စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့တွင် ခုနှစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။
ဂေါတမမြတ်စွာဘုရား ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။
ထိုဇာတ်တော်တွင် သစ္စာတော်၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။
ဇာတ်တော်၏အကြောင်းအရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသတီမင်း၏သား ဧကရာဇ်အမည်ရှိသော မင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီးတစ်ဦးရှိရာ ထိုအမတ်သည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။
တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားတစ်ဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့််စီရင်ပေးသည်။ ထိုအခါမှ စ၍ လူအများက မင်းသားကိုကြည်ညိုလျက် အမတ်ကြီးကို ရွံမုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။
တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်သို့ အိမ်မက်တွင်မြင်မက်သဖြင့် နတ်၏စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီးခဏ္ဍဟာလကို ခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာ မင်းသားကို သတ်ဖြတ်ခွင့် ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ် ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊ နွား၊ မြင်း စသည်တို့ကို ယစ်ပူဇော်ရမည်ဟု ပြောကြားသည်။
မင်းလည်း ယုံကြည်၍ သားသမီး မိဖုရားတို့ကို သတ်ရန်ဆောင်ယူစေသည်။ စန္ဒကုမာရမင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများမသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါခဲ့သည်။
ဧကရာဇ်မင်း၏ ယစ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော်၊ မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင့်ဖျဆုံးသည်။ သိုသော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါသားတော် စန္ဒကုမာရမင်းသားနှင့် တကွ သားမယားများ၊ မူးမတ်များနှင့်တကွ သားမယားများတို့က တစ်လှည့်စီ ငိုကျွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယစ်ပူဇော်ခြင်းအစီအစဉ်ကို ဖျတ်သိမ်းသည်။
သို့ရာတွင် အမတ်ကြီးကြား၍ မင်းအားလှည့်ဖျား တိုက်တွန်းပြန်သော် မင်းလည်း ယစ်အစီအစဉ်ကို ပြုမြဲပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံး ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။
နောက်ဆုံးတွင် မင်းသား၏မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုးကွယ်ရန်ရှိတော့သည်ဟု အောက်မေ့၍ သစ္စာအဓိဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာဘဲသံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။
မင်းလည်းကြောက်ရွံ့၍ မင်းသားတို့ကို လွှတ်သည်။ ပြည်သူများလည်း အမတ်ကြီးကို ခဲ၊ အုတ် တို့ဖြင့်ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ဘဲ ဒွန်းစဏ္ဍးအဖြစ် အဝတ်နွမ်းကို ပေးလျက် နှင်ထုတ်သည်။ စန္ဒကုမာရမင်းသားလည်း ထီးနန်းကိုရရှိသည်။
ဇာတ်ပေါင်းသော် ဂေါတမမြတ်စွာဘုရား၏ လက်ထပ်တွင် ခဏ္ဍဟာလပုဏ္ဏးသည် ဒေဝဒတ်၊ စန္ဒကုမာရမင်းသားသည် မြတ်စွာဘုရား၊ စန္ဒကုမာရမင်းသား၏ မယ်တော်ဂေါတမီမိဖုရားသည် မြတ်စွာဘုရား၏ မယ်တော်၊ မင်းသား၏ မိဖုရားစန္ဒဒေဝီကား ယသော်ဓရာ၊ စန္ဒကုမာရမင်းသား၏သား ဝသုလ-ကား ရာဟုလာ၊ ညီတော် ဝါမဂေါတ္တ-ကား ရှင်မဟာ ကဿပမထေရာဇ်၊ ဘဒ္ဒသေနညီတော်-ကား လက်ဝဲရှင်မောဂ္ဂလန်၊ ညီတော်သူရိယ ကုလာရ-ကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီးဖြစ်လာသည်။
10 Previous Life Of Buddha Edited By Buddha Knowledge Application