ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း - ၈)

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၈)

မကြာခဏ လက်ထပ်ကြသော ဒီဗာနီညီနောင်တို့သည် အဘယ်ကြောင့် မယားအရ ကံကောင်းကြပါသလဲ။ မင်းသားများဟု အမည်တွင်သည့် ထိုညီအစ်ကိုနှစ်ဦးသည် ကျော်ကြားထင်ရှားသော ရုပ်ရှင်မင်းသမီးနှစ်ဦး၊ ကမ္ဘာကျော် ဇာတ်သမကြီးတစ်ဦးနှင့် သန်းပေါင်းများစွာ ချမ်းသာသော ဘာဘရာ ဟတ်တန် တို့ကို အဘယ်ကြောင့် ရအောင် ယူနိုင်ကြပါသနည်း။ အဘယ်ကြောင့်နည်း။ ဤသို့ ရအောင် သူတို့သည် မည်ကဲ့သို့ လုပ်ကြသနည်း။

‘ဒီဗာနီ ညီအစ်ကိုတို့၏ မိန်းမတွေကို စွဲစေသော မက်လုံးသည် ဘယ်အရာများ ဖြစ်ပါသနည်း’ ဟူသော ပြဿနာများမှာ များစွာသော လူတို့ နှစ်ပေါင်းများစွာ မဖြေနိုင်သော ပြဿနာတစ်ရပ်ပင် ဖြစ်လေသည်။

ကမ္ဘာကြီးနှင့် ယောက်ျားများအကြောင်းကို ကောင်းစွာ သိကျွမ်းပါးနပ်ပြီးဖြစ်သူ နိုင်ငံကျော်ရုပ်ရှင်မင်းသမီး ပိုလာနီဂရိသည် ထိုပြဿနာကို ကျွန်ုပ်အား တစ်ခါက ရှင်းပြဖူး၏။ ပိုလာနီဂရိက ‘ကျွန်မ တွေ့ဖူးသော ယောက်ျားတွေထက် သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ တစ်ဖက်သားကို မြှောက်ပင့်တဲ့ အတတ်ကို ပိုပြီး ကျွမ်းကျင်ကြတယ်၊ ယခုလို အစစ်အမှန်ကို လိုက်နေတဲ့ ခေတ်ကြီးထဲမှာ မြှောက်ပင့်တတ်တဲ့အတတ်ဟာ ကွယ်ပျောက်သလောက် ဖြစ်နေတယ်၊ ဒီလို မြှောက်ပင့်တတ်တဲ့ အစွမ်းဟာ ဒီဗာနီညီအစ်ကိုတို့၏ မိန်းမများကို စွဲစေသည့် မက်လုံးများဖြစ်ကြောင်းကို ကျွန်မ အမှန်သိတယ်’ ဟု ထုတ်ဖော်ပြောပြသည်ဟူ၍ အဒီလာ ရော်ဂျားစိန့်ဂျွန် ဆိုသူက လစ်ဘာတီ မဂ္ဂဇင်း၏ ဆောင်းပါးတစ်ခုတွင် ထုတ်ဖော်ရေးသားခဲ့ဖူးလေသည်။

ဝိတိုရိယဘုရင်မကြီးပင်လျှင် အမြှောက်ကြိုက်၏။ ဘုရင်မကြီးနှင့် ဆက်သွယ်ရာတွင် အလွန်အကျူး မြှောက်ပင့်ခဲ့သည်ဟူ၍ ဒစ်ဇရေလီက ဝန်ခံ၏။ ‘ကျွန်ုသည် အားရပါးရ မြှောက်ပင့်သည်’ ဆိုသောစကားသည် ဒစ်ဇရေလီကိုယ်တိုင် ဝန်ခံသောစကားကို မူရင်းအတိုင်း ပြန်၍ရေးသားလိုက်ခြင်းဖြစ်သည်။ ဒစ်ဇရေလီသည် ကျယ်ပြန့်လှသော ဗြိတိသျှနိုင်ငံတော်ကို အုပ်စိုးခဲ့ဖူးသော လူများထဲတွင် အယဉ်ကျေးဆုံး အကျွမ်းကျင်ဆုံး အပါးနပ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ သူ့လုပ်ငန်းမျိုးတွင် သူသည် ပဂေးတစ်ဆူဖြစ်၏။ မြှောက်ပင့်ခြင်းသည် အကျိုးရှိရန်ထက် ဘေးတွေ့ရန်က ပို၍များလေသည်။ မြှောက်ပင့်ခြင်းသည် အစစ်မဟုတ် အတုမျှသာ ဖြစ်၏။ ငွေဒင်္ဂါးတုကို သုံးမိသကဲ့သို့ သင့်ကို နောက်ဆုံးတွင် ဘေးတွေ့အောင် လုပ်မည်ဖြစ်၏။

ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းတို့သည် ဘယ်ကဲ့သို့ ခြားနားကြသနည်း။ အဖြေသည် အလွယ်ကလေးပင် ဖြစ်၏။ ချီးမွမ်းခြင်းသည် ရိုးဖြောင့်၏။ မြှောက်ပင့်ခြင်းသည် မရိုးဖြောင့်။ ချီးမွမ်းခြင်းသည် ဝမ်းထဲ စိတ်ထဲမှ ထွက်လာ၏။ မြှောက်ပင့်ခြင်းသည် နှုတ်ဖျားမှ ထွက်လာ၏။ ချီးမွမ်းခြင်းသည် အချီးမွမ်းခံရသူအတွက် အကျိုးဖြစ်ရန် ရည်စူး၏။ မြှောက်ပင့်ခြင်းမှာမူကား မြှောက်ပင့်သူအတွက်သာ အကျိုးဖြစ်ရန် ရည်စူး၏။ ချီးမွမ်းခြင်းကို အားလုံးသော လူများသည် မြတ်နိုးကြ၏။ မြှောက်ပင့်ခြင်းကို စက်ဆုပ်၏။

မက္ကဆီကိုမြို့တော်ရှိ ချပူးတီးပက်နန်းတော်အတွင်းတွင် ဂျင်နရယ် အိုဗရီဂွန်၏ ကိုယ်ထက်ဝက်ရုပ်တစ်ခုကို တွေ့မိ၏။ ထိုအရုပ်အောက်တွင် ‘သင့်ကို ဝိုင်းတိုက်သော ရန်သူများကို မကြောက်ပါနှင့်၊ သင့်ကို ဝိုင်းမြှောက်နေသော မိတ်ဆွေများကို ကြောက်ပါ’ ဟူသော အိုဗရီဂွန်၏ အယူအဆစာလုံးများကို ထွင်းထားလေသည်။

ကျွန်ုပ်သည် မြှောက်ပင့်ရမည်ဆိုသောအကြံကို သင်တို့ကို ပေးနေသည် မဟုတ်ပါ။ ဤလို အကြံမျိုးကို ပေးရန် ဝေးလေစွ။ လူများနှင့် ဆက်ဆံပေါင်းသင်းရာတွင် အသုံးပြုရန် နည်းသစ်နည်းကောင်းတစ်ခု အကြောင်းကိုသာ ကျွန်ုပ် ပြောနေခြင်းဖြစ်ပေသည်။ တစ်ကြိမ်ထပ်၍ ပြောပါရစေ။

‘လူများနှင့် ဆက်ဆံပေါင်းသင်းရာတွင် အသုံးပြုရန် နည်းသစ်နည်းကောင်းတစ်ခု အကြောင်းကိုသာ ကျွန်ုပ်ပြောနေခြင်း ဖြစ်ပါသည်။’

ပဉ္စမဂျော့ဘုရင်သည် ဘတ်ကင်ဟမ်နန်းတော်တွင်းရှိ သူအလုပ်လုပ်သော အခန်း၏နံရံပေါ်တွင် စကားပုံ ခြောက်ခုကို ရေးဆွဲထား၏။ ယင်းတို့အနက် တစ်ခုသည် ‘အပေါစား ချီးမွမ်းခြင်းကို ကျွန်ုပ်ကိုယ်တိုင် ခံယူရန်သော်လည်းကောင်း၊ ကျွန်ုပ်က ပေးရန်သော်လည်းကောင်း ကျွန်ုပ်အား မသင်ကြပါနဲ့’ ဟူ၍ပင် ဖြစ်လေသည်။ အပေါစား ချီးမွမ်းခြင်းဆိုသည်မှာ မြှောက်ပင့်ခြင်းပင် ဖြစ်သည်။ တစ်ဖန်ပြန်၍ ဖော်ပြရန်ကောင်းသော မြှောက်ပင့့်ခြင်း၏ အဓိပ္ပာယ်အရှည်ကောက်ကို ကျွန်ုပ်သည် တစ်ခါက ဖတ်ရဖူး၏။

‘မြှောက်ပင့်ခြင်းသည် မြှောက်ပင့်ခံရသူအား သူ့ကိုယ်ကိုယ်သူ ထင်နေသည့်အတိုင်း တသဝေမတိမ်း ပြောပြခြင်းဖြစ်လေသည်’ ‘သင်သည် မည်သည့်စကားကိုပြောပြော သင့်အကြောင်းကလွဲ၍ တခြားအကြောင်းကို မပြောနိုင်ချေ’ ဟူ၍ ဝေါ်ဒို အီမာဆန်က ပြောပြဖူး၏။

ကျွန်ုပ်တို့ လုပ်ရန်အလုပ်သည် မြှောက်ပင့်ရုံသာဆိုလျှင် လူတိုင်း ထိုအလုပ်ကို လုပ်ကြပြီးသော် ကျွန်ုပ်တို့အားလုံးသည် ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းတွင် အထူးနှံ့စပ်ကျင်လည်သူများချည်း ဖြစ်နေကြပေမည်။

ကျွန်ုပ်တို့သည် ပြဿနာတစ်ခုခုကို စဉ်းစား၍မနေသောအခါများတွင် ကျွန်ုပ်တို့ပိုင်အချိန်၏ ၉၆ ရာခိုင်နှုန်းကို ကျွန်ုပ်တို့၏အကြောင်းကိုသာ စဉ်းစားနေခြင်းဖြင့် အချိန်ကုန်လွန်ကြစေ၏။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အကြောင်းကိုသာ တွေးတောနေခြင်းကို ခေတ္တခဏမျှလောက်ရပ်စဲ၍ အခြားသောသူများ၏ ကောင်းသောအချက်များကို စတင်စဉ်းစားမိပါလျှင် ပါးစပ်က မထွက်မီကပင် မြှောက်လုံးပင့်လုံးများဖြစ်ကြောင်းကို ကြိုတင်၍ သိနိုင်သော အဖိုးမတန်၍ မဟုတ်မမှန်သည့် အမြှောက်အပင့်တို့ကို အသုံးပြုရသော အခြေသို့ ကျွန်ုတို့ ဆိုက်ရောက်ကြမည် မဟုတ်ပေ။

ကျွန်ုပ်တွေ့ရသော လူတိုင်းတို့သည် တစ်နည်းနည်းဖြင့် ကျွန်ုပ်ထက် သာသောသူများဖြစ်သည်ဟု မှတ်လိုက်၏။ သို့မှသာ ကျွန်ုပ်သည် ထိုသူများ၏အကြောင်းကို သိနိုင်၏။ ဟု အီမာဆန်က ပြောဖူးလေသည်။

ဤစကားသည် အီမာဆန်လို ပညာရှင်ကြီးတစ်ဦးအဖို့ မှန်ကန်ခဲ့လျှင် သင်နှင့်ကျွန်ုပ်တို့အဖို့ အဆပေါင်းတစ်ထောင်လောက် ပို၍မမှန်ပေဘူးလား။ ကျွန်ုပ်တို့ အောင်မြင်ခဲ့သည့် အရာများနှင့် ကျွန်ုပ်တို့ လိုလားတောင့်တချက်များကိုသာ တွေးတောခြင်းကို ရပ်စဲကြပါစို့။ အခြားလူများ၏ ကောင်းသော အချက်များကိုလည်း ကြိုးစား၍ ရှာဖွေကြပါစို့။ ထိုသို့ ရှာပြီးသောအခါ မြှောက်လုံးပင့်လုံးများကို မေ့ပစ်ကြပါစို့။ ရိုးသားဖြောင့်မှန်၍ စိတ်ထဲကပါသော ချီးမွမ်းခြင်းကို ပြုပါလေ။ ထောက်ခံရန်ကိစ္စ ပေါ်လာလျှင် ‘စိတ်ရောကိုယ်ပါ ထောက်ခံ၍ ချီးမွမ်းစရာရှိလျှင် ရက်ရက်ရောရော ချီးမွမ်းပါ။ ထိုအခါ လူတို့သည် သင်၏စကားများကို အလေးအမြတ်ပြု၍ ဆည်းပူးထားကြပြီးလျှင် ထိုစကားတို့ကို သင်ကိုယ်တိုင် မေ့သွားသော်လည်း ထိုလူများကမူကား သက်ဆုံးတိုင် အကြိမ်ကြိမ်အဖန်ဖန် ပြောဆိုသုံးစွဲလျက် ရှိကြမည်ဖြစ်၏။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts