ဝိဓူရဇာတ်တော်ကြီး

နာရဒဇာတ်​တော်​ကြီး

နာရဒဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့တွင် ရှစ်ခုမြောက် ဇာတ်တော် ဖြစ်သည်။

မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်အနီး နွယ်ချိုတောတွင် သီတင်းသုံးတော်မူစဉ် ဥရုဝေလတောတွင်း၌ ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ တည်းဟူသော ရသေ့ညီနောင် သုံးဦးနှင့်တကွ တပည့်များအား မိစ္ဆာဒိဋ္ဌိအယူမှ ချွတ်သည်ကို အကြောင်းပြု၍ နာရဒဇာတ်တော်ကို ဟောကြားတော်မူသည်။

ထိုဇာတ်တော်ကား အောက်ပါအတိုင်း ဖြစ်သည်။

ဝိဒေဟရာဇ်တိုင်း၊ မိတ္ထိလာမြို့ကို အင်္ဂတိမင်းကြီးက အုပ်ချုပ်တယ်။။ မင်းကြီးဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီးတော့ ဒါနပြု၊ သီလဆောက်တည်၊ ဘာဝနာပွားပြီးနေတယ် ။ မင်းကြီးရဲ့ဒါနပြုပုံ ပြုနည်း တွေကတော့ မြို့ရဲ့ လေးပြင်လေးရပ်တွေမှာ အလှူမဏ္ဍပ်တွေ ဆောက်လုပ်ပြီး နေ့စဉ်အလှုတွေပေးတာပါ။

တစ်နေ့မှာတော့ မင်းကြီးဟာ စိတ်ပျော်ရွှင်နိုင်တဲ့ နည်းလမ်းတွေကို အလာတစစ်သူကြီး၊ သုနာမ အမတ်ကြီး နဲ့ ဝိဇယ အမတ်ကြီး တွေကို မေးတယ်။ ဝိဇယ အမတ်ကြီးရဲ့ ပေးတဲ့အကြံဉာဏ်ကြောင့် မင်းကြီးနဲ့ အမတ်တွေဟာ ကဿပတက္ကတွန်း ထံ ချဉ်းကပ်မိကြတယ်။

ကဿပတက္ကတွန်းရဲ့ အယူအဆတွေဖြစ်တဲ့ ”တရားကျင့် သောသူအား ကောင်းကျိုးမရှိ၊ မ ကောင်းကျိုးလည်းမရှိ၊ နောက်ဘဝဆိုတာမရှိ၊ သံသရာဆိုတာမရှိ၊ ဒါနပြုရန်မလို၊ သီလ ဆောက်တည်ရန် မလို၊ လက်ရှိဘဝမှာပဲ မကြောင့်မကြ ပျော်ရွှင်စွာ နေထိုင်ရန် လိုအပ်သည်” စတဲ့ နတ္ထိကဝါဒ ရှိသည့် စကားတွေကို ကြားကြရတယ်။

ကဿပတက္ကတွန်းရဲ့ စကားကို ကြားရတဲ့အခါ မင်းကြီးနဲ့ ပါလာတဲ့ အလာတစစ်သူကြီး က သူဟာ ရှေးဘဝက ဗာရာဏသီပြည်မှာ ပိင်္ဂလဆိုတဲ့နာမည်နဲ့ နွားသတ်သမားဖြစ်ပြီးတော့ ကျွဲ, နွား, ဝက်, ဆိတ် တွေ ကိုသတ်ပြီး မကောင်းမှုတွေအမြောက်အများကို ပြုခဲ့တဲ့အကြောင်း၊ ဒီ နွားသတ်ယောက်ျားဘဝမှ သေလွန်ပြီးတော့ မိတ္ထိလာပြည် စစ်သူကြီး မျိုးရိုးမှာ အခု အလာတစစ်သူကြီး တစ်ယောက်အနေနဲ့  ဖြစ်လာတဲ့ အကြောင်း ပြောဆိုတယ်။ ဒီလိုဖြစ်တဲ့အတွက် မကောင်းမှုဆိုတာ အကျိုးမရှိပါ။ အမှန်တကယ် အကျိုးရှိတယ် ဆိုရင် အခုအချိန်မှာ သူဟာ ငရဲကိုကျရောက် နေရမယ်။ စစ်သူကြီးဖြစ်စရာ အကြောင်းမရှိ ။ဒီလို ပြောဆိုပြီးတော့ ကဿပတက္ကတွန်းရဲ့ စကားကို ထောက်ခံ ပြောဆိုတယ်။

