ယခုအခါတွင် အလုပ်ဆင်းရန် ကျွန်တော်၏အခန်းမှ ထွက်လာသောအခါ ဓာတ်လှေကားမောင်းသမားကို ပြုံး၍ နှုတ်ဆက်ပါသည်။ တံခါးစောင့်ကို ပြုံး၍ နှုတ်ဆက်ပါသည်။ ငွေအကြွေသွားလဲသောအခါ ငွေထိန်းကို ပြုံး၍ နှုတ်ဆက်ပါသည်။ အလုပ်တိုက်သို့ ရောက်သောအခါ ရှေးအခါက ကျွန်တော်ပြုံးသည်ကို တစ်ခါဖူးမျှ မတွေ့ဖူးသောသူများကိုလည်း ကျွန်တော် ပြုံးပြပါသည်။
လူတိုင်းကလည်း ကျွန်တော် ပြုံးသလို ပြန်၍ ပြုံးသည်ကို တွေ့ရပါသည်။ ကျွန်တော့်ထံသို့ အကြောင်းတစ်ခုခုနှင့် တိုင်တန်းရန် လာကြသောသူများကိုလည်း ကြည်သာရွှင်ပျစွာ လက်ခံစကားပြောပါသည်။ သူတို့၏ တိုင်တန်းချက်များကို ပြောကြားနေစဉ် ကျွန်တော်၏ မျက်နှာကို ခပ်ချိုချိုထား၍ နားထောင်သောကြောင့် တစ်ဦးနှင့်တစ်ဦး စေ့စပ်ရာတွင် များစွာလွယ်ကူကြောင်းကို တွေ့ရပါသည်။ ပြုံးသည့်အလေ့အထကိုလုပ်မှ နေ့စဉ် ဝင်ငွေပို၍ လာသည်ကို ကျွန်တော် တွေ့ရပါသည်။
ကျွန်တော်သည် အခြားပွဲစားတစ်ဦးနှင့်စပ်၍ အလုပ်ခန်းဖွင့်ထားပါသည်။ ထိုပွဲစား၏ စာရေးတစ်ဦးသည် အလွန်သဘောကောင်းသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ လူများနှင့် ဆက်ဆံရာတွင် အသုံးဝင်သော ကျွန်တော်၏လက်တွေ့နည်းကောင်းကို ကျွန်တော်သည် ထိုစာရေးအား ပြောပြပါသည်။ ကျွန်တော့်ကို မြင်စက ထိုစာရေးသည် ကျွန်တော့်အား အလွန်မျက်နှာပေါက်ဆိုးသော လူတစ်ယောက်ဟု အထင်ရောက်ခဲ့သော်လည်း ကျွန်တော်ပြုံးသည်ကို မြင်ရသောအခါမှ ထိုသူငယ်သည် သူ၏စိတ်ထားကို ပြောင်းပစ်ပါသည်။ ကျွန်တော်၏မျက်နှာသည် ပြုံးသောအခါတွင် အလွန်ကြည်လင်လာသည်ဟု ထိုစာရေးက ဝန်ခံပါသည်။
တစ်ဖက်သားကို အပြစ်တင်တတ်သော ဝါသနာကိုလည်း ကျွန်တော်သည် တစ်ခါတည်း အမြစ်က လှန်လိုက်ပါပြီ။ အပြစ်တင်ရမည့်နေရာတွင် ချီးမွမ်းခြင်းနှင့် အားပေးခြင်းစနစ်ကို အသုံးပြုပါသည်။ ကျွန်တော်ဘာအလိုရှိသည်ကိုသာ ထုတ်ဖော်ပြောဆိုသော အကျင့်ကိုလည်း ဖျောက်ပစ်ပြီးလျှင် တစ်ဖက်သား၏ ယူဆချက်ကို ကြိုးစားပြီး ရှာဖွေထောက်လှမ်းလျက် ရှိပါသည်။ အထက်ပါ အလေ့အကျင့်များသည် ကျွန်တော့်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်လိုက်ပါသည်။ ယခုအခါ ကျွန်တော်သည် ရှေးကနှင့် မတူတော့ပါ။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ မိတ်ဆွေပေါများခြင်းတို့နှင့် ပြည့်စုံလျက်ရှိပါသည်။ နောက်ဆုံး အချုပ်ပြောရလျှင် လောကမှာ ဒီဟာတွေသာ အဖိုးတန်ဆုံး ဖြစ်ပါသည် ခင်ဗျား။
အထက်ပါစာကို ရေးသောသူသည် သာမညပုဂ္ဂိုလ် မဟုတ်ပါ။ လူရေးလူရာတွင် ကျွမ်းကျင်ပါးနပ်ပြီးလျှင် တစ်ရာကို ကိုးဆယ့်ကိုးယောက်မျှ ပျက်စီးသွားလောက်အောင် ခဲယဉ်းသော ငွေရောင်းငွေဝယ်လုပ်ငန်းကြီးကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်းကို အစဉ်သတိရပါ။
