ဝမ်းကိုက်ခြင်း၊ အူမကြီးရောင်ရမ်းခြင်း
Dysentery

ပန်းသီး

ပန်းသီးဟာ ကလေးလူကြီးမရွေး ရောဂါကာကွယ်ပေးတဲ့နေရာမှာ အစွမ်းထက်လှပါတယ်။ မှည့်ပြီးချိုတဲ့ ပန်းသီးကို ခြေပြီးတဲ့အခါ စားပွဲဇွန်းတစ်ဇွန်းမှ လေးဇွန်းထိ အသက်အရွယ်လိုက်ပြီး တိုက်ပေးနိူင်ပါတယ်။ အူရောင်ရောဂါ ပျောက်ကင်းစေနိူင်သလို ဝမ်းကိုက်ခြင်း ကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

အစာအိမ်ရောဂါ
Stomach Disorder

ပန်းသီး

အစာအိမ်အတွက် သဘာဝပန်းသီးဆေးနည်းတစ်မည်ကတော့ ပန်းသီးကို အစေ့အူတိုင်ဖယ်ပြီး ကြေညက်နေအောင် ကြိတ်ခြေလိုက်ပါ။ ပင်ကိုနုညက်တဲ့ ပန်းသီးနှစ်ခုကို ရပါလိမ့်မယ်။ အစာမစားမီဖြစ်စေ၊ စားနေစဉ်ဖြစ်စေ အဆိုပါ ပန်းသီးနှစ်ခုကို ပျားရည် သို့မဟုတ် သစ်ကြံပိုးခေါက်မှုန့်ဖြူးပြီးစားပေးပါ။ အာခံတွင်းထဲမှာ မြုံ့ပြီးစားပေးပါ။ မှန်မှန်စားပေးရင် အစာအိမ်မှာဖြစ်လာမဲ့ ရောဂါမှန်သမျှအတွက် ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။ အစာအိမ်အတွင်းသားကို အစာစုပ်ယူနိူင်စွမ်းကောင်းပြီး ဝမ်းတွင်းအေးစေရန် နှင့် အစာကြေညက်အောင် ပြုလုပ်ပေးပါတယ်။ ပန်းသီးစိတ်လေးတွေကို ပျားရည်တစ်ဇွန်းနဲ့ ရောမွှေ၊ နှမ်း အနည်းငယ်ဖြူးပြီး စားပေးခြင်း ဟာလည်း အစာအိမ်နှင့် အစာလမ်းကြောင်းအတွက် အလွန်ကောင်းတဲ့ အားဆေးပါ။ အစာမစားမီ စားပေးသင့်ပါတယ်။ ဒါမှ အစာကို ခြေဖျက်မယ့် အစာခြေရည်တွေ တဖြေးဖြေး ထွက်လာစေပြီး စားသမျှအစာတွေကို သွေးသားဖြစ်လွယ်စေတဲ့အတွက် ကျန်းမာဖို့ရာ အားထားသင့်လှပါတယ်။ 


ခေါင်းကိုက်ရောဂါ
Headache 

ပန်းသီး

ပန်းသီးဟာ ခေါင်းကိုက်ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိူင်စွမ်းရှိပါတယ်။ ပန်းသီးမှည့်ကို အခွံခွာ၊ ဆားလေးနည်းနည်းတို့ပြီး နံနက်တိုင်းစားပေးပါ။ အထူးသဖြင့် အစာအိမ်ထဲမှာ အစာမရှိတဲ့အခါ စားပေးသင့်ပါတယ်။ တစ်ပတ်လောက်စားပေးလျှင် အလွန် ဆိုးလှပါတယ်ဆိုတဲ့ ခေါင်းကြီးကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းများနဲ့ နာတာရှည်ခေါင်းကိုက်ရောဂါ စွဲကပ်နေသူများကိုပါ ပျောက်ကင်းချမ်းသာ စေပါတယ်။