အလာတစစ်သူကြီး၏ အတိတ်အကြောင်း အမှန်က ဒီလိုပါ။ အလာတစစ်သူကြီးဟာ ကဿပဘုရားရှင် လက်ထက်တော်က မြတ်စွာဘုရားရှင်ရဲ့ စေတီတော်ကို အနေဇာပန်းကုံးတွေနဲ့ ပူဇော်ခဲ့ ဖူးတယ်။ ဒီလို ပူဇော်ခဲ့တဲ့ ကုသိုလ်ကံဟာ ဖုံးလွှမ်းနေခဲ့တယ်။ ဒါပေမဲ့ သံသရာထဲမှာလိုက်လာပြီးတော့ နွားတွေကို သတ်ဖြတ်တဲ့ သူတစ်ယောက် ဖြစ်လာတယ်။ အဲဒီ နွားသတ်သမား ဘဝကနေ ကွယ်လွန်ပြီးတော့မှ ကဿပ မြတ်စွာဘုရားရဲ့ စေတီတော်ကို ပူဇော်ခဲ့ဖူးတဲ့ ကုသိုလ်ကံသည် ဘဝခြားပြီး လာအကျိုးပေးခွင့် ရလာခဲ့တာ ။ ဒီ ကုသိုလ်ကံတွေကြောင့် စစ်သူကြီးမျိုးရိုးမှာ လာပြီး အလာတစစ်သူကြီး လာဖြစ်တာ။

ကဿပတက္ကတွန်းနဲ့ အလာတစစ်သူကြီးတို့ရဲ့စကားကို ကြားရတဲ့ ဗီဇကကျွန်ဟာ ရှိုက်ကြီးတငင် ငိုကျွေးတယ်။ မင်းကြီးက “ဘာကြောင့်ငိုတာလဲလို့” မေးမြန်းတော့

ဗီဇကကျွန်က ”သူဟာ ရှေးဘဝက သာကေတပြည်မှာ သီတင်းသီလ စောင့်ထိန်းတဲ့ ဘာဝ ဆိုတဲ့ သူဌေးကြီး ဖြစ်ခဲ့တဲ့အကြောင်း၊ ကောင်းမှုကုသိုလ်တွေကိုပဲ ပြုလုပ်ခဲ့ပြီးတော့ အကုသိုလ်ဖြစ်စေမယ့် မကောင်း မှုမှန်သမျှ မပြုလုပ်ခဲ့ကြောင်း၊ ဒါပေမဲ့လည်း ဘာဝသူဌေးဘဝက ကွယ်လွန်ပြီးတော့ မိတ္ထိလာပြည်မှာ အိုးထိန်းသည် ကျွန်မရဲ့သား လာဖြစ်ပြီး အခု ဆင်းဆင်းရဲရဲနဲ့ နေရတယ်” ဆိုပြီးပြောတယ်။

ဗီဇကကျွန်ရဲ့ အတိတ်အကြောင်း အမှန်ကလဲ ဒီလိုပါ။ ဗီဇကဟာ ကဿပဘုရားရှင် လက်ထက်မှာပဲ မထင်မရှားနဲ့ အမျိုးသားတစ်ယောက် လာဖြစ်တယ်။ သူ့မှာ နွားတွေလည်း ရှိတယ်။ တစ်နေ့ သူ့နွား ပျောက်တာနဲ့ တောထဲမှာ နွားကိုလိုက်ရှာနေတဲ့ အချိန်မှာပဲ တောထဲမှာ မျက်စိလည် လမ်းမှားနေတဲ့ ရဟန်းတော် တစ်ပါးကို တွေ့ရတယ်။ ရဟန်းက လမ်းမှန်ကို မေးတော့ နွားပျောက်ရှာတဲ့ ယောကျာ်းဟာ နွားကို ရှာမတွေ့ စိတ်ကလဲ ပင်ပင်ပန်းပန်းရှိတာနဲ့ စကားမပြောပဲ နေတယ်။ ရဟန်းကလည်း နောက်ထပ် မေးတယ်။ နွားပျောက် ယောကျာ်းဟာ ဒီတော့ ဒေါသထွက်ပြီး ”သင်ဟာ ကျွန်မသားရဟန်းလော၊ အလွန် နှုတ်ကြမ်းတယ်” ဆိုပြီး ကျွန်မသားဆိုတဲ့ ၀စီကံနဲ့ ပြစ်မှားခဲ့ ဖူးတယ်။ ဒီ မကောင်းမှုကံဟာ အကျိုးမပေးသေးဘဲ မီးခဲပြာဖုံး ဘဝနဲ့ နေပြီး။ အခြား အကျိုးပေးခွင့် ရတဲ့ ကံက နွားပျောက်ယောကျာ်းဘဝမက ကွယ်လွန်တော့ သာကေ မြို့မှာ ဘာဝ သူဋ္ဌေးကြီး ဖြစ်ခဲ့တယ်။

ထိုသူဌေးကြီးဟာ ကုသိုလ်ကောင်းမှု တွေအမြောက်အများ ပြုတယ်။ ဒီဘာဝသူဌေးကြီးဘဝက ကွယ်လွန်တော့ ဘာဝသူဌေးကြီးဘဝ က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေဟာ အကျိုးမပေးသေးဘဲ ကဿပ ဘုရားရှင်လက်ထက် နွားပျောက်ယောက်ျား ဘဝက ရဟန်းတစ်ပါးကို ပြစ်မှားခဲ့တဲ့ ၀စီကံ မကောင်းမှုက အခုမှ လာပြီးအကျိုးပေးတာ။ ဒီတော့ အိုးထိန်းသည်ကျွန်မရဲ့ သား ဗီဇကကျွန်အဖြစ်နဲ့ လာဖြစ်တော့တာ။ ဒီလိုဖြစ်တာ ကို ဗီဇက က သူ ဘာဝသူဌေးဘဝက ပြုခဲ့တဲ့ ကု သိုလ်ကောင်းမှုတွေကြောင့် ကျွန်ဖြစ်ရတယ်ဆိုပြီး ထင်ပြီးတော့ ကောင်းမှု၏ အကျိုးဆိုတာမရှိ လို့ဆိုတဲ့ ကဿပတက္ကတွန်းရဲ့ ယူဆချက်ကို ထောက်ခံတာ။

အင်္ဂတိမင်းကြီး ဟာ ကဿပတက္ကတွန်း ရဲ့ အယူ၊ အလာတစစ်သူကြီး ရဲ့ ထောက်ခံချက်၊ ဗီဇကကျွန် ရဲ့ ထောက်ခံချက်တွေကြောင့် အယူမှားသွားတယ်။

ဒါနဆိုတာ အကြွေးဆပ်ခြင်း တစ်မျိုး၊ သီလဆိုတာ အငတ်ခံခြင်း တစ်မျိုးဟု ဆိုပြီးအလှူမဏ္ဍပ်တွေကို ဖျက်ခိုင်းတယ်။

ဒီနေရာမှာ တကာကိုပြောလိုတာက အယူအဆတစ်ခု မှားယွင်းသွားပြီဆိုရင် သိပ်ကြောက်စရာ ကောင်းတာ။ ဒီမှားယွင်းတဲ့ အယူအဆတွေကြောင့်ပဲ လူမှုအဖွဲ့အစည်းတွေ လူမှုပတ်ဝန်းကျင် တွေက ကပြောင်းကပြန် တွေဖြစ်ကုန်ကျတော့တာ။ မှားယွင်းတဲ့ အယူဆ အဓမ္မဝါဒတွေကြောင့် လူ့လောကကြီးဟာလဲ ငြိမ်းချမ်း မှုမရနိုင်တော့ဘူး။

အင်္ဂတိမင်းကြီးမှာ ရုစာဒေဝီလို့ခေါ်တဲ့ သမီးတော်တစ်ပါး ရှိတယ်။ အင်္ဂတိမင်းကြီးရဲ့ သမီးတော်ဟာ အကျင့်သီလ ပြည့်စုံတယ်။ ဒါနပြုရာမှာလည်း မရောင့်ရဲနိုင်ဘူး။ မင်းကြီးဟာ သမီးတော် လှူဒါန်းနိုင်ရန် အတွက်ဆိုပြီး တစ်ပတ်မှာတစ်ကြိမ် ငွေအသပြာတစ်ထောင် ပေးတယ်။