သင်သည် မပြုံးချင်ဘူးလား။ ပြုံးရန် ဝါသနာမပါဟုဆိုလျှင် ဘာလုပ်ရမလဲ။ ကောင်းပါပြီ။ ရှေးဦးစွာ သင့်ကိုယ်ကိုပြုံးရန် အတင်းတိုက်တွန်းပါ။ တစ်ယောက်တည်း ရှိသောအခါ သီချင်းဆိုရန်သော်လည်းကောင်း၊ ပါးစပ်ဆိုင်းတီးရန်သော်လည်းကောင်း၊ လေချွန်ရန်သော်လည်းကောင်း သင့်ကိုယ်ကို သင် တိုက်တွန်းပါ။ စိတ်ထဲက ပျော်နေဘိသကဲ့သို့ သင့်ကိုယ်ကို လှုပ်ရှားပေးပါ။ ထိုအခါ သင်သည် တကယ်ပျော်လာပေလိမ့်မည်။
ဟားဗတ်ယူနီဗာစီတီ၏ ပရော်ဖက်ဆာ ဝီလျံဂျိမ်းသည် အောက်ပါအတိုင်း ပြောဆိုဖူးလေသည်။ ‘ဝေဒနာ’ ပေါ်ပြီးမှ ကိုယ့်အလိုက် ကိုယ်အမူအရာ ဖြစ်ပေါ်ဟန် လက္ခဏာရှိသော်လည်း စင်စစ်မှာမူကား ဝေဒနာနှင့် ကိုယ်အမူအရာတို့သည် တစ်ချိန်တည်း ဖြစ်ပေါ်နေကြလေသည်။ စိတ်၏တိုက်ရိုက်ချုပ်တည်းမှုကို ပို၍ ခုခံလျက်ရှိသော ကိုယ်အမူအရာကို အကျင့်လုပ်ပေးခြင်းဖြင့် စိတ်၏ ချုပ်တည်းခြင်းကို မခံရသော ဝေဒနာကို ကျွန်ုပ်အလိုရှိသည့်အတိုင်း သွယ်ဝိုက်၍ ဖန်တီးနိုင်လေသည်။
‘ထို့ကြောင့် စိတ်ညစ်နေသောအခါ စိတ်ရွှင်လာအောင်လုပ်ရန် အကောင်းဆုံးနည်းသည် အကယ်စင်စစ် ပျော်ရွှင်နေဘိသကဲ့သို့ နေထိုင်ပြောဆို လှုပ်ရှားသွားလာခြင်းပင် ဖြစ်လေသည်။ ကမ္ဘာပေါ်ရှိ လူတိုင်းပင် ချမ်းသာခြင်းကို တောင့်တကြ၏။ ထိုတောင့်တသော ချမ်းသာခြင်းကိုရရန် ပွဲတွေ့နည်းလမ်း တစ်လမ်းသာ ရှိ၏။ ထိုနည်းသည် ကျွန်ုတို့စိတ်ကူးများကို အကျင့်လုပ်ပေးရန်ပင် ဖြစ်၏။ ချမ်းသာခြင်းသည် ကိုယ်တွင်းရှိ အကြောင်းများအပေါ်မှာသာ တည်မြဲလျက် ရှိသည်။ ကိုယ်ပြင်ပရှိ အကြောင်းများပေါ်မှာ မတည်ရှိချေ။
သင့်တွင် ဘာရှိသည်၊ သင်သည် ဘယ်သူဖြစ်သည်၊ သင်သည် ဘယ်မှာရှိသည်၊ သင်သည် ဘာလုပ်နေသည် စသောအရာများသည် သင့်ကို စိတ်ချမ်းသာအောင်သော်လည်းကောင်း၊ စိတ်ညစ်အောင်သော်လည်းကောင်း မပြုလုပ်နိုင်ချေ။ ထိုအရာများအပေါ်တွင် သင်သည် ဘယ်ကဲ့သို့ သဘောထားသည်ဆိုသော စိတ်သာလျှင် သင့်ကို ချမ်းသာအောင်သော်လည်းကောင်း၊ စိတ်ညစ်အောင်သော်လည်းကောင်း ပြုလုပ်နိုင်လေသည်။ သက်သေပြအံ့။ လူနှစ်ယောက်သည် ငွေရေးကြေးရေး၊ ဂုဏ်ဒြပ်မှစ၍ အတူတူပင် ဖြစ်၏။ အလုပ်ကိုလည်း အတူတူ လုပ်၏။ သို့ရာတွင် တစ်ယောက်သည် စိတ်ချမ်းသာ၍ အခြားတစ်ယောက်မှာမူ စိတ်မချမ်းသာချေ။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်းဆိုသော် ထိုသူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိတ်ထားချင်း မတူသောကြောင့်ပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်၏။ အမေရိကန် လူချမ်းသာများနေသော ပတ်အဲဗင်းနျူး ခေါ် ရပ်ကွက်တွင် ချမ်းသာရွှင်ပျသော မျက်နှာမြောက်မြားစွာကို မြင်ရဘိသကဲ့သို့ တရုတ်ပြည်၏ အလွန်ပူပြင်းသော ဥတုတွင် တစ်နေ့လျှင် ပိုက်ဆံတစ်မတ်ခန့်မျှရ၍ ချွေးဒီးဒီးကျအောင် အလုပ်ပင်ပန်းစွာ လုပ်နေရသော တရုတ်ကူလီများအထဲတွင်လည်း ချမ်းသာရွှင်ပျသော မျက်နှာမြောက်များစွာကို ကျွန်ုပ်တွေ့မြင်ခဲ့ရဖူး၏။