နှလုံးရောဂါ
Heart Disease 

ပန်းသီး

ပန်းသီးဟာ နှလုံးရောဂါရှင်တွေအတွက် တန်ဖိုးရှိလှတဲ့ အသီးပါပဲ။ ပန်းသီးမှာ ပိုတက်စီယမ်နဲ့ ဖော့စဖရပ်များစွာ ပါရှိပေမဲ့ ဆိုဒီယမ်က နည်းနည်းပဲပါတာ။ ရှေးခေတ်အဆက်ဆက်ကတည်းကလည်း ပန်းသီးနဲ့ ပျားရည်ကို နှလုံးရောဂါဆေးအဖြစ် အသိအမှတ် ပြုခဲ့ကြပြီးသား ဖြစ်ပါတယ်။ California University က Dr.Elizabeth Barret-Canner ကလည်း အစားအစာမှတစ်ဆင့် ပိုတက်စီယမ် အမြောက်အများ ရရှိတဲ့သူက နှလုံးရောဂါဖြစ်ခြင်း မှ ကင်းတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပန်းသီးမှာ ပိုတက်စီယမ်များစွာ ပါရှိတဲ့အတွက် နှလုံးရောဂါဝေဒနာကို သက်သာစေနိူင်တယ်ဆိုတာ အမှန်ပါပဲရှင်။

သွေးတိုးရောဂါ
High Blood Pressure

ပန်းသီး

ပန်းသီးဟာ သွေးတိုးရောဂါရှင်တွေအတွက်လည်း အဖိုးမဖြတ်နိူင်လောက်အောင်ကို အကျိုးပြုပါတယ်။ ပန်းသီးစားရုံနဲ့ ဆီးရွှင်လာပြီး သွေးဖိအားကို ပုံမှန်အနေအထားထိ ကျဆင်းစေနိူင်စွမ်းရှိတယ်။ ကျောက်ကပ်အတွင်းမှာ ဆိုဒီယမ်ကလိုရိုဒ်တွေ လျော့စေခြင်းဖြင့်လည်း ရောဂါသက်သာရာရစေနိူင်တယ်။ တစ်သျှူးအတွင်း ဆိုဒီယမ်ပါဝင်မှုနည်းလေ ပိုတက်စီယမ်ပါဝင်မှုက များလာလေဖြစ်လို့ ရောဂါကို သက်သာလာစေနိူင်ခြင်းပါပဲ။

ဒူလာရောဂါဆိုင်ရာ ရိုးဆစ်ရောင်ရမ်းနာ
Rheumatic Afflictions

ပန်းသီး

ပန်းသီးကိုဆေးဝါးသဖွယ် မှန်မှန်စားပေးလျှင် ဂေါက်ရောဂါ အပါအဝင် အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ အရိုးအဆစ်နာခြင်းစတဲ့ ရောဂါတွေကို သက်သာစေတယ်။ သည်ရောဂါတွေဟာ ယူရစ်အက်ဆစ်အဆိပ် ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာရတာဖြစ်တော့ သွေးထဲမှာ ယူရစ်အက်ဆစ်များ တိုးပွားများပြားလာတဲ့အခါ အရိုးအဆစ်တွေဟာ ရောင်ရမ်းလာတတ်ပါတယ်။ ရုတ်တရက်ဖြစ်ပေါ်လာလေ့ရှိပြီး အလွန်ကို နာကျင်တတ်တဲ့ရောဂါပါ။ ပန်းသီးမှာ ပါဝင်နေတဲ့ malic acid တွေဟာ ယူရစ်အက်ဆစ်ရဲ့ ဂုဏ်သတ္တိကို ပြယ်စေတဲ့အတွက် ပန်းသီးစားပေးတဲ့အခါ သက်သာပျောက်ကင်းသွားတာပါ။ ပန်းသီးကို ဂျယ်လီသဖွယ် ပျစ်နှစ်အောင် ပြုတ်ပြီး နာကျင်ကိုက်ခဲတဲ့နေရာကို လိမ်းပေးလျှင်လည်း အကောင်းဆုံး လင်နမင်ကို လိမ်းလိုက်ရသလို သက်သာစေနိူင်စွမ်းရှိတာ သိရပါတယ်။

ချောင်းခြောက်ဆိုးခြင်း
Dry Cough

ပန်းသီး

ချိုမြိန်လှတဲ့ ပန်းသီးတွေက ချောင်းချောက်ဆိုးခြင်းကို ပျောက်ကင်းစေတယ်။ ချောင်းခြောက်ရက်ရှည်ဆိုးနေခဲ့ရင် ပန်းသီး ၂၅၀ ဂရမ်ကို နေ့စဉ်မှန်မှန်စားသွားပါ။ တစ်ပတ်လောက် စားပေးတဲ့အခါ ဝေဒနာရှင်းရှင်း ပျောက်ကင်းသွားစေပါတယ်။ 

ကျောက်ကပ်တွင်ကျောက်တည်ခြင်း
Kidney Stone

ပန်းသီး

ပန်းသီးက ကျောက်တည်ခြင်းကိုလည်း နိူင်နင်းပါတယ်။ အထူးသဖြင့် ပန်းသီးဖြင့် ဖောက်ထားတဲ့ အရက်ဟာ ကျောက်တည်ခြင်းအတွက် ဆေးတစ်ပါးပါပဲ။ လတ်ဆတ်သန့်ရှင်းပြီး မှည့်နေတဲ့ပန်းသီးက ဖောက်ထားတဲ့ အရက်ဟာ သည်ရောဂါကိုပိုပြီး အကျိုးဖြစ်ထွန်းပါတယ်။

မျက်စိရောဂါများ
Eye Disorder

ပန်းသီး

ပန်းသီးခွံကို နွှာပြီးမှပြုလုပ်ထားတဲ့ ပန်းသီးရည်ဟာ မျက်စိနီရဲနာနေသူတွေအတွက် အလွန်ကောင်းတဲ့ဆေးပါ။ မျက်စဉ်းခတ်လို့ရသလို ဆေးအဖြစ် စားလျှင်လည်း သက်သာပျောက်ကင်းစေနိူင်တယ်။ ပန်းသီးမျက်စဉ်းဆေးနည်းကို ဖော်စပ်လိုလျှင်တော့ အခွံတွေကို ဒယ်အိုးထဲထည့်ပြီး ရေမြုပ်အောင်လောင်းထည့်ပါ။ မိနစ်အနည်းငယ်ကြာအောင် ဆူပွတ်စေပြီး အသုံးပြုလို့ရပါတယ်။ ဆေးအဖြစ် သောက်တဲ့အခါ နှစ်သက်လျှင်ပျားရည်ထည့်သောက်ပါ။ အမှည့်လွန်တဲ့ ပန်းသီးအသားနုတွေနဲ့လည်း မျက်စိနာပေါ်မှာ ဆေးဖယောင်းချက် သဖွယ် အုံပေးနိူင်ပါတယ်။ မျက်လုံးမှိတ်ထားစေပြီး ပန်းသီးအတွင်းသား အနှစ်များနှင့် အုံထားပေးပြီး ပတ်တီးဖြင့် စည်းထားလိုက်ပါ။ အနည်းဆုံး တစ်နာရီမှ နှစ်နာရီခန့်ကြာတဲ့အခါ ပျောက်ကင်းချမ်းသာသွားပါတယ်။ 

သွားနှင့်ခံတွင်း ရောဂါကင်းရန်
Dental Disorder

ပန်းသီး

ပန်းသီးကို မှန်မှန် စားသုံးပေးခြင်းဖြင့် ပါးစပ်အာခံတွင်း ရောဂါကင်းပြီး သန့်ရှင်းစေတယ်လို့ Dr.T.T.Hanks ရေးသားတဲ့ ‘Dental Survey’ ဆိုတဲ့ စာအုပ်ထဲမှာပါရှိပါတယ်။ သည့်ပြင် အစာစားပြီးတိုင်း ပန်းသီးစားပေးခြင်းဟာလည်း သွားပွတ်တံနဲ့ သွားတိုက်သန့်ရှင်းလိုက်သလို သွားများကို သန့်ရှင်းသွားစေနိူင်တယ်လို့ ဖော်ပြထားပါတယ်။ ပန်းသီးအတွင်း အက်စစ်ပါဝင်မှုဟာ သွားများ သန့်ရှင်းစေပြီး သွားဖုံးများမှာပါ ရောဂါပိုးကင်းစင်တဲ့အပြင် သွားရည်ယိုခြင်းကိုပါ ပျောက်ကင်းစေပါတယ်။ ပါးစပ်အတွင်း သွားနဲ့ခံတွင်းမှာရှိတဲ့ ဘတ်တီးရီးယားအမျိုးမျိုးကို ပဋ္ဋိဇီဝဆေးသဖွယ် ကာကွယ်ဖယ်ရှားနိူင်စွမ်း၊ ပျောက်ကင်းစေနိူင်စွမ်းရှိတာကြောင့် သွားများကို ပိုးမစားရန်နဲ့ ခိုင်ခံ့ရန် စောင့်ရှောက်ပေးတဲ့ သဘာဝသစ်သီးတစ်မျိုးပါ။ 

ကြံ့ခိုင်ကျန်းမာ သက်ရှည်စွာနေနိူင်ဖို့ 
Promote Vigour and Vitality

ပန်းသီး

ပန်းသီးဟာ ကိုယ်ခံစွမ်းအား ကျဆင်းနေသူ၊ အားအင်ချည့်နဲ့နေသူတွေအတွက် အစာကို ကြေညက်စေပြီး ခံနိူင်ရည်တုံ့ပြန်စွမ်းအား (resistant) ကို တိုးပွားစေနိူင်ပါတယ်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးရဲ့ ချို့ယွင်းချက်မှန်သမျှ ဖယ်ရှားပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေတယ်။ ပန်းသီးမှာ အခြားသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထက် ဖော့စဖောရပ်နဲ့ သံဓာတ်တွေ ပိုပြီး ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတည်ဆောက်မှုအတွက် သာလွန်ကောင်းမွန်ရုံမကသေးဘဲ ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက် စေပါတယ်။ ပန်းသီးကို နွားနို့နဲ့ဖျော်ပြီး မှန်မှန်သောက်သုံးပေးလျှင် အမြဲတမ်းကျန်းမာရွှင်လန်းပြီး ရောဂါကင်းစင်နေမယ့်အပြင် အသားအရေကို သန့်ရှင်းလတ်ဆတ်တောက်ပစေပါတယ်။ ရုပ်ရည်ကိုလည်း ရှိရင်းထက်ပိုပြီး နုပျိုလာစေတယ်။ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ ဝန်ထမ်းများအတွက်တော့ အညောင်အညာ ကိုက်ခဲတာတွေမှန်သမျှ ပြေလျော့ကျနိူင်စွမ်း ရှိပါတယ်။

အသုံးပြုပုံ 
Uses

ပန်းသီး

ပန်းသီးကို အချိုပွဲအဖြစ် သူ့ချည်းသက်သက်ဖြစ်စေ၊ အခြားသစ်သီးများနဲ့ တွဲဖက်၍ဖြစ်စေ စားသုံးလေ့ရှိပါတယ်။ ပန်းသီးဖျော်ရည်၊ ပန်းသီးခြောက်၊ ပန်းသီးဂျယ်လီ စသည်ဖြင့် စာတက်ကြတယ်။ ဟင်းချက်စား၊ မီးဖုတ်စားလို့ရသလို မုန့်လုပ်ပြီးတော့လည်းစားနိူင်ပါတယ်။ ပန်းသီးဝိုင်နဲ့ ပန်းသီအချဉ်ရည်လည်း ပြုလုပ်စားသုံးကြတယ်။ လတ်ဆတ်သော ပန်းသီးဖျော်ရည်တစ်ခွက်ဟာ အစားအစာတွေ ထဲမှာတော့ အကောင်းဆုံးသော နုပျိုကျန်းမာစေတဲ့ ဆေးပါပဲ။

ကြိုတင်ကာကွယ်ခြင်း
Precaution 

ပန်းသီး

အစာမကြေလေပွဖြစ်တတ်ကြလျှင် အစာမစားခင်တိုင်း ပန်းသီးရည်သောက်ပေးလေ့ ရှိပါတယ်။ အစာအဆိပ်သင့်ခြင်း ကင်းဖို့ကိုလည်း ပန်းသီးစားပေးရပါတယ်။ အကယ်၍ အစာအဆိပ်သင့်ပါက ပန်းသီးရည်သောက်ပေးလျှင် ချက်ချင်းပြေကျသွားရပါတယ်။ ပန်းသီး စားခြင်းဖြင့် ကျန်းမာနုပျိုစေနိူင်တာ အမှန်ဖြစ်ပေမဲ့ အရေးကြီးတာက သန့်ရှင်းတဲ့ ပန်းသီးတော့ ဖြစ်ရပါမယ်။ ဒါကြောင့် ပန်းသီးကို မစားမီမှာ အလုံးလိုက် ရေစင်အောင်ဆေးပြီးမှ စားသုံးကြဖို့ အကြံပြုလိုက်ရပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts