အောင်မြင်ကြီးပွားဖို့အတွက် ဆရာကောင်းကို ဆည်းကပ်ဖို့လိုတယ်။ ဆရာမှားလို့ ငရဲလားရတာမျိုးတွေလည်း ဇာတ်တော်မှာပါတယ်။
အောင်မြင်လိုတဲ့သူက ဆရာကောင်းရဲ့အရိပ်ကို ခိုရတယ်။ ဆရာ့ဆီကပညာကို ရအောင်ယူရပါတယ်။ ပညာသာမကဘဲ မေတ္တာပါရအောင် ယူနိုင်ဖို့လိုတယ်။ ဆရာ့မေတ္တာရရင် ဆရာက ပညာပေးရုံမကလိုအပ်တဲ့ လမ်းညွှန်မှုလေးတွေပါ ပေးလိမ့်မယ်။
ဆရာ့အရိပ်ကို တစ်သက်လုံး ခိုနေတာမျိုးတော့ အားမပေးပါဘူး။ ဆရာ့ထံက အထိုက်အလျောက်ပညာရလို့ ကိုယ့်အခြထောက်ပေါ် ကိုယ်ရပ်နိုင်ရင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရမယ်။ ဆရာ့အရိပ်ကို တစ်သက်လုံးခိုနေရင် လောင်းရိပ်မိမယ်။ ကိုယ့်အခြေထောက်ပေါ် ကိုယ်ရပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုလည်း အမြဲထားပြီး ဆရာ့ပညာရအောင် ယူနေရမယ်။ ကိုယ်ပိုင်လုပ်ငန်း ထူထောင်မယ်ဆိုရင် ဆရာကို ခွင့်တောင်းမယ်။ ဆရာ့မေတ္တာရထားရင် ထူထောင်မယ့်လုပ်ငန်းကို ဆရာက ကြည်ကြည်ဖြူဖြူအားပေးအားမြှောက် လုပ်ပါလိမ့်မယ်။
ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။