ရုစာဒေဝီမင်းသမီးရဲ့ စိတ်ထဲမှာ အယူလွဲမှားနေတဲ့ သူ့ရဲ့ ခမည်းတော် မင်းကြီးကို လမ်းမှန်ရောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီးတော့သာ အမြဲ တွေးတောကြံစည်နေတာ။ တစ်ပတ်ပြည့်သောအခါ, ခါတိုင်းလိုပဲ ရုစာဒေဝီဟာ ခမည်းတော် မင်းကြီးထံ အသပြာတစ်ထောင် ယူရန် သွားခဲ့တယ်။

အင်္ဂတိမင်းကြီးဟာ သမီးတော် တောင်းတဲ့ အသပြာငွေတစ်ထောင်ကို အလွယ်တကူ ထုတ်မပေးသေးဘဲ ကဿပတက္ကတွန်းရဲ့ အယူဝါဒအတိုင်း လှုဒါန်းခြင်းဟာ အကျိုးမဲ့ဖြုန်းတီးပစ်တာဖြစ်ကြောင်း၊ သီလစောင့်ခြင်း ဟာလည်း အစာငတ် ဆင်းရဲခံတာပဲ ဖြစ်ကြောင်း၊ တမလွန်လောက ဆိုတာဟာ မရှိတဲ့အကြောင်း ပြောဆို နေပါတော့တယ်။

ခမည်းတော်မင်းကြီးရဲ့ စကားကိုကြားရတဲ့အခါ ရုစာဒေဝီဟာ ခမည်းတော်မင်းကြီးကို ပြောတယ် ” ခမည်းတော် လှေပေါ်မှာတင်တဲ့ဝန်ဟာ အနည်းငယ်ဆိုရင် မသိသာပေမဲ့ တဖြည်းဖြည်း ခဏ ခဏတင်ပါများရင် လှေဟာ ဝန်ပိပြီး သမုဒ္ဒရာမှာ နစ်မြုပ်သလိုပဲ လူမိုက်တွေလည်း မကောင်းမှု အနည်းငယ်ကို အကြောင်းပြုပြီးတော့ မကောင်းမှုတွေ တစ်စတစ်စ များလာမယ်ဆိုရင် ငရဲမှာနစ်တတ်ပါတယ်” စတဲ့ ဥပမာ ဥပမေယျ အမျိုးမျိုးပြပြီး တရား ဟောပါတော့တယ်။

ရုစာဒေဝီဟာ လွန်ခဲ့တဲ့ ခုနစ်ဘဝ၊ နောက်လာမယ့် ခုနစ်ဘဝတွေကိုမြင်တယ်။ ဒီဘဝတွေကို မင်းကြီးအား ပြောပြတယ်။

ရုစာဒေဝီမင်းသမီးရဲ့ ရှေးအတိတ် ( ၇ )ဘဝကတော့

၁။ ရာဇဂြိုဟ်ပြည်မှာ ရွှေပန်းထိမ်သည်ရဲ့သားဖြစ်တယ်။ အဲဒီဘဝမှာ မကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းပြီးသူများရဲ့ သားမယားတွေကို ကျုးလွန်ပြစ်မှား စော်ကားတဲ့ (ကာမေသုမိစ္ဆာစာရ) အကျင့်တွေကို ကျင့်တယ်။

၂။ ဒီ ပန်းထိမ်သည်ဘဝကနေ ကွယ်လွန်တော့ ဒီ မကောင်းမှုဟာ အကျိုးမပေးသေးဘဲ ဝံသတိုင်း၊ ကောသမ္ဗီပြည်မှာ ချမ်းသာတဲ့ သူဌေးသား သွားဖြစ်တယ်။ မိတ်ဆွေ သူငယ်ချင်းကောင်းတွေနဲ့ ပေါင်းမိပြီးတော့ ကုသိုလ်ကောင်းမှုအမြောက်များ ပြုဖြစ်တယ်။

၃။ ဒီ သူဌေးသားဘဝမကနေ ကွယ်လွန်တော့ သူဌေးသားဘဝက ပြုလုပ်ခဲ့သော ကုသိုလ်ကောင်း မှုဟာ အကျိုးမပေးသေးဘဲ ရွှေပန်းထိမ်သည်ဘဝက ပြုခဲ့တဲ့ မကောင်းမှုက အကျိုးပေးခွင့်ရပြီး ရောရုဝ ငရဲမှာ ကြာမြင့်စွာ ခံရတယ်။

၄။ ဒီ ရောရုဝ ငရဲကနေ ကွယ်လွန်တော့ ဘိန္နာဂတပြည်မှာ ဝှေးစေ့ထုတ်ခံရတဲ့ ဆိတ်ဖြစ်ပြန်တယ်။ ဒီလိုဝှေးစေ့ထုတ်ခံရတယ် ဆိုတာဟာ သူ့များမယားတွေကို ပြစ်မှားခဲ့တဲ့ မကောင်းမှုရဲ့ အကျိုး တွေပါပဲ တဲ့။

၅။ ဒီ ဆိတ်ဘဝက ကွယ်လွန်တော့ တောထဲမှာ မျောက်သွားဖြစ်တယ်။ မိခင်မျောက်ဟာ သားကလေးကို ဖခင်မျောက်ဆီကို ခေါ်ပြီး သွားပြတယ်။ ဖခင်မျောက်က သူ့သားကို ကြမ်းကြမ်းတမ်းတမ်း ဖက်တော့ သားငယ်မျောက် အော်တော့တာပေါ့။ ဒီလိုအော်တော့ ဖခင်မျောက်က သားမျောက်ရဲ့ ဝှေးစေ့ကို ကိုက်ထုတ်ပစ် လိုက်တယ်။ ဒီလို ဖြစ်ရတာဟာလည်း ရွှေပန်းထိမ်သားဘဝက သူ့များမယားကို ပြစ်မှားကျူး လွန်ခဲ့တဲ့ မကောင်းမှု၏ အကျိုးပါပဲ တဲ့။

၆။ အဲဒီ မျောက်ဘဝက ကွယ်လွန်ပြန်တော့ ဒဿနတိုင်း၌ ဝှေးစေ့ထုတ်ခံရတဲ့ နွားသွားဖြစ် ပြန်တယ်။

၇။ ဒီ နွားဘဝက ကွယ်လွန်ပြန်တော့ ၀ဇ္ဇိတိုင်းမှာ ရွာသူကြီးမျိုးရိုး ထဲမှာ လူသွားဖြစ်တယ်။ ဒါပေမဲ့ မိန်းမ မဟုတ်၊ ယောကျာ်း မဟုတ် နပုံးပဏ္ဍုတ် ဖြစ်ခဲ့ရတယ်။ ဒီလို ဖြစ်ရတာဆိုတာကလည်း ရွှေပန်းထိမ်သား ဘဝက သူများမယားကို ပြစ်မှားကျူးလွန်ခဲ့တဲ့ မကောင်းမှု၏ အကျိုးပါပဲ တဲ့။

ရုစာဒေဝီမင်းသမီးရဲ့ နောက် ( ၇ )ဘဝကတော့

၁။ ဒီ မိန်းမ မဟုတ်၊ ယောကျာ်းမဟုတ် နပုံးပဏ္ဍုတ် ဘဝက ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်၊ နန္ဒဝန်ဥယျာဉ်၌ သိကြားမင်းရဲ့ အလုပ်အကျွေးနတ်သမီး ဖြစ်လာတယ်။
(ဒီနတ်သမီးဘဝမှာ ရှေးခုနစ်ဘဝ၊ နောက်လာမည့် ခုနစ်ဘဝတွေကို မြင်တယ်။)

၂။ အဲဒီ နတ်သမီးဘဝက ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာပဲ နှစ်ကြိမ်မြောက် သိကြားမင်း ရဲ့အလုပ်အကျွေး နတ်သမီး ဖြစ်ပြန်တယ်။

၃+၄။ အဲဒီ နတ်သမီးဘဝက ကွယ်လွန်ပြန်တော့ တာဝတိံသာ နတ်ပြည်မှာပဲ တတိယအကြိမ်၊ စတုတ္ထအကြိမ် သိကြားမင်းရဲ့ အလုပ်အကျွေးနတ်သမီး ဖြစ်ပြန်တယ်။

၅။ စတုတ္ထအကြိမ် နတ်သမီးဘဝက ကွယ်လွန်ပြန်တော့ တာဝတိံသာနတ်ပြည်မှာပဲ ငါးကြိမ်မြောက် ဇဝနနတ်သားရဲ့ မိဖုရားကြီး နတ်သမီးဖြစ်ရတယ်။

၆။ ဒီပဉ္စမဘဝမှ ကွယ်လွန်ပြန်တော့ မိတ္ထိလာပြည်၊ အင်္ဂတိမင်းကြီး၏ သမီးတော် ရုစာဒေဝီ မင်းသမီး ဖြစ်လာတယ်။

၇။ ထိုရုစာဒေဝီ မင်းသမီးအဖြစ်မှ ကွယ်လွန်ရင် တာဝတိံသာနတ်ပြည်မှာ တန်ခိုးကြီးတဲ့နတ်သား ဖြစ်မယ်ဆိုတာကို မြင်တယ်။ ခုနစ်ကြိမ်မြောက်သော ဘဝရောက်မှ မိန်းမအဖြစ်မှ လွတ်မယ် လို့မြင်တယ်။

အဲဒီလို ဘဝတွေကို ခမည်းတော်မင်းကြီးကို ပြောပြတယ်။ ဒါပေမဲ့ ခမည်းတော်မင်းကြီးဟာ နောက်ဘဝဆိုတာကို မယုံဘူး။ ဒီတော့မှ ရုစာဒေဝီဟာ သူမနဲ့ ဖခင်တော်စပ်ခဲ့ဖူးတဲ့ နာရဒဗြဟ္မာကို ပင့်ဆောင် ရတော့တယ်။
နာရဒဗြဟ္မာဟာ ရသေ့အသွင်နဲ့ ရောက်လာတယ်။ အရောင်အဝါတွေ တောက်ပနေတဲ့ နာရဒရသေ့ကို မင်းကြီးမြင်တော့ အံ့သြပေမဲ့ လေးစားမှုကိုတော့ မပြဘူး။

မင်းကြီးက နာရဒရသေ့ကို “နောက်ဘဝရှိသလား”ဆိုပြီး မေးတယ်။
“နောက်ဘဝဆိုတာရှိတယ်” လို့ နာရဒရသေ့က ဖြေတယ်။ ဒီလိုဖြေတော့ အင်္ဂတိမင်းကြီးက ပြက်ရယ်ပြုပြီး “ဒီလိုဆိုရင် ငွေငါးရာကို ချေးပါ၊ နောက်ဘဝရောက်မှ တစ်ထောင်ပြန်ပေးမယ်” လို့ပြောတယ်။

နာရဒရသေ့က ”မင်းကြီး သင်ဟာ လွဲမှားနေတဲ့အယူနဲ့ သေရင် ငရဲမှာ ကျရောက် ခံစားရမယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပဲ။ ငရဲမှာ ခံနေရတဲ့ သင့်ထံမှာ ငွေတစ်ထောင်ကို ဘယ်သူ လာတောင်းနိုင်ပါ့မလဲ” ဒီလိုပြောပြီး မင်းကြီး၏ ယုံမှားသံသယများကို ဥပမာ၊ ဥပမေယျ တွေနဲ့ရှင်းပြတယ်။

ဤသို့ အယူမှားကို ပယ်ရှားစေရန် ဟောကြားပြီးနောက် မင်းကြီးအား သီလ၌ တည်စေသည်။ ရုဇာမင်းသမီးကိုလည်း များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်းသည်။ မင်း၊ မိဖုရား၊ မောင်မမိဿံတို့ကိုလည်း အဆုံးအမ ပေးသည်။ ထိုနောက် ပရိသတ်တို့ မြင်စဉ်ပင်လျှင် နာရဒဗြဟ္မာကြီးသည် ​ဗြဟ္မာပြည်သို့ ပြန်သွားလေသည်။

အင်္ဂတိမင်းကြီးဟာ သူ့ရဲ့မှားယွင်းမှုတွေက ကြီးနေတော့ သေရင် ငရဲရောက်မယ်လို့ နာရဒရသေ့ အဘိညာဉ်တန်ခိုးရှင်က အတိအကျ ပြောလာတော့ အရမ်းကြောက်သွားတယ်။

နောက်ဆုံး မင်းကြီးဟာ အယူတွေမှန်ပြီး ဒါန စတဲ့ ကုသိုလ်ကောင်းမှု တွေကို ပြန်ပြီး လုပ်ဆောင်တယ်။ သီလကိုလည်း ပြန်စောင့်ထိန်းတယ်။ အလှူမဏ္ဍပ်တွေကိုလည်း ပြန်ဆောက်လုပ်ပြီး နေ့စဉ်အလှူပေးတယ်။

